Skip to main content

သမိုင်းထဲက ကမ္ဘာသုံးပါဠိသံ နှင့် မြန်မာပါဠိအသံ

မြန်မာနှစ် ၁၀၀၀-ပြည့် နှစ်ဦး ကဆုန်လပြည့်နေ့ ညောင်ရမ်းခေတ် သာလွန်မင်းတြားကြီး လက်ထက်တွင် မင်းလေးဆက်တိုင် ပျောက်ဆုံးနေသော စက်တော်ရာ နှစ်ဆူကို ပထမတောင်ဖီလာ ဆရာတော်ကြီး အပါအဝင် ဆရာတော်ကြီး လေးပါး ဦးဆောင်၍ သံဃာတော် တကျိပ်နှစ်ပါးတို့ စတင် ရှာဖွေ ထွက်ကြလေသည်။
(ထိုစက်တော်ရာ သွားပြန် တောလားကို ရေးတင်ပြီး။
ဦးဗုဓ်- 
https://www.facebook.com/1877881868908411/posts/2710997422263514/)
ထိုသို့ တောနင်းလိုက်ရှာ၍ မတွေ့သေးမီ တညတွင် တောင်ဖီလာ ဆရာတော်ကြီးသည် ညဉ့်နက်သည့် တိုင်အောင် ပဋ္ဌာန်းကျမ်းကို သရဇ္ဈာယ်၍ ကျိန်းစက်တော်မူရာ အိပ်မက်မြင်လေသည်။
အိပ်မက်တွင်- `လူတဦးသည် လှံကိုင်၍ ခွေးနက်တကောင် နှင့်အတူ ဆရာတော်ထံ ရောက်လာပြီး ဤတောအတွင်း မည်သည့်ကိစ္စဖြင့် ရောက်လာကြသနည်း ဟု မေးလေ၏။ ဆရာတော်ကြီးက ပျောက်ဆုံးနေသော ရွှေစက်တော်ကို လာရှာပါသည်ဟု ပြန်မိန့်ရာ ခွေးကို လက်ညိုးထိုး၍ ရွှေစက်တော်ကို ဖူးချင်လျှင် ခွေးနက်ကြီးနောက် လိုက်သွားရန် ညွှန်ပြသည်´ ဟု အိပ်မက် မက်လေသည်။
နောက်တနေ့တွင် ခွေးနက်ကြီးကို တွေ့၍ လိုက်သွားလေရာ လူတဦးနှင့် တွေ့လေသည်။ စက်တော်ရာ ရှာကြကြောင်း ပြောပြသော် ကျီးကန်းတကောင် မြည်နေသော တောင်ထိပ်တခုကို ညွှန်ပြပြန်လေ၏။
တောင်ထိပ်သို့ တက်ကြည့်ကြသော် အထက်စက်တော်ရာကို ဖူးတွေ့ကြရလေ၏။
ထိုညဉ့်အခါ တောင်ဖီလာ ဆရာတော်က ပဋ္ဌာန်းကျမ်းကို သရဇ္ဈာယ်သော် တောစောင့်နတ် တောင်စောင့်နတ်တို့က သာဓု ခေါ်ကြလေသည်။
သာဓုခေါ်သော နတ်တပါးကို မည်သူနည်းဟု မေးလေရာ သောတာပန်နတ် ဖြစ်ကြောင်း, ဘုရာရှင် ပဋ္ဌာန်းတရားဟောသည်ကို နာဖူးကြောင်း လျှောက်ထားလေသည်။
ထိုအခါ တောင်ဖီလာ ဆရာတော်က ပဋ္ဌာန်းကျမ်းကို မိမိရွတ်ဖတ်သည်နှင့် ဘုရားရှင် ရွတ်ဖတ်သည်မှာ တူမတူ မေးလေ၏။
သောတာပန် နတ်သားက နံသော ငါးပိကို ပေါက်ဖက်နှင့် အထပ်ထပ် ထုပ်၍နမ်းလျှင် အပေါ်ဆုံး ပေါက်ဖက်နံ့နှင့် တူပါသည်´ ဟု လျှောက်လေ၏။
ထိုအခါ ဆရာတော်က `ငါသည် ပဋ္ဌာန်းတရား၌ အလွန်ကြည်ညို သောကြောင့် အလွန်သတိ ဝီရိယ ထားလျက် ရွတ်ဖတ်ပါသည်။ ချွတ်ယွင်းချေသော် ငါ့ဦးခေါင်း မိုးကြိုးစက် ထိပါစေ´ ဟု (ကျိန်) ဆိုလေသည်။
ထိုအခါမှ သောတာပန်နတ်သားက- အရှင်ဘုရား ရွတ်ဖတ်သည်မှာ မှန်ပါသည်။ ဝီရိယ တိုးပွါးအောင်သာ ဆိုပါသည်ဟု ဆို၍ ပျောက်ကွယ်သွား၏။
ဤစကားတွင်… ရှေးဆရာတော်ကြီးများ အဆုံးအဖြတ်အရ- တောင်ဖီလာ ဆရာတော် မိန့်သည်လည်း မှန်ပါသည်။ သောတာပန် နတ်သား လျှောက်သည်လည်း မှန်ပါသည်။
တော်ဖီလာ ဆရာတော်သည် ဌာန်,ကရိုင်း, ပယတ် မမှားဘဲ ရွတ်ဖတ်ခြင်း ဖြစ်၍ မှန်ပါသည်။ (ကမ္မဝါ ရွတ်သကဲ့သို့)
သို့သော် မဂဓတိုင်းသား များကဲ့သို့ မဂဓသံ မပီသသောကြောင့် သောတာပန်နတ်သားက အပြင်ဆုံး ပေါက်ဖက်နံ့နှင့် ဥပမာပေးသည် ဟု ယူကြလေသည်။
Ps-
မဟာစည်ဆတော်ကြီးကို ဆတော်ကြီးတပါးက `မြန်မာပါဠိသံသာ မှန်သည်' ဟု လျှောက်သည် ဆိုသောစကားမှာ ဆတော်ကြီး၏ အခြားသော စာပေများပါ လေသံများနှင့် ယှဉ်ကြည့်ပါက (အတိအကျ မဆိုဝံ့သော်လည်း) သဘာဝမကျဟု ခံစားရပါသည်။ (ရှေးစာကဗျာများ)
photo- မဟာသုတဒီပနီ
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ