လွမ်းရင်းမေ့မည်၊ မဟုတ်သည်နှင့်
မှိုင်းရီညို့မဲ၊ မိုးလေထဲ၌
ခွဲခဲ့ရသည် ငါမှတ်မိ။
သူငယ်ချင်း...
မေ့ရင်းလွမ်းမည်၊ မဟုတ်သည်နှင့်
မျက်ရည်ဝေ့ဝဲ၊ ပြုံးကြဆဲ၌
ခွဲခဲ့ရသည် ငါမှတ်မိ။
ငါမမေ့ပြီ၊ ကာလရှည်လည်း
နေခြည်ရိုးရဲ၊ လေပြည်ထဲ၌
မခွဲခွာမီ-ပျော်ရသည်ကို...။
ငါမမေ့ပြီ၊ ကာလရှည်လည်း
ရေကြည်ခပ်ဆဲ၊ ပန်းခူးဆဲ၌
မခွဲခွာမီ-ပျော်ရသည်ကို...။
တံခါးတိုင်ကို
ကိုင်၍နှုတ်ဆက်၊ တို့ခွာထွက်သော်
ထိုနံနက်ခင်း-တဝင်းဝင်း။
လမ်း၏တကွေ့၊ နေ့တနေ့၌
မုန်း၍မခွဲ၊ ချစ်လျက်ခွဲကာ
ခွဲခဲ့ရပေ၊ တို့တတွေသည်
မိုးလေမလာ၊ မြဆည်းဆာတွင်
တခါပြန်၍ ဆုံပါစေ။
အရှေ့ကပူ၊ အနောက်ပူနှင့်
အပူများစွာ၊ ကြုံခဲ့ရာ၌
တို့မှာသတ္တိ၊ ရဲရဲငြိ၍
ရှိပြီးသည့်ခါ၊ မြဆည်းဆာတွင်
တခါပြန်၍ ဆုံပါစေ။
ကိုယ်စီကိုယ်င၊ မျိုးသစ်ချ၍
ချမ်းမြစည်ပင်၊ ကိုယ့်ဥယျာဥ်၌
ရွက်ရှင်ပွင့်စုံ၊ ဖူးဝေငုံလျက်
ဆုံခဲ့ပြီးကာ၊ မြဆည်းဆာတွင်
တခါပြန်၍ဆုံပါစေ။ ။
ပျဥ်းမနား မောင်နီသင်း (ဗဂျီအောင်စိုး)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment