ဗေဒါလမ်း (၁)
မယ့်လမ်းပါလား
ပန်းနီလာ၊ ဗေဒါ ဆင်သလို့
ယဉ်လှတယ်လေး…။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ
တန်းစီလို့လေး… ။
အိုအချင်း ကျူရိုးရှင်…
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်မယ်ပြင်
စံပယ်လှ ပွင့်ဖြူစင်၊ ကမ်းခွင်က ငယ်ကျွမ်း
သူ့လိပ်ပြာ ခြံအရံနဲ့
သူစံရာ သူပျော်မွေ့၊ပြေးတွေ့ချင်စမ်း တဲ့…။
တွေ့ချင်တဲ့စေတနာရယ်…
ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့
အေးချိုလှတယ် …။
လိပ်ပြာကဝတ်ရည်သယ်၊ စံပယ်က မအား
ပွင့်ဖူး တဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား…။
အိုအချင်း ကျူရိုးရှင်…
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင်၊ ပျိုခင်ရဲ့အနွဲ့
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုံ့ပုန်းကို၊ ပြုံးကြည့်ချင်ငဲ့တဲ့…။
ကြည့်ချင်တဲ့စေတနာရယ်
သနားဘွယ် ချစ်ဘွယ်တေးပေမို့
အေးချိုလှတယ်
ချစ်စနိုးရယ်နဲ့
မြစ်ရိုးကအပြာချယ်ကို
ပျို့နယ်လိုက်လေမလား…
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား…။
အိုအချင်း ကျူရိုးရှင်…
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်
ထီးတော်ကတချွင်ချွင်၊ ကွင်းပြင်ကဘုရား
နေမင်းညိုချိန်တန်ပေါ့
နိဗ္ဗာန်ကိုစိတ်ကြံကူး၊ ဖူးချင်လျက်သားတဲ့…။
ဖူးချင်တဲ့စေတနာရယ်
နိဗ္ဗိန္ဒာ ဂီတတေးပေမို့၊ အေးချိုလှတယ်
ကျွတ်ဆုကိုရွယ်၊ လွယ်ပါတော့အရ
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းသာပါ့…။
ချောင်းရေကဖောင်၊ တောင်လေကသွေး
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်
အားစိုက်ပါလေး…။ ။
ဗေဒါလမ်း(၂)
မယ့်လမ်းပါတဲ့
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
စံပယ်ကို ယိုးမယ်ဖွဲ့ ကမ်းကပ်ချင်ခဲ့…။
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
ပျိုမယ်ကို ယိုးမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့…။
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
စေတီငယ် ယိုးမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့…။
လင်းယဉ်နွဲ့ တချီချီ
ကျူရိုးရှင် သူ့စကား၊ နားကျခဲ့ပြီ
ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီပြာလဲ့
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့…။ ။
ဗေဒါလမ်း(၃)
ဘယ်ရွာဆိပ်ကမ်း
ချောင်းပြင်မှာ စီတန်းလို့
ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ
ကမ်းကွေ့မှာ ခွေ၊ ကမ်းပြေတော့ စင်း
သည်ချောင်းရေ လေမခတ်တယ်
စီးတတ်လေခြင်း…။
ကျူရိုးရှင် ပီပီမှုတ်လို့
ဘုတ်မကို သူကပြိုင်၊ ချောင်းစပ်မှာထိုင်
ဘုတ်မက တိုင်၊ ကျူတိုင်ကအေး
ရေစီးနဲ့လာ၊ ရေသာမှာပြန်လို့မြန်းတဲ့
မဗေဒါစုန်ဆန်လမ်းကို၊ လွမ်းတယ်တဲ့လေး…။
စုန်ပါတဲ့ဆန်ပါ
ကျူရိုးရှင် ပီပီကလေးနဲ့၊ တေးချိုလို့သာ
ဘယ်မြို့ကလာ၊ ဘယ်ရွာဆိပ်ကမ်း
အပွင့်အပြာရောင်နဲ့
ဘယ်သောင်မှာ နေချိုအေးလျှင်၊
မှေးအိပ်မယ်မှန်း…။ ။
ဗေဒါလမ်း(၄)
မှန်းဖို့လိုဘဲ
မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ
နေအိပ်လိုဘဲ …။
ဒီတက်လျင်ပျော်
ဗေဒါမော် ရေကျော်ဆိုက်အောင်
ဆန်လိုက်သည်ဘဲ …။
မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ၊ ဘယ်ရေဆိပ်မှာမှ
နေအိပ်လိုဘဲ …။
ဒီကျလျင်ရွှင်
ဗေဒါခင် ပင်လယ်ဆိုက်အောင်
စုန်လိုက်သည်ဘဲ …။
ဘုတ်မက အီ၊ ပီပီက သံမစဲ
မဗေဒါ စုန်ဆန်လမ်းကို၊ မှန်းဖို့လိုဘဲ …။ ။
ဗေဒါလမ်း(၅)
တက်ချိန်နှင့်ကျချိန်
ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး
ကမ်းစပ်ကိုကြဉ်
ကွင်းပြင်ကို စားကျက်ပြောင်းကြပေါ့
ချောင်းအောက်ခွင် ပင်လယ်ဝမှာ
ဒီကြွပြီလေး…။
ကဏန်းမ ရွှံ့စိုစို၊ တကိုယ်လုံး နီထွေး
တွင်းဝ လတာပြင်က
ခရာပြင် တွယ်ကာတက်လေပေါ့
တောင်တခွင် ပင်လယ်စွန်းမှာ
ဒီတွန်းပြီလေး…။
ပုစဉ်းကောင်၊ အတောင်ကငွေမှေး
ကမ်းစပ် ကျူတရုံက
သူမလုံ၊ သူခုန်ထွက်လေပေါ့
ဒီတက်ပြီလေး…။
ဒီတက်ချိန်တန်၊ ဆန်လာပေါ့ ဗေဒါပန်း
ကျူရိုးရှင် ကျူတံတီး၊ ဆီးကြိုလို့လွမ်း…။
ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး
ကမ်းစပ်မှာငိုင်
သူ့လည်တိုင် စွေတစောင်းနဲ့
ရေတံငါ အစာချောင်းပြန်ပေါ့
ဒီညောင်းပြီလေး…။
ကဏန်းမ ရွှံ့စိုစို၊ တကိုယ်လုံးနီထွေး
လက်မ တထောင်ထောင်နဲ့
တွင်းဘောင်မှာ မင်းယောင်ခင်းပြန်ပေါ့
ဒီဆင်းပြီလေး…။
ပုစဉ်းကောင်၊ အတောင်ကငွေမှေး
ကျူရုံမှာ သူလှုံခ ပြန်ပေါ့
ဒီကျပြီလေး…။
ဒီကျချိန်တန်
စုန်ပြန်ပေါ့ ဗေဒါပန်း
ကျူရိုးရှင်၊ ကျူပင်ရွက်နဲ့
ခွန်းဆက်လို့လွမ်း…။ ။
ဗေဒါလမ်း(၆)
ရဲခဲ့သည်ပါ့
မြစ်တန်းမှာတဲ့ လေကြမ်းဆင်
ထန်လိုက်လေ လေမုန်တိုင်း
လှိုင်းကဘောင်ဘင်
တလှိုင်းထွက် တလှိုင်းဝင် ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မုန်တိုင်းလေ ရေတရိုးမှာ၊ စိုးရွံ့မှာဘဲ …။
မြစ်ရိုးမှာတဲ့ မိုးသက်ဆင်
လျှပ်ကြိုးပျံ မိုးသံထစ်၊ မိုးစစ်ဘုရင်
မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မိုးသက်လေ ရေတရိုးမှာ၊ စိုးရွံ့မှာဘဲ …။
စိုးမရွံ့တွန့်မတုန်
မိုးနှင့်လေ ရေရှုပ်ထွေး၊ ရွေးမျှ မဖြုံ
ဆန်လိုက်ပြန်တုန်၊ စုန်လိုက်ပြန်ရ
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင် သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့……။ ။
ဗေဒါလမ်း(၇)
တေးစုံနဲ့ဘဲ
တီတာတာ
ကညာ မေဘုတ်က၊ ရွှေနှုတ်ချိုသွေး
ကျူရိုးရှင် ပီပီနွဲ့၊ လွမ်းမယ်ဘွဲ့တေး…။
ပဒေသာ
ထေရ်ဝါရည်စူးလို့၊ လှေဦးမှာ လေး
ကျူရိုးရှင် ပီပီနှော၊ စည်ဗြောသံတေး…။
သောင်အခြေ
ခေါင်ရေ လေမြူးတော့၊ ရေရူးတွေ ဖွေး
ကျူရိုးရှင် ပီပီဟိန်း၊ ဗိန်းဗောင်းသံတေး…။
အကောင်သေ
တောင်လေရေတက်တော့၊ ရေယက်နဲ့ထွေး
ကျူရိုးရှင် ပီပီကြွေး၊ ငိုချင်းသံ တေး…။
တက်မကူ
ရွက်ဖြူ ပူဖောင်းနဲ့၊ လှေလောင်းကိုယ်လေး
ကျူရိုးရှင် ပီပီပျိုး၊ ဘွဲ့ကြိုးသံတေး…။
ပြူ့တပြူ
မြေငူ ဓနိကျွန်း၊ သောင်ထွန်းပြီလေး
ကျူရိုးရှင် ပီပီနော့၊ သားချော့သံတေး
တေးမျိုးရယ်စုံ၊ ကုန်နိုင်ပါလေဘဲ
မဗေဒါ စုန်ဆန်မြဲ၊ တေးစုံနဲ့ဘဲ…။ ။
ဗေဒါလမ်း(၈)
မျောလျက်သာဘဲ
လေပြင်းငယ်ပွေ၊ လေပြေလျင် လည်း
ချောင်းကျယ် ဘယ်မငြင်း
ချောင်းကျဉ်းလျှင် လည်း…။
နေပူတုန်း ခါ၊ မိုးရွာလျှင် လည်း၊
လသာသာ ပျိုအိုကြိုက်၊ လမိုက်လျှင်လည်း…။
အဖော်ငယ်စုံ၊ ဖော်မစုံလျှင်လည်း၊
ပွင့်ဖူးငုံ အကုန်လန်း၊ နွမ်းနယ်လျက် လည်း…။
စုန်ပြန်ရ အဖန်ဖန်
ဆန်ပြန်ရ တလဲလဲ
မဗေဒါ ဒီရေကြောမှာ … မျောလျက်သာဘဲ … ။ ။
ဗေဒါလမ်း(၉)
စုန်ဆန်ရတရား
ပန်းပါဘိ၊ ဗေဒါဆွေ…
ကျူရိုးရှင် ပီပီကလေး၊ တေးသံက ဝေ
စုန်ဆန်ရ တပေပေ၊ ဒီရေနယ် တကျေး
ဒီချောင်းရေ ဗေဒါလမ်း၊ ပန်းဖွယ်တဲ့လေး…။
အိုအချင်း ကျူရိုးရှင်…
နေသာမှာ ရွာရဟန်း၊ ဆွမ်းခံကြွ၀င်
ထန်းတဖျား နေကိုမြင်၊ ရွာပြင်က တံတား
ဆွမ်းခံပြန် ရွာကိုရှား၊ နေ့တိုင်းပါလား…။
အိုအချင်း ကျူရိုးရှင်…
ဟင်းရွက်စုံ နှစ်ပုံထပ်၊ လောင်းစပ်မှာတင်
စျေးသမား မယားလင်
တရွာဝင် တရွာသွား
အိမ်အပြန်ပုစွန်ငါး၊ နေ့တိုင်းပါလား…။
ဒီတက်တော့ သူထက်သန်
ဒီကျလျှင် သူရွှင်လန်း၊ တန်းစီလို့ပြန်
အလဲလဲ အဖန်ဖန်၊ စုန်ဆန်ရတရား
ဗေဒါဆွေ ဒီရေသွား၊ မြင်ထားလို့လား…။
ဗေဒါလမ်း(၁၀)
ပန်းပန်လျက်ဘဲ
ညိုပြာပြာ လတာပြင့် ခြေရင်း၊
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း…။
ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး…။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုန်းလိုက်ပြန်ပါ
မြုပ်လေပေါ့၊ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ…။
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ်၊ မြောင်းငယ်ထဲက
ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ
မဗေဒါက တပင်ထဲ (တည်း)
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ဘဲ …။ ။
ဗေဒါလမ်း(၁၁)
တွေးမိပါစ
ဗေဒါတဲ့ ဗေဒါ
ဒီချောင်းမှာ အမည်မွှေး၊ အေးငြိမ်းသာယာ…။
မွှေးသမျှပြန်တရာ၊ ခံစရာအရေး
အတိုက်ခံနိုင်မှ၊ အမွှေ့ခံနိုင်မှ
ထိုးဝါးကိုင် ဒီဆိုင်ဝဲတဲ့
ရွှေဘဲရန် စုန်ဆန်လမ်းမှာ
ရမ်းတတ်တယ်လေး…။
မွှေးမှလည်း မဟုတ်ပါ
ရိုးသံရှင် ဘဲ ့တင်ထပ်၊ ချောင်းရပ် ဧရာ
စုန်ဆန်ရ လမ်းတကာမှာ၊ လမ်းမသာ ရှာကြ
တစိုက်စိုက်ကယ်နဲ့
အတိုက်ကို အကြိုတွေ့ပါလို့
အမွှေ့ဒဏ် ခံနေကျ၊ တွေးမိပါစ…။ ။
ဗေဒါလမ်း(၁၂)
စိုင်းဦးမှာလား
ပင်လယ်ဝဆီက
ဒီတက်စလှိုင်းဘောင်ဘင်
မဗေဒါတဟုန်ထိုး၊ ချောင်းရိုးကိုဝင်
မိုးမမြင် လေမမြင်၊ ပန်းဆန်ချင်လေတိုင်း
ရေထဦးပေမို့
စိတ်ကူးယဉ် ယဉ်လေတိုင်း၊ ပန်းထင်ရာစိုင်း…။
အထက်ချောင်းကျတော့
ဒီညောင်းစ ချောင်းရေသာ
မဗေဒါ ကိုယ်ရှိန်သတ်၊ လှမ်းတတ်နိုင်ပါ
စိုင်းခဲ့တဲ့ ခရီးတာမှာ၊ သာနာစုံပုံခဲ့
ရေသင်ဖြူးပေမို့
ပွင့်ဖူးစုံငုံတံနဲ့၊ ပန်းမူရာနွဲ့
ပန်းအလှ မဗေဒါ တဲ့…။
ကျူရိုးရှင်ပီပီကလေး၊ တေးသံကသာ
ပင်လယ်ဝဆီက
ဒီရေကျ ခွန်းစလာ၊ လွမ်းစရာပါတကား
မိုးမမြင် လေမမြင်နဲ့
ထီမထင် စုန်ချင်တိုင်း၊ စိုင်းဦးမှာလား…။ ။
ဗေဒါလမ်း(၁၃)
ဆိုင်ခင်းလျက်ဘဲ
အညာလှေ…
အညာမြေ ကုန်ရောင်းဖို့၊ ဒီချောင်းမှာ နား
ထန်းလျက်ခဲရယ်နဲ့
ဘဲ မျိုးစုံ ကြုံလေခိုက်၊ ဝယ်လိုက်ပါလား တဲ့။
တံငါလှေ…
တံငါမြေ ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား
ပုစွန်ကျားရယ်နဲ့
ငါးမျိုးစုံ ကြုံလေခိုက်၊ ဝယ်လိုက်ပါလား တဲ့။
ကမ်းစပ်မှာ မြှောင်
အိုးဖောင်ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား
ရာဝင်အိုးရယ်နဲ့
အိုးမျိုးစုံကြုံလေခိုက်၊ ဝယ်လိုက်ပါလား တဲ့။
ကမ်းစပ်မှာမြှောင်
ဝါးဖောင် ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား
ခယင်ဝါးရယ်နဲ့
ဝါးမျိုးစုံ ကြုံလေခိုက်၊ ဝယ်လိုက်ပါလား တဲ့။
ဒီလမ်းက ပန်းဗေဒါ
ဆန်ရေစုန်ရေနဲ့
ထုံပေပေသူမနား၊ သွားရခါခါ
ပါပါစ ရောင်းစရာ၊ ပါရှာဘု သူတို့နည်း
အပြာမှာ အဝါကွက်ကယ်နဲ့
အတက်မှာသူရွှင်ပျပေမဲ့
ကျလည်းလေ သူမငြင်းရှာဘု
ဒီချောင်းရေ ကောက်ကစင်းမှာ
ဆိုင်ခင်းလျက်ဘဲ …။ ။
ဗေဒါလမ်း(၁၄)
ချောင်းရဲ့အလှ
ကျူရိုးရှင် မနေတတ်လို့
ရေစပ်ကိုတဲ့ ဆင်းလို့လာ
မဗေဒါစုန်ဆန်မျော၊ မောတဲ့နေရာ
ကျူရိုးရှင် ဝါသနာ၊ ကဗျာနွဲ့ချိုတေး
ဆန်မကုန် စုန်မခန်းမှာ၊ ပန်းရှာလိမ့်လေး တဲ့…။
အိုအချင်း မင်းပီပီ
ရေပြည့်မှာ ဗေဒါပန်း၊ ကမ်းနဲ့အညီ
ဆန်လိုက်ကြ စီရရီ၊ တချီချီ တကြွကွ
တက်ရေမှာ မြင်နေကြ၊ ချောင်းရဲ့အလှ…။
အိုအချင်း ပီပီငယ်
ရေကျမှာ ဗေဒါပန်း၊ ကမ်းရပ်ကို ဖယ်
ဝဲယာမှာ လတာကျယ်၊ အလယ်မှာ ဗေဒါမ
သက်ရေမှာ မြင်နေကျ၊ ချောင်းရဲ့အလှ…။
တက်ရေနဲ့ သက်ရေနယ်
ဆန်မကုန် စုန်မဆုံး၊ လုံးပတ်ချာလည်
ဗေဒါမ ခရီးသည်၊ ပန်းရှာမယ်ဆိုရလည်း
ဒီချောင်းမှာ အလှဖွား၊ ပွားခဲ့ပြီဘဲ …။ ။
ဗေဒါလမ်း(၁၅)
သူ့လမ်းစဉ်
ကမ်းစပ်ကိုမင်
လမုပင် အခြေကြီးနဲ့၊ အသီးတွေဖြိုး
ကမ်းခြေကို ဒီရေတိုး၊ ပြိုလဲမှာစိုး…။
ကမ်းစပ်ကိုမင်
ဓနိပင် ယိုင်ငိုက်လို့၊ ခိုင်လိုက်ကယ်ဖြိုး
ဓနိခိုင် အလက်ထဲက၊ ခွဲရမှာစိုး…။
ကမ်းစပ်ကိုမင်
လတာပြင် ငဖျံလူးလို့၊ ပျော်မြူးကြရိုး
ဒီတက်လျင် လတာနုန်း၊ ဒီဖုံးမှာစိုး…။
စိုးပါဘု သူ့မူရာ
ချောင်းတခွင် ပင်လယ်ဝက၊ ပန်းလှဗေဒါ
ဆန်တက်ချိန်မှာ၊ ဆန်လာနိုင်ပါဘိ
စုန်ဆင်းချိန်မှာ၊ စုန်လာနိုင်ပါဘိ
သူ့လမ်းစဉ် သူမြင်ရဲ၊ သူစွဲတတ်ဘိ…။ ။
ဗေဒါလမ်း(၁၆)
ချောင်းလှဖို့ကို
ဒီချောင်းမှာသာ၊ ကြာပါပေါ့လား
မဗေဒါပြာနွဲ့နှောင်းငဲ့
ချောင်းတန်တန် ရေငန်ရပ်မှာ စွဲတတ်နိုင်အား…။
သူ့စိတ်နဲ့သူ့ကိုယ်
ချောင်းတခွင်မြင်သမျှ ချောင်းလှဖို့ကို
ဘုတ်မက ချိုချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်…။
သူ့လမ်းနဲ့သူ့အမြင်
ချောင်းဒီရေနေသမျှ၊ ချောင်းလှဖို့ပင်
ချောင်းဖျားက ထက်တခွင်
ပင်လယ်က အောက်တလွှား
စုန်ချည် ဆန်ချည်နဲ့
တလှည့်စီ ဒီသဘော၊ မျောကြမနား…။
ဒီချောင်းမှာသာ၊ ကြာချင်လှလေး
ကျူရိုးမောင် ရွှေသျှောင်စောင်းငဲ့
ချောင်းတန်တန် ရေငန်ထဲ၊ စွဲချင်လှလေး…။ ။
ဗေဒါလမ်း(၁၇)
ဗေဒါနှင့် ကျူပင်
မဗေဒါ၊ ဆန်လာပေါ့ အပြင်း
ချောင်းကျယ်ကျယ် အလယ်ကျွန်း
ရေမွန်းလိုက်ရင်း…။
ဗေဒါဆွေ၊ စုန်ရေနဲ့ပြန်ဆင်း
ချောင်းကျယ်ကျယ် အလယ်ကျွန်း
သောင်ထွန်းလိုက်ရင်း…။
မဗေဒါ၊ ဆန်လာပေါ့ အတင်း
နုန်းနှစ်လတာပြင်က
ညောင်ညိုပင် မြစ်ပါးပျဉ်း
ပုန်းရပြန်ရင်း…။
ဗေဒါဆွေ၊ စုန်ရေနဲ့ပြန်ဆင်း
နုန်းနှစ်လတာပြင်က
ညောင်ညိုပင်မြစ်ပါးပျဉ်း
ခေါင်းဖော်လိုက်ရင်း…။
ကျူပင်ရိုးမှာတော့ ယိမ်းထိုးရ တခါခါ
မဗေဒါ စုန်ဆန်မျော၊ မောတဲ့နေရာ
လွှဲလိုက်ရ ဘယ်နဲ့ညာ၊ ရိုးတံညှာ ရွက်စိမ်း
မနိုင့်တနိုင်နဲ့
ယိုင့်တယိုင် ဒီရေစီးကို၊ သည်းခံလို့ယိမ်း…။ ။
ဗေဒါလမ်း(၁၈)
ပွင့်ဖူးတံချီ
အပြာမှာ အဝါကွက်ကယ်နဲ့
ဝိုင်းစက်စက်ရွက်ငယ်ရှင်
မဗေဒါ ပင်လယ်အောက်က
ချောင်းပေါက်ကိုဝင်
ချောင်းတလျှောက် မယ့်လမ်းစဉ်
ယဉ်ပေစွတကား…။
ဗေဒါဆွေ ဒီရေထဲမှာ၊ ရဲပေစွတကား…။
ရေဆိပ်မှာတဲ့ ညံစီစီ
ပျိုလေးတွေလက်တကမ်း၊ ပန်းဆန်ခဲ့ပြီ
လှမ်းကြပေါ့ မီ့တမီ၊ ကံသီလို့ တကတဲ
ဗေဒါပျံ ကံကကြီး၊ ရေစီးကြောင့်လွဲ…။
ခရုပတ်ဝဲငယ်ငယ်
ဗေဒါဆွေ ဒီရေကွေ့မှာ၊ ပြေးတွေ့ရတယ်
မဖြစ်လို့ နှစ်တွယ်တွယ်၊ ဝဲလယ်ကအနွဲ့
မဗေဒါ ပတ်ချာလှည့်၊ လွှဲထွက်နိုင်ခဲ့…။
လောင်းစပ်က ခပ်တက်ပြင်
ရေဆန်မှာ စုန်မဆိုင်း၊ လှိုင်းယက်ပန်ဆင်
လှေဦးကဘီလူးဝင်၊ လျင်နိုင်မှ လွတ်မြဲ
ဗေဒါပျံ လှေနံယိမ်း၊ တိမ်းခဲ့သည်ဘဲ…။
ချောင်းဖျားက ငါး ငါးဖျံ
လတာရောင် အကောင်သေး၊ မှေးလိုက်ခဲ့ပြန်
ဗေဒါကဖောင်သဏ္ဍာန်၊ ငါးပျံကဖောင်စီး
ပြာဝါရောင် ဘယ်မညှိုး၊ ပိုးခဲ့မညည်း…။
တက်ရေမှာဆန်၊ ကျပြန်တော့ စုန်ဆင်း
ပွင့်ဖူးတံ တချီချီနဲ့
ဗေဒါရီ ဒီရေကြောမှာ၊ မျောတတ်လေခြင်း…။ ။
ဗေဒါလမ်း(၁၉)
ချောင်းတခွင်
ပွင့်ဖူးတံချီ၊ ဗေဒါရီတမိ
ချောင်းတခွင်သူဆန်သွား၊ ချောင်းဖျားအထိ…။
တရွာကိုကျော်၊ တခေါ်လောက်စခန်း
မဗေဒါ ဆန်တဲ့ချောင်း၊ ကျောင်းနဲ့ နတ်လမ်း…။
နတ်လမ်းကိုကျော်၊ တခေါ်လောက်စခန်း
မဗေဒါ ယာဘက်ဘေး၊ တဲလေးအိမ်တန်း…။
လေးအိမ်ကိုကျော်၊ တခေါ်လောက်စခန်း
မဗေဒါ မယ့်လက်ဝဲ၊ ကျွဲစားကျက်တန်း…။
စားကျက်ကိုကျော်၊ တခေါ်လောက်စခန်း
မဗေဒါ ဝဲယာလိုက်၊ တောဗျိုက်ဖြူတန်း…။
ဗျိုက်တောကိုကျော်၊ တခေါ်လောက်စခန်း
မဗေဒါပတ်ချာဝိုင်း၊ ကိုင်းမြက်ရှည်တန်း…။
ရောက်ပြန်လျင်ပျော်၊ ကျော်ပြန်တော့ သူလွမ်း
ရောက်တိုင်းတပျော်ပျော်နဲ့
ကျော်တိုင်းသာ သူ့မှာလွမ်း ချောင်း ဗေဒါလမ်း…။ ။
ဗေဒါလမ်း(၂၀)
တင်းရပုံဘဲ
ဖူးတံကညိုတိုတို
စုန်ရေဆန်ရေနဲ့
ဗေဒါဆွေရေအလှ၊ ချောင်းမတခို
ရေငန်နဲ့ရေချို၊ ဥဒဟိုမစဲ
နေ့မရှောင် ညမအား၊ နားရရှာဘဲ…။
နားချင်လို့ ခါတရံ
မဗေဒါ ရွာသူ့ပန်းပေမို့၊ ကမ်းကပ်မဲ့ကြံ
အစုန်မှာကပ်ရပြန်၊ အဆန်မှာ ခွာရမြဲ
အဆန်မှာ ကပ်လျင်လည်း၊ စုန်ဆင်းတော့ ခွဲ…။
ကပ်ပြန်ရ ဝမ်းမသာ၊ ခွာပြန်ရ ဝမ်းမနည်း
မဗေဒါ စုန်ဆန်ရင်း၊ တင်းရပုံဘဲ…။ ။
ဗေဒါလမ်း (၂၁)
လှလိုက်မှာဘဲ
ဘုတ်မကအီ၊ ဒီရေကျတေး
မဗေဒါ မယ့်ဒုံရင်း၊ ဆင်းချိန်မို့လေး…။
ဆင်းမယ့်လော့ မဗေဒါ တဲ့
ကျူရိုးရှင် ပီပီကလေး၊ တေးသံကသာ…။
ရေထဦးဆီက
အဖူးနဲ့ အငုံဟာ ပွင့်ပါပေါ့ခုများ
ပွင့်ပြာမှာဝါလဲ့ဝင်းမှ၊ ဆင်းရမယ်လား…။
အိုအချင်းကျူရိုးရှင်
စုန်ချည် ဆန်ချည်နဲ့
တပြန်စီ ဒီတရား၊ ကြားပါစရှင်
တက်ချိန်ကျတက်ခဲ့လျင်၊ ဆင်းချိန်တွင် မနှေး
ဒီချောင်းနေ ဗေဒါမျိုးမှာ၊ရိုးလှပြီလေး…။
အိုအချင်းကျူရိုးရှင်
ပွင့်ပြာမှာ ဝါလဲ့ဝင်းမှ၊ ဆင်းပြလိုက်ချင်
အပွင့်ကားရယ်နဲ့
ချောင်းဖျားမှာ လှရွှေစင်
ချောင်းရေယဉ် လှပုလဲ။
ချောင်းဝမှ မြတခဲ၊ လှလိုက်မှာဘဲ …။ ။
ဗေဒါလမ်း (၂၂)
ဒီတရား
မတက်ရလျင်တော့၊
တသက်ပါ့မခံပေါင် … တဲ့
ကနစို တုံးတိုသစ်က၊ ကြွေးဟစ်ရန်ထောင်…။
မနက်ကအသေကောင်၊ သူတောင်မှတက်နိုင်သေး
ငါတုံးတို ကနစိုသားပေပေါ့
ချောင်းဖျားကို ခါတခေါက်၊
ရောက်ရမယ်လေး … တဲ့…။
ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်
ကနစို တုံးပျိုလှကို နားချပါရှင်
ဒီချောင်းကို ဝင်မိလျင်၊ မထင်နဲ့တခေါက်တည်း
တက်တုံ သက်တုံနဲ့
တက်မကုန်၊ သက်မစဲ၊ မောလောက်အောင်ဘဲ …။
ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်
ကနစိုတုံးပျိုလှကို နားချပါရှင်
ဒီချောင်းကိုဝင်မိလျင်၊ တက်ချိန်တွင်ဆင်းနိုင်ဘဲ
ဆင်းချိန်မှာ တက်လိုလဲ၊ စောင့်ရစမြဲ
မနက်ကတက်တဲ့ဒီ၊ မမီလိုက်လေလည်း
ညဦးယံဒီပြန်တက်ပါလိမ့်
တက်စရာခက်ပါဘဲ၊ ပန်းဗေဒါနည်း…။ ။
ဗေဒါလမ်း(၂၃)
တိုးထွက်နိုင်မှ
နောက်ချောင်းက ပန်းနီလာ ဗေဒါမ လား…
ရှေ့ချောင်းက ပန်းနီလာ ဗေဒါမ လား…
ဒီဆိုင်ကျကာမှ
ချောင်းမကို အရောက်ခဲ တွဲတက်စို့လား . . .။
နောက်ချောင်းက ပန်းဗေဒါ ဆန်လာပေါ့လေး…
ရှေ့ချောင်းက ပန်းဗေဒါ ဆန်လာပေါ့လေး…
ဒီဆိုင်မှာ နှစ်ခိုင်ခဲပေမဲ့
မတွဲသာ ကြာလေဝေး ဝဲကျော်ကြောင့်လေး။
ဝဲကျော်က မလော်မာပါ . . .တဲ့
ဒီအပြိုင် ဒီအဆိုင်ထဲ ဝဲက တရာ
ဒီအားကြောင့် မနားသာ ပတ်ချာလည် ဘဝ
ဝဲခွင် ဝင်သမျှ တိုး ထွက်နိုင်မှ…။ ။
ဗေဒါလမ်း(၂၄)
မယ့်ဖြစ်နည်း
မဗေဒါ သောင်စပ်က
လှောင်တတ်ပေလေး
ကျူရိုးရှင် ပီပီအားနဲ့၊ လူကြွားတဲ့လေး… ။
လှောင်ရက်ပေ့ဗေဒါခင်
ဒီချောင်းရေ ကျွန်းမြေဖွား၊ ဝါးငယ်မျှပင်
ကျူ ရိုးတံရှင်၊ ကြွားချင်လို့ ဟုတ်ဘဲ
ရွက်ရိုးဖြူကျူ ပလွေနဲ့
ကျူ ရိုးဖေ ငယ်စဉ်ကတည်း၊ ကျွမ်းခဲ့လို့ဘဲ …။
မဗေဒါ သောင်စပ်က
လှောင်တတ်ပေလေး
ကျူ ရိုးရှင် ပီပီကော့နဲ့၊ လူကြော့တဲ့လေး… ။
လှောင်ရက်ပေ့ဗေဒါခင်
ဒီချောင်းမြေ ချောင်းရေလမ်း၊ ပန်းလှပြာစင်
ကျူ ရိုးတံရှင်၊ ကြော့ချင်လို့ ဟုတ်ဘဲ
ဒီလှိုင်း ထံတျာနဲ့၊ မဗေဒါ မယ့်ဟန်ပွဲ
လွမ်းခဲ့လို့ဘဲ … ။
မဗေဒါ သောင်စပ်က
လှောင်တတ်ပေလေး
ကျူ ရိုးရှင် ပီပီတေးနဲ့၊လူငေးတဲ့လေး…။
လှောင်ရက်ပေ့ဗေဒါခင်
နားမနေ ဒီရေစီးမှာ၊ ဟီးတိုက်လို့ပင်
ကျူ ရိုးတံရှင်၊ ငေးချင်လို့ ဟုတ်ဘဲ
စုန်ချည်ဆန်ချည်နဲ့
ဗေဒါရီ မယ့်ဖြစ်နည်း၊ နွမ်းခဲ့လို့ဘဲ … ။
ဗေဒါလမ်း(၂၅)
စုန်တခါ ဆန်တလှည့်
မဗေဒါ သောင်စပ်ကလှောင်တတ်ပေလေး
ကျူရိုးသီ ပီပီတရားကို ကြားချင်သတဲ့လေး…။
လှောင်ရက်ပေ့ မဗေဒါ
ပီပီမှာ မယ့်စကားကြောင့် နားရှက်မိပါ
ချောင်းတလျှောက် ရောက်လေရာ ဗေဒါလဲ့စိတ်စွဲ
ချောင်းနပမ်းရယ်နဲ့
အဟမ်းသံ ကျမ်းသံနှော ဟောလိုက်ချင်လဲ…။
ဟောမယ်လို့ ကြံလိုက်လျှင်
ငါ့ပီပီမည်မရ အခဲ့အခင်
တက်ရေနဲ့သက်ရေယဉ် တသွင်သွင်အလှ
ဘုတ်မ ပြည်တီတီနဲ့
တအီအီ ဘယ်ဆီက ငေးမိခါမှ…။
မြည်ပြီတဲ့ သိပြီ
ချောင်းသာယာ လတ်ဘေးက တေးကောက်ခဲ့ပြီ
ဒီချောင်းက ဗေဒါရီရယ် ဒီရေကိုကြိုကွဲ့
စုန်တခါဆန်တလှည့် တေးသံချိုနဲ့…။ ။
ဗေဒါလမ်း(၂၆)
ချောင်းကထွေထွေ
ချောင်းဝမှာ ပွေ တေချင်လို့ လေလား
မတိုးသာ ဒိုက်သရော မျောဆို့နိုင်အား။
ဒီတက်ချိန်တန် ဆန်နိုင်ပါ့မလား
မဗေဒါမယ့်ခရီးမှာ သူဆီးလို့တား။
အိုအချင်း ကျူရိုးဖေ…
မယ့်လမ်းမှာ ရာထောင်သောင်း ချောင်းကထွေထွေ
သည်ချောင်းကတားပါစေ ဟိုချောင်းရေရှိသေး
ဆန်ချိန်တော်ရေကျော်ဆိုက်အောင်
မင်းလိုက်ခဲ့လေး…။ ။
ဗေဒါလမ်း(၂၇)
မင်းလိုက်လာစမ်း
လတာမှာ ကြာ
ဗေဒါ အပြာဖူးနဲ့ ဒီဦးကို လင့်
တသသရယ်နဲ့
ရေထမှာ သူဆန်လို့
သူ့ဖူးတံပန်ချိန်သင့် ချောင်းဖျားမှာ ပွင့်…။
အပွင့်နဲ့ မဗေဒါ
ချောင်းဝမှာမပြစား ချောင်းဖျားမှာသာ
မိုးဦးကျမျိုးချလာ ကိုယ်ဟဝါကြောင့်လေလား
ကိုဟဝါတရွာသား မင်းကြိုက်လို့လား…။
အပွင့်နဲ့ မဗေဒါ
ချောင်းဝမှာမပြစား ချောင်းဖျားမှာသာ
ဆောင်းဦးပေါက် ကောက်ရွှေဝါ
မိုးစာကြောင့်လေလား
မိုးနီလာ မိုးစာတေးမှာ ငေးချင်လို့လား…။
အိုအချင်း ကျူရိုးဖေ
မကြင်နာထင်ရာမေး တွေးပါနဲ့လေ
ဒီချောင်းက တက်သက်ရေ ဗေဒါလဲ့မယ့်လမ်း နောက်တရေ မေဆန်ခိုက်မှာ
မင်းလိုက်လာစမ်း…။ ။
ဗေဒါလမ်း(၂၈)
ပန်းဝင်နိုင်ပါရဲ့
ကျရေနဲ့ကြုံ စုန်ရန်သာတကား
မဗေဒါပြာလဲ့ဝင်းရယ် ဆင်းချင်ရဲ့လား…။
ဟိုကမ်းမှာ ခရာခြုံ သည်မှာတုံ ပုံတံတား
မဆင်းချင် မင်းဝင်တွဲ ရဲလိုက်ပါလား…။
အိုအချင်း ကျူရိုးရှင်
မိရာတွယ် မယ်မတွဲ ရဲစိတ်မထင်
စုန်ချိန် ကျပြီမို့
စုန်ရလဲ မယ့်လမ်းပင် ပန်းဝင်နိုင်ပါရဲ့
ပွင့်ဖူးစုံ ငုံတံနဲ့ ဆင်းလိုက်မယ်တဲ့…။ ။
ဗေဒါလမ်း (၂၉ )
ကြံဖန်ရ
သက်လာတဲ့ရေ တောင်လေက ဖမ်း
ရေပြင်မှာ လေဝင်စိုင်း လှိုင်းကြက်ခွပ်လမ်း
ဒီလှိုင်းက လေသဟာ ဗေဒါက ရေသမား
ဗေဒါခင် စုန်ချင်အား ဒီလှိုင်းက တား…။
ဒုက္ခဟဲ့ မ
လှိုင်းပုတ်ပြန် ဆုတ်ဟန်ပြ ဆင်းရသူ့မှာ
ဆုတ်ရင်းလဲ သူဆင်းလာ မြင်ပါပေါ့ ပင်လယ်ဝ
ရေစုန် လေဆန်မို့
ဗေဒါပျံ ကြံဖန်ရ ချောင်းဒီလောက…။ ။
ဗေဒါလမ်း(၃၀)
ပန်းခဲ့သည်ဘဲ
နေလုံးရယ်နီ
တိမ်ပန်းချီနေသွေးနဲ့၊ နတ်ရေးသည်သို့
ဒီအကျပေမို့
အလှ လတာပြင်က၊ ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလို လို့။
သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ
ဘယ်ပြောင်းညာပြန်နဲ့
ဟိုငဖျံ လတာစွန်းမှာ၊ သူ့ဂျွမ်းဟန်ချည့်။
သူ့ကိုယ်သူလျင်၊ ဘာထင်လေမသိ
ဘုတ်မ ခုနစ်သံနဲ့
တညံညံ လတာစွန်းမှာ၊ သူ့လွမ်းသံချည့်။
အိုအချင်းကျူရိုးရှင်။
သူ့မူယာသူ့အတင်း၊ မင်းဆိုခဲ့စဉ်
မင်းကိုယ်လဲ မင်းပင်လျင်၊ ဘာထင်လို့လေလဲ
မဗေဒါစုန်ဆန်လမ်းမှာ၊ ပန်းခဲ့သည်ဘဲ …။ ။
ဗေဒါလမ်း (၃၁)
မင်းပါမှဘဲ
စာဘူးတောင်းမှာ စာဝါတို့လင်မယား
သူတို့ လွမ်းကြတော့
မယ်လွမ်းအောင် ပီပီနွဲ့ရယ် တေးဖွဲ့ပါလား။
ဖက်လိပ်အိမ်ဆင် ခါချဉ်က လက်သမား
လက်ရာ ဆန်းပါဘိ
ကမ်းကုန်အောင် ပီပီနွဲ့ရယ် တေးဖွဲ့ပါလား။
မိုးတက်မယ့်ဟန် ငါးဖျံက ကျွမ်းသမား
အကြံကြီးသူမို့
မီးပွင့်အောင် ပီပီနွဲ့ရယ် တေးဖွဲ့ပါလား။
ဖွဲ့ချင်ရဲ့နော် ဖော်ချင်ရဲ့ မနဲ
ဒီလှိုင်းပျံ ထန်ချင်ထန်တဲ့
ဆန်ချိန်တန် ဆန်တက်ရင်းသာပါ့
ဆန်ချိန်ကုန် စုန်လို့ဆင်းပါတဲ့
ဗေဒါငယ် မယ်မငြင်းရယ် မင်း ပါမှဘဲ …။ ။
ဗေဒါလမ်း(၃၂)
ပန်းသိပါရဲ့
လမုပွင့်နီသန္တာ လတာကညိုချော
လတာပြင်လမုတန်း ကမ်းစပ်က တော…။
ဒီလမ်းကပန်းဗေဒါ
နေထွက်နေဝင်နဲ့
လတာပြင်လမုပါး သွားရခါခါ
လမုနဲ့လတာသာ ကျွမ်းရှာတဲ့ဗေဒါမ
လတာပြင်လမုတန်း ပန်းမယ့်လောက…။
အိုအချင်းကျူရိုးတံ
လမုစဉ်အနောက်နားက ဝါးခတ်တဲ့ခြံ
အုန်းခြံနဲ့ဓနိခြံ ကွမ်းသီးခြံပါတဲ့
စုန်ဆန်ရာဗေဒါလမ်းက ပန်းသိပါရဲ့…။
ခြံနောက်မှာရွာရှိလျှင်
ခြံနောက်ကွယ်လယ်ကိုသန်း လမ်းရွာဝဝင်
ရွာသွားတဲ့ရွာလမ်းစဉ် ခွင်တခါခွေတလှဲ့
စုန်ဆန်ရာဗေဒါလမ်းက ပန်းသိပါရဲ့…။ ။
ဗေဒါလမ်း(၃၃)
မင့်စေတနာ
အသာ အသာ
ဗေဒါမှုန်နွဲ့ငဲ့ စုန်ခဲ့ပါ .....တဲ့
အောက်တခွင် ပင်လယ်ဝမှာ
ဒီ ကျလျှင် တဲ့။
အသာ အသာ
ဗေဒါမှုန်နွဲ့ငဲ့ စုန်ခဲ့ပါ ..... တဲ့
ဒီချောင်းမြေ ညနေအေး
လေသွေးလျှင် တဲ့။
အိုအချင်း ကျူ ရိုးရှင်
ကျရေမှာ ပြေပြေဆင်း မင်း စုန်စေ့ချင်
တောင်လေလဲ သွေးစေချင်
ချောင်းတခွင် မြစ်တန်း
မင့်စေနာ မယ့်မှာပန်း လှိုင်းကြက်ခွပ်လမ်း။ ။
ဗေဒါလမ်း (၃၄)
မယ့် သဘော
ကမ်းစပ်မှာထိုင်
ကျူမကိုင် လက်မှိုင်ချလို့၊ ငိုင်လှချေတကား။
ကျူရိုးရှင် အခင်သေးရယ်၊ ငေးလှချေတကား။
မငေးလို့ မဖြစ်ပေါင်
တို့ချောင်းမှာ ဖန်လာဆန်း၊ ပန်းရလေအောင်။
မိုးထိအောင် လှေကားထောင်
ထောင်မယ်တဲ့ လတာဘေး။
ပင်ကျရည် တမြူလောက်နဲ့
ချောင်းပေါက်မှာ ငဖျံမူး၊ မြူးရက်လို့လေး။
အိုအချင်း ကျူရိုးရှင်။
ချောင်းပေါက်မှာ ငဖျံမြူးပေမဲ့
ကိုယ်မမြူး နေလိုက်လျှင်။
ဆောင်းဦးပေါက်ပြီမို့
ကောက်ပင်နွဲ့ မှည့်ပြီရှင်၊ တံစဉ်ကို ပြင်ပါတော့။ အချိန်တန် စုန်ဆန်မြန်းတဲ့ ပန်းဗေဒါ မယ့်သဘောကို၊ စောလိုက်ပါနော့။
ဗေဒါလမ်း (၃၅)
ဗေဒါခင် အသိ
တက်ပြန်ပေါ့ ဒီ၊ တည်ပြန်ပေါ့ ရေရိုင်း။
အောက်တခွင် ပင်လယ်ဝမှာ၊ ဝဲထလို့ ဝိုင်း။
ရေရိုင်းက ထင်တိုင်းသာ။
ဒီတက်ချိန် နှိမ်မရ၊ ဒေါထလို့သာ။
ချောင်းပေါက်မှာ သူမြောက်လာ
သူမညှာ သူမသနား။
ချောင်းတခွင် သူဝင်စ၊ ပြခဲ့သူ့ အား။
သူ့အားကို ပြလိုက်ရုံ။
လတာပြင် ရေသင်တိုး၊ ထိုးကြ ဗလုံ။
စွန်ဆိတ်တို့ ထိတ်လို့တုန်
တောင်ခုန်လို့ မြောက်ပြေး။
ကျူရိုးရှင် အခင်သေး၊ ချောင်းဝမှာ ဆွေး။
မဆွေးနဲ့ ကျူရိုးရှင်။
အချိန်တန် ဒီ မာန်ကျ၊ ချောင်းလှမြဲပင်။
ချောင်းတလျှောက် ကောက်ကွေ့ဝင်
ဗေဒါခင် အသိ။
နောက်တချီ ဒီရေဦး၊ ဒီ ရူးချိန်ထိ။
ဗေဒါလမ်း (၃၆)
မယ့်အိမ်ဘဲ
ဒီကျချိန်တန်၊ အိမ်ပြန်တော့မလား။
ဗေဒါရီ ဒီရေကြောမှာ၊ မျှောတော့မယ်လား။
ချောင်းဖျားက ခါးတမာ၊ ချောင်းဝသာ သကာပျား။
ဗေဒါဆွေ ကျရေကြိုက်၊ လိုက်တော့မယ်လား။
အိုအချင်း ကျူရိုးရှင်။
ခါးတမာ သကာပျား၊ ခြားလိုဘု့ရှင်။
မယ့် ဒီချောင်းမှာလ၊ ချောင်းဖျားလဲ မယ့်အိမ်ပင် ချောင်းဝင်လဲ မယ့်အိမ်ဘဲ ။
ဒီတက်ချိန်တန်
အိမ်ပြန်တယ် ဆန်မယ်ခဲ၊ ချောင်းဖျားကိုဘဲ ။
ဗေဒါလမ်း (၃၇)
လမ်းရိုးပါကွဲ့
အနောက်ဘက်ဆီ၊ နေနီနှင့်တိမ်ပန်း။
ရှေ့ဆီမှာ ဓနိတန်း၊ချောင်းရှေ့ဘက်ကမ်း။
ဓနိတန်း ကမ်းကွေ့မှာ။
ဒီတက်ချိန် တိမ်အစွမ်း၊ ပန်းတောက်တဲ့ခါ။
ကွေ့အောက်က ရေနီလာ၊ ကွေ့ညာက မြသွေး။
မဗေဒါ ဆန်လာလမ်း၊ နန်းဆန်ပေ့လေး... တဲ့။
အိုအချင်း ကျူရိုးရှင်။
မင့်တို့ရွာ တဖက်ကမ်း၊ မင့်လမ်းက အမြင်။
မယ့်အနီး မယ့်ဝန်းကျင်၊ ချောင်းရေပြင် ကြည်လဲ့။ စုန်ကာ ဆန်ကာနှင့်၊ မြမပါ နီလာမဲ့
လမ်းရိုးပါကွဲ့။
ဗေဒါလမ်း (၃၈)
ဒီရေသမီး
ဒီချောင်းမှာနေ၊ ဒီရေမှာ သူ ကြီး။
ပီပေသည် ဒီရေသမီး၊ ချောင်းကောက်ကွေ့ခရီး။
ဒီတက်ချိန်တန်၊ မဆန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေဦးမှာ၊ မြူးတတ်လေခြင်း။
ဒီတက်ချိန်ကုန်၊ မစုန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေကျမှာ၊ လှတတ်လေခြင်း။
မတွေ့ချင် မမြင်ချင်၊ မဝင်ချင်သော်လဲ။
ဝင်လိုက်တယ် မယ်မလွှဲ၊ ချောင်းဒီဆိုင်ဝဲ။
ဆန်သူလဲ မဗေဒါ
စုန်လိုက် ဆိုလျှင်လဲ၊ သင်းဘဲ ဗေဒါ။
အဆန်ရဲ အမြဲသာ၊ စုန်ချိန်ခါ စုန်သည်ချည်း။
ပီပေသည် ဒီရေသမီး၊ ချောင်းကောက်ကွေ့ခရီး။
ဝင်သူလဲ မဗေဒါ။
ခွာလိုက်သူ ဆိုလျှင်လဲ၊ သင်းဘဲ ဗေဒါ။
အဝင်ရဲ အမြဲသာ၊အစဉ်ခွာ ခွာသည်ချည်း။
ပီပေသည် ဒီရေသမီး၊ချောင်းကောက်ကွေ့ခရီး။
ဗေဒါလမ်း (၃၉)
သိပါမြည်ပါ
ကမ်းစပ်မှာထိုင်
ကြူ မကိုင် မှိုင်ငေးလို့၊ အဝေးကိုကြည့်။
ကျူရိုးရှင် ပီပီသေးရယ်၊ တေးဆိတ်လှချည့်။
အို အချင်း မဗေဒါ။
ငါမမှိုင် ငါမငေး၊ ဝေးရပ်ကိုသာ။
ဓနိတန်းအထက်မှာ၊ အာကာသ ပြာလဲ့။
ကသိုဏ်းပုံ အာရုံနဲ့၊ ရွှန်းပီတိနဲ့။
အိုအချင်း မင်းပီပီ။
ထက်ကောင်းကင် ပြာလဲ့ဝင်းမှာ
မင်းမွေ့တတ်ပြီ။
ချောင်းလောက သီကရီ၊ မသိတော့ပြီလော။
မင့်ဘာသာ တကိုယ်ထူး၊ ကြည်နူးအံ့လော။
သိပါတဲ့ မြည်ပါ။
ဒီချောင်းမြေ ဒီရေအရေး၊ တေးဆိုသင့်ပါ။
ဆန်စဉ်လဲ မယ်နားနာ၊ စုန်လာလဲ နာမှာဘဲ ။
နာရင်းသာ စုန်ဆန်မြဲ၊ ချောင်းဒီရေထဲ။
ဗေဒါလမ်း (၄၀)
ချောင်းမ အသိ
ချောင်းမကို ဝင်၊ မြင်ပါရဲ့လား။
ဒီဆိုင်မှာ ပေါ်လာမြဲ၊ ဝဲကြီးပါလား။
ဒီ သရဲ ဝဲလယ်တွင်။
ဝဲလှည့်ရာ ဗေဒါချောငဲ့၊ မောရလိမ့်ထင်။
ဒီဝဲကြောင့် မယ်ငြိုငြင်၊ နှုတ်ပြစ်တင် စကား။
ချောင်းမကို မယ့်လက်ညှိုး၊ ထိုးလိုက်မယ်လား။
အိုအချင်း ကျူရိုးရှင်။
မောလိမ့်မယ် တကယ်ဘဲ၊ ဝဲလှည့်ခိုက်တွင်။
ချောင်းမထဲ ကြုံမြဲပင်၊ ဆင်ခြင်မိပါရဲ့။
ချောင်းမကို ဒါပေမဲ့၊ ဝင်လိုက်မယ်ကွဲ့။
ဒီဝဲကြောင့် မငြိုငြင်။
ရေအီလျှင် ဒီသရဲ၊ ရှဲရမည်ပင်။
ဒီသရဲ မရှဲခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမ အသိ။
ဒီဝဲကြောင့် မငြိုငြင်။
မမောခင် ထွက်ချင်လဲ၊ ခဲရမည်ပင်။
ဒီဝဲက ထွက်နိုင်ခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမ အသိ။
ဗေဒါလမ်း (၄၁)
ညည်းတတ်ပါဘဲ
မနက်ခင်းဆီက
စုန်ဆင်းခဲ့ မဗေဒါ။
မွန်းတည့်ချိန် နေ့လယ်ခင်း
သင်း ပြန်တက်လာ။
ညနေစောင်းလာတော့
ချောင်းဖျားရောက် ဆိတ်ငြိမ်ရာ
မဗေဒါ မအိပ်။
ခုချိန်မှာ ဈာန်ပျံရပေါ့
ချောင်းဝမှာ ပြန်စည်ကား
ချောင်းဖျားမှာ တိတ်။
အို အချင်း မဗေဒါ။
ကျူရိုးရှင် ကျူတံသေးနဲ့၊ တေးချိုလို့သာ။
ဆိတ်ငြိမ်ရာ စည်ကားရာ
ရောက်ရာမှာ မယ်မစွဲ။
ခွာချည် ကပ်ချည်နဲ့
တလှည့်စီ စုန်ဆန်မြဲ
ညည်းတတ်ပါဘဲ။
ဇော်ဂျီ
ငွေတာရီ၊ အမှတ်၁၂၃ စက်တင်ဘာ၁၉၇ဝ
ဖျာပုံ နှစ်ပတ်လည် စာပေလုပ်သား မဂ္ဂဇင်း၊ ၁၉၈၁
နိုင်ငံ့ဂုဏ်ရည်စာပေတိုက်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment