Skip to main content

ကာဗူလီဝါလား (ဘာသာပြန်သူ - ဇော်ဂျီ)

နိဒါန်း 

တဂိုး၏ စာများသည် အိန္ဒိယနိုင်ငံ နိုးကြားလာမှုနှင့် ဆက်စပ်လျက် ရှိသည်။ အိန္ဒိယ နိုးကြားလာခြင်းသည် တဂိုး၏ စာများကြောင့်လည်း ဖြစ်သည်ဟု ယူဆကြသည်။ တဂိုးသည် ၁၈၆၁ ခုနှစ်၌ ဖွားမြင်၍ ၁၉၄၁ ခုနှစ်တွင် ကလတ္တားမြို့၌ အနိစ္စ ရောက်သည်။ တဂိုးသည် ဘင်္ဂါလီ အမျိုးသား ဖြစ်သည်။ သို့ရာတွင် သူ့စိတ်ကူးသည် အိန္ဒိယရှိ လူအမျိုးမျိုးတို့ လက်ခံနှစ်သက်နိုင်သော စိတ်ကူးဖြစ်ရာ၊ သူ့ကို အိန္ဒိယ တနိုင်ငံလုံးက ဆရာကြီး တဆူအဖြစ် လေးစားကြသည်။ ထိုမျှသာမက သူ့စိတ်ကူးသည် လူမျိုးမရွေး၊ ဘာသာမရွေး လူခပ်သိမ်းက လက်ခံနှစ်သက်နိုင်သော စိတ်ကူးလည်းဖြစ်ရာ သူ့ကို တကမ္ဘာလုံးကပင် လေးစားကြရ ပြန်သည်။ သူ့စာများသည် ဘာသာတရားကို ကိုင်းရှိုင်း တတ်ကြအောင်၊ မေတ္တာ ကရုဏာ ထားတတ်ကြအောင် ဆွဲဆောင်နိုင်သော သတ္တိထူးနှင့် ပြည့်စုံလှသဖြင့် ၁၉၁၃- ခုနှစ်တွင် သူ့အား ကမ္ဘာကျော် နိုဗဲစာပေဆုကို ချီးမြှင့်ကြသည်။ သူ့စာ အမျိုးမျိုး ရှိသည့်အနက် ဆန်းစသော်တာ ကဗျာစုနှင့် ဝတ္ထုတိုများသည် မြန်မာနိုင်ငံ၌ လူကြိုက်အများဆုံး ဖြစ်ကြသည်။ 

တဂိုး၏ ဝတ္ထုတိုများတွင် ထူးခြားချက် ရှိသည်ဟု ဆိုကြသည်။ ထိုထူးခြားချက်သည် ကဗျာဆံခြင်း ဖြစ်သည်။ တဂိုးသည် ပဓာနအားဖြင့် ကဗျာစာဆို ဖြစ်သည်။ သို့ရာတွင် ပြဇာတ်၊ ဝတ္ထုရှည်၊ ဝတ္ထုတိုတို့ကိုလည်း ရေးသူ ဖြစ်သဖြင့် ပြဇာတ်နှင့် ဝတ္ထုတိုတို့ကို ရေးသောအခါ မိမိ၏ ကဗျာဥာဏ်ကို မစွန့်နိုင်။ မသိမသာ ထည့်သွင်း ထားဘိသကဲ့သို့ ဖြစ်လာရသည်ဟု ထင်ဖွယ် ရှိလေသည်။ 

"ကာဗူလီဝါလား” ဝတ္ထုတိုသည် အင်္ဂလိပ် ဘာသာပြန် ဖြစ်သော The Cabulwallah မှ မြန်မာပြန်ထားသော ဝတ္ထုတို ဖြစ်သည်။ ထိုဝတ္ထုတိုသည် ကဗျာဆံသော ဝတ္ထုတိုများ အတွက် သာဓကတခု ဖြစ်သည်ဟု ယူဆပါသည်။ တဂိုးသည် ကလေးသူငယ် လူမမယ် အကြောင်းကို ကဗျာဖွဲ့ရာတွင် ပြောင်မြောက်သူ ဖြစ်သည်။ ထိုဝတ္ထုတိုတွင် ကလေးအကြောင်းကို ပင်တိုင်ပြု၍ သူဖွဲ့ထားသည်။ ကလေးကို အကြောင်းပြု၍ ဖခင်၏ မေတ္တာကို ဖွဲ့သည်။ ဖခင်၏ မေတ္တာကို အကြောင်းပြု၍ ကိုယ်ချင်းစာ တရားကို ဖွဲ့သည်။ ကိုယ်ချင်းစာ တရားကို အကြောင်းပြု၍ လောက ပကာသနကို သူကဲ့ရဲ့သည်။ ပြစ်တင်ခြင်း သူပြုခဲ့သည်။ သူ့စကားပြေ အရေးအသားသည် ရိုးလည်းရိုး၍ နွဲ့လည်းနွဲ့သည်ဟု ဆိုကြသည်။ သူ့အာဘော်နှင့် သူ့အရေးအသားတို့၏ ဂုဏ်ကို ပေါ်နိုင်သမျှ ပေါ်အောင် ကာဗူလီဝါလား” ၌ အားထုတ်ထားပါသည်။]

ကာဗူလီဝါလား

(၁)

ကျွန်တော်၏ သမီး မိနိသည် ၅- နှစ် အရွယ်မျှသာ ရှိသေးသော်လည်း အမေးအမြန်း အလွန်ထူသော ကလေး ဖြစ်သည်။ သူ့မှာ ပါးစပ်ပိတ် တိတ်နေသည်က နည်း၍ ကရားရေလွှတ် တတွတ်တွတ် ပြောနေသည်က များသည်။ သူ့အမေသည် သူ့သမီး စကားများလွန်းလှသည်ကို မကြိုက်ချင်ပေ။ ကျွန်တော်ကမူ များချင်လျှင် များပါစေဟု ကြိုးလျှော့ထားပါသည်။ မိနိသည် ကလေးမျှသာ ဖြစ်ရာ ကလေးတို့ဘာသာဘာဝ အဘယ်မှာ အငြိမ် နေချင်မည်နည်း။ ထို့ကြောင့် စကားပြောမည့်သူ မရှိလျှင် ကျွန်တော်သာ သူနှင့် အချီအချ စကားပြောလေ့ရှိပါသည်။ ပျော်စရာလည်း ကောင်းလှပါသည်။ 

ဥပမာ- တခုသော နံနက်ခင်း ကျွန်တော် ရေးနေသော ဝတ္ထုအတွက် အခန်း ၁၇- ကို ရေးတုန်း တန်းလန်းတွင် သမီး မိနိသည် ကျွန်တော်၏ အခန်းတွင်းသို့ တိတ်တိတ် ဝင်လာပါသည်။ ထို့နောက် ကျွန်တော်၏ လက်ထဲတွင် သူ့လက်ကို ထည့်၍ “ဖေဖေ ... သမီးတို့အိမ်က အိမ်စောင့် ဒရဝမ်ကြီး ပြောတဲ့ စကားဟာ ဘယ်လိုမှန်း မသိပါဘူး။ ကျီးကန်းကို ကျီးကန်းလို့ သူ မခေါ်ဘူး။ ဒီ ဒရဝမ်ကြီးဟာ အလကားလူကြီးပါ အဖေရာ” ဟု ပြောပါသည်။

ထိုအခါ ကျွန်တော်က ကမ္ဘာပေါ်တွင် ဘာသာစကား အမျိုးမျိုး ရှိကြောင်း၊ တမျိုးနှင့်တမျိုး မတူကြောင်း ရှင်းပြမည် ပြုပါသည်။ သို့ရာတွင် ကျွန်တော်က ရှင်းပြမည် ပြုဆဲမှာပင် မိနိသည် အခြား အကြောင်းတခုကို ကောက်မေးပါသည်။ “ဖေဖေ ... ဗိုလားကလေ၊ မိုးပေါ်မှာ ဆင်ကြီးတကောင် ရှိတယ်တဲ့။ ဒီဆင်ကြီးဟာ သူ့နှာမောင်းထဲက ရေတွေကို မှုတ်မှုတ်ပြီး ထုတ်တတ်တယ်တဲ့။ ဒါကြောင့်မို့ မိုးရွာတာတဲ့။ ဗိုလားပြောတာ ဟုတ်သလား ဖေဖေ”။ မိနိက ထိုသို့ မေးသောအခါ ကျွန်တော့မှာ ရုတ်တရက် အဖြေရ ကျပ်သွားသဖြင့် အဖြေအတွက် အတန်ငယ် စဉ်းစားနေမိသည်။ ကျွန်တော် စဉ်းစားနေခိုက်မှာပင် မိနိသည် အခြားအကြောင်းတခုကို ကောက်မေးပြန်ပါသည်။ “ဖေဖေ  ... ဖေဖေနဲ့ မေမေဟာ ဘာတော်လဲ ဟင်”။ ထိုအခါ ကျွန်တော်သည် မိနိကို လက်လျှော့ရတော့မလောက် ဖြစ်လာသဖြင့်-

“ကိုင်း ... သမီးရေ၊ ဗိုလားနဲ့ သွားကစား နေပါလား။ ဖေဖေ့မှာ အလုပ် လုပ်စရာတွေ အများကြီးပဲ” ဟု ခပ်တည်တည် ပြောလိုက်ရသည်။

ကျွန်တော် စာရေးရာ အခန်း၏ ပြတင်းပေါက်သည် လမ်းဘက်မှာ ရှိသည်။ မိနိသည် ဗိုလားဆီသို့ မသွားဘဲ ကျွန်တော်၏ စာရေးစားပွဲ ခြေရင်း၌ သူ တယောက်တည်း ကစားနေသည်။ ကျွန်တော်သည် အခန်း ၁၇- ကို ဆက်၍ ရေးပါသည်။ မင်းသား သီဟက မင်းသမီး ကန်ဆန်တလာကို ပွေ့၍၊ ရဲတိုက်၏ ပြတင်းပေါက်မှ ခုန်ထွက်တော့မည့် အခန်းကို အသဲတုန်စရာ၊ ရင်ခုန်စရာ ဖြစ်လောက်အောင် ရေးရန် အားခဲနေဆဲတွင်၊ မိနိသည် ကစားနေရာမှ ပြတင်းပေါက်ဆီသို့ အပြေးသွား၍ “ဟေ့ ... ကာဗူလီဝါလား၊ ဟေ့ ... ကာဗူလီဝါလား” ဟု အော်ခေါ်ပါလေတော့သည်။ အမှန်မှာ ထိုအခိုက်တွင် ကာဗူလီဝါလား ဆိုသူသည် လမ်းပေါ်၌ လျှောက်နေသည်။ သူ့အဝတ်အစားသည် ကာဗူလီ ဓလေ့ဘာသာ အလိုက် မသပ်မယပ်၊ ဖိုးယိုးဖားရား နိုင်လှသည်။ သူ့ခေါင်းပေါင်းသည် ကြီးလည်း ကြီး၍ မြင့်လည်း မြင့်သည်။ သူ့ကျောတွင် အိတ်ကြီးတခုကို ပိုးထားသည်။ သူ့လက်တွင် စပျစ်သီး သေတ္တာငယ်များကို ဆောင်လာသည်။

မိနိသည် ကာဗူလီဝါလားကို မြင်လျှင်မြင်ချင်း အဘယ့်ကြောင့် အော်ခေါ် လိုက်ပါသနည်း။ ကျွန်တော် မပြောတတ်ပါ။ အခေါ်ခံရသော ကာဗူလီဝါလားသည် ဝင်လာပေတော့မည် ။ သူဝင်လာလျှင် ကျွန်တော်၏ အခန်း ၁၇- သည် ဆုံးတော့မည် မဟုတ်ကပြီ။ ကာဗူလီဝါလားသည် မိနိရှိရာသို့ မော့ကြည့်လိုက်သည်။ အကြည့်ခံရသော မိနိသည် ထိုအခါကျမှ လန့်ဖျပ်၍ သူ့အမေဆီသို့ ပြေးပါလေတော့သည်။ ပုံပန်းမှာ ကာဗူလီဝါလား ပိုးထားသော အိတ်ကြီးထဲတွင် သူကဲ့သို့သော ကလေး ၃-၄ ယောက်ကို ဖမ်း၍ ထည့်ထားသည်ဟု မိနိ ထင်နေဟန် တူသည်။ ထိုအခိုက်တွင် ကာဗူလီဝါလားသည် ဆင်ဝင်အောက်သို့ ရောက်လာ၍ ကျွန်တော့ကို ပြုံးလျက် နှုတ်ဆက်သည်။

ကာဗူလီဝါလား ဆိုသူသည် အိန္ဒိယနိုင်ငံ၏ အနောက်မြောက်ဘက်ရှိ အာဖဂန်နီစတန် နိုင်ငံ၊ ကာဗူနယ်က တောင်တန်းသား ဖြစ်သည်။ သစ်သီးသယ် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အိန္ဒိနိုင်ငံသို့ ဝင်လာ၍ ကာဗူတောင်တန်း ဒေသက စပျစ်သီးများကို ၄င်း၊ သစ်သီးမျိုးစုံကို ၄င်း မြို့တကာ ရွာတကာ လှည့်၍ ရောင်းသူ ဖြစ်သည်။ ထို့ပြင် သူရောက်လေရာ အရပ်တိုင်း၌ ငွေတိုးယူ၍ ငွေချေးစားသူလည်း ဖြစ်သည်။ မိနိသည် ကာဗူလီဝါလား ဈေးသယ်ကို ခေါ်လိုက်ပြီး ဖြစ်လေရာ၊ ကျွန်တော့မှာ သူ့ထံမှ တခုခုကို ဝယ်ရတော့မည်။ ဝယ်လည်း ဝယ်လိုက်သည်။ ထို့နောက် အတန်ကြာ စကားပြောကြသည်။ 

ပြောပြီးကြ၍ ကာဗူလီဝါလားသည် ထွက်သွားတော့မည် ပြုရင်း “အကိုကြီး ခင်ဗျား ... ကလေးလဲ ထွက်မလာပါလား။ ဘယ်ရောက်သွားပါလိမ့်” ဟု မေးလေသည်။ ထိုအခါ ကျွန်တော်သည် မိနိကို လှမ်း၍ ခေါ်လိုက်သည်။ ကျွန်တော်သည် ကာဗူလီဝါလား ပိုးထားသော အိတ်ကြီးကို ကြောက်စရာဟူ၍ မိနိကို အထင်မှား အမြင်မှား မဖြစ်စေချင်ပါ။ ထို့ကြောင့် မိနိကို လှမ်း၍ ခေါ်လိုက်သည်။ မိနိသည် ထွက်လာ၍ ကုလားထိုင် အနီး၌ ရပ်ကာ ကာဗူလီဝါလား တောင်တန်းသားကြီးကို ကျီးကန်းတောင်းမှောက် ကြည့်နေသည်။ ကာဗူလီဝါလားသည် အိတ်ထဲမှ သစ်ကျားသီးများကို ၄င်း၊ တောင်သဖန်းသီးခြောက် စသော သစ်သီးခြောက်များကို ၄င်း ထုတ်၍ မိနိအား ပေးလေသည်။ သို့ရာတွင် မိနိသည် သူ့နေရာမှ တဖဝါးမျှ မရွှေ့။ ရပ်မြဲ ရပ်နေသည်။ ကြည့်မြဲ ကြည့်နေသည်။ ပို၍ပင် ကြောက်လာလေသလား မသိ။ ကျွန်တော့ကို သူ အတင်း တွယ်ထား​လေသည်။

မိနိနှင့် ကာဗူလီဝါလားတို့ တွေ့ကြရာတွင် ဤအကြိမ်သည် ပဌမ အကြိမ် ဖြစ်သည်။

(၂)

ရက်အနည်းငယ် ကြာမြင့်သောအခါ တနေ့သ၌ ကျွန်တော်သည် အိမ်သို့ ပြန်လာရာ မိနိနှင့် ကာဗူလီဝါလားတို့ကို တွေ့ရသဖြင့် အံ့အားသင့်သွား မိသည်။ မိနိသည် အိမ်ရှေ့တံခါး အနီး၌ ထိုင်သည်။ ကာဗူလီဝါလားသည် မိနိအနီး၌ မျက်နှာဆိုင် ထိုင်သည်။ မိနိသည် တွတ်တီးတွတ်တာ စကားပြောသည်။ ရယ်သည့်အခါ ရယ်သည်။ ကာဗူလီဝါလားသည် မိနိ တွတ်တီးတွတ်တာ ပြောသမျှကို ငေး၍ နားထောင်နေသည်။ ကျွန်တော်၏ သမီး မိနိသည် စကားများလွန်းလှသဖြင့် အိမ်တွင် သူ့ကို ဂရုတစိုက် နားထောင်မည့်သူ ဟူ၍ မရှိတော့ချေ။ အဖေ ဖြစ်သော ကျွန်တော်သာ ရှိသည်။ ယခုမူ ကာဗူလီဝါလား တယောက် တိုးလာပေပြီ။ ထို့ပြင် မိနိခြုံသော ဆာရီပဝါစ တဖက်တွင် သစ်ကျားသီးနှင့် သစ်သီးခြောက်တို့ ထုပ်ထားသည်ကို ကျွန်တော် မြင်ရပြန်သည်။ ဧကန္တ၊ ကာဗူလီဝါလားက ပေးထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်က “ဘာဖြစ်လို့ ဒီအသီးတွေကို ပေးရသလဲကွ” ဟု ဆိုကာ၊ ပြောပြော ဆိုဆိုနှင့်ပင် ငါးမူးစေ့ တစေ့ကို ထုတ်၍ ကာဗူလီဝါလားအား ပေးလိုက်ပါသည်။ ကာဗူလီဝါလားသည် ဘာမျှ ပြန်မပြောဘဲ လှမ်း၍ သူ့အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ အတန်ကြာသောအခါ အိမ်မှ သူ ထွက်သွားသည်။

ကျွန်တော်သည် အိမ်မှ နောက်တခေါက် ထွက်သွားပြီးနောက်၊ ၁- နာရီလောက် အကြာတွင် ပြန်လာသည်။ ထိုအခါ ကျွန်တော်၏ ငါးမူးစေ့သည် မိနိအတွက် ၄င်း၊ မိနိ၏ အမေအတွက် ၄င်း စိတ်ညစ်စရာ ဖြစ်နေသည်ကို တွေ့ရလေသည်။ မူလက ကျွန်တော်သည် ငါးမူးစေ့ကို ကာဗူလီဝါလားအား ပေးခဲ့သည်။ သို့ရာတွင် ကာဗူလီဝါလားသည် ထိုငါးမူးစေ့ကို မိနိ၏ လက်ထဲသို့ ထည့်ခဲ့သည်။ ထိုငါးမူးစေ့ကို မိနိ၏ အမေသည် မိနိ၏ လက်ထဲ၌ မြင်သောအခါ သူ့သမီးကို စစ်ပါလေ၏။ 

“ဒီ ငါးမူးစေ့ကို နင် ဘယ်က ရသလဲ ... ဟင်။ ပြော မှန်မှန်ပြော ... မှန်မှန် မပြောလျှင် နင် အရိုက်ခံရမယ်”

“အို ... ကာဗူလီဝါလားက သမီးကို ပေးခဲ့တာပေါ့”

အမေသည် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ကာ အထိတ်တလန့် ဖြစ်လာ၍ “ဘာ- ဘာ- ကာဗူလီဝါလားက နင့်ကို ပေးခဲ့တာ။ သေပါတော့ဟဲ့ ... မိနိရယ်။ ကာဗူလီဝါလားဆီက ပိုက်ဆံကို နင် ယူရသလား ... ဟင်” ဟု ရင်ဘတ်စည်တီး မြည်တွန်တောက်တီး၍ မိနိကို ရိုက်မောင်းပုတ်မောင်း ပြုမည် တခဲခဲ ဖြစ်နေသည်။

ထိုအခိုက်မှာပင် ကျွန်တော်သည် အိမ်သို့ ရောက်လာ၍ မိနိ အဆိုအဆဲ အရိုက်အပုတ် မခံရအောင် ဤအမှုကို ကျွန်တော် ကိုယ်တိုင် ကိုင်လိုက်ပါသည်။ စုံစမ်းမေးမြန်း ကြည့်သောအခါ သိရသည်မှာ ဤသို့ ဖြစ်သည်။ လမ်းထဲသို့ ကာဗူလီဝါလား ဈေးအရောင်း ရောက်လာတိုင်း မိနိသည် ကာဗူလီဝါလားကို ခေါ်လေ့ရှိ၍ သူတို့ ၂- ဦး စကားအချီအချ ပြောတတ်ကြသည်မှာ ဤတကြိမ်သာ မဟုတ်။ ယခင့် ယခင်ကလည်း ထိုနည်းနှင်နှင် ပြောဖူးခဲ့ကြပြီ။ မိနိသည် ကာဗူလီဝါလားကို တွေ့စက ကြောက်တတ် ရွံ့တတ်ရာမှ၊ နောင်အခါ မကြောက်မရွံ့ ဖြစ်လာသည်ကို ထောက်ခြင်းအားဖြင့် ကာဗူလီဝါလားသည် မိနိအား သစ်ကျားသီး ပေး၍ သကြားလုံး ပေး၍ ကလေး အကြောက်ပြေအောင် လာဘ်ထိုးခဲ့ဟန် တူသည်။ ယခုအခါတွင် မိနိနှင့် ကာဗူလီဝါလားတို့သည် အကျွမ်းတဝင် ဖြစ်နေကြလေပြီ။

သူတို့နှစ်ဦးသည် စကား အချီအချ ပြောတတ်ကြသည်။ ရယ်စရာ မောစရာ ပြော၍ ရယ်မောတတ်ကြသည်။ မိနိ နုနုကွေးကွေး သေးသေးသွယ်သွယ်သည် ကာဗူလီဝါလား ထောင်ထောင်မောင်းမောင်း ထွားထွားကျိုင်းကျိုင်း အရှေ့တွင် ထိုင်၍ “ဟေ့ ကာဗူလီဝါလား၊ နင့်ကျောပေါ်က အိတ်ကြီးထဲမှာ ဘာပါသလဲ။ ငါ့ကို ပြပါလား ... ဟင်” ဟု မေးသည်။ ထိုအခါ ကာဗူလီဝါလားက “ငါ့ အိတ်ကြီးထဲမှာလား၊ ဆင်ကြီးလေ  ... ဆင်ကြီးပေါ့ဟ” ဟု ခပ်တည်တည် ပြန်ပြောသည်။ ထိုသို့ အချီအချ ပြောတတ်ကြသည်မှာ ရယ်စရာ မဟုတ်သော်လည်း သူတို့ ၂- ဦး အဖို့မှာကား ပျော်စရာကြီး ဖြစ်ဟန်တူသည်။ ကျွန်တော့်အဖို့မှာလည်း သမီး မိနိ၏ တွတ်တီးတွတ်တာ မပီကလာ ပီကလာ စကားတို့သည် နှစ်သက် ကြည်နူးစရာပင် ဖြစ်သည်။ ကာဗူလီဝါလားကလည်း သမီးကို ပြန်မေးတတ်သည်။ “ဟဲ့- ကလေးရဲ့ ... ညည်းဟာ ညည်းယောက္ခမအိမ်ကို ဘယ်တော့ သွားမှာလဲ - ဟင်” ဟူသော အမေးမျိုး ဖြစ်သည်။

ကျွန်တော်တို့ ဘင်္ဂါလီ အမျိုးသမီးများသည် ယေဘုယျအားဖြင့် ယောက္ခမအိမ် ဟူသော စကားကို ကြားဖူးကြသည်မှာ ရှေးရှေးကတဲက ဖြစ်သည်။ မည်သို့သော အနက်အဓိပ္ပါယ် ရှိသည်ကိုလည်း သိကြသည်။ သို့ရာတွင် ကျွန်တော်တို့ မိသားစုသည် ခေတ်ဆံသော မိသားစုဖြစ်ရာ၊ သမီးကို အသက် နုနုနယ်နယ် ငယ်ငယ်ရွယ်ရွယ် ကတဲက ထိမ်းမြားလက်ထပ်ပေးလေ့ရှိသော ဟိန္ဒူ ရှေးထုံးရှေးစံကို လိုလားခြင်းလည်း မရှိ။ ကလေးရှေ့၌ ထိုထုံးစံ အကြောင်းကို ပြောကြားခြင်းလည်း မရှိ ဖြစ်ခဲ့သည်။ ထို့ကြောင့် မိနိသည် ကာဗူလီဝါလားက မေးလိုက်သော မေးခွန်းကို မည်သည့်နည်းနှင့်မျှ နားလည်မည် မဟုတ်ချေ။ သို့ရာတွင် မိနိသည် စကားတတ် ဖြစ်သည့်အတိုင်း၊ သူ နားမလည်သော်လည်း “နင်ကော ဘယ်တော့ သွားမှာလဲ” ဟု ချက်ချင်း ပြန်မေးလိုက်သည်။

ကာဗူလီဝါလား ကဲ့သို့သော သူများအဖို့မှာ ယောက္ခမအိမ်ဟု ဆိုလိုက်လျှင် သာမန် အနက်သာမက တင်စားသော အနက်လည်း ထင်လာမြင်လာ တတ်ကြသည်။ ထို အတင်အနက်သည် အခြား မဟုတ်။ ကိုယ့်အိတ်ထဲက ပိုက်ဆံ တပြားတချပ်မျှ အကုန်အကျ မခံစေဘဲ၊ ကိုယ့်ကို ကောင်းစွာမွန်စွာ ကျွေးမွေးထားရာ ဖြစ်သော အကျဉ်းထောင်တမျိုး ဟူသော အနက် ဖြစ်သည်။ ကာဗူလီဝါလားသည် မိနိကို မေးလိုက်စဉ်ကသော် ထိုအနက် ထိုအဓိပ္ပါယ်ဖြင့် မေးလိုက်ခြင်း ဖြစ်သည်။ မိနိက “နင်ကော ဘယ်တော့ သွားမှာလဲ” ဟု ပြန်မေးလိုက်သော အခါ ကာဗူလီဝါလားက “ငါလား၊ ဟင်း ... တခါထဲ ငါ့ယောက္ခမကြီးကို ကြိမ်လုံးနဲ့ ရွှိရွှိမြည်သွားအောင် နာနာ နှက်လိုက်မှာပေါ့” ဟု ဆိုရင်း ထောင်စောင့် ပုလိပ်သားကို ကြိမ်းဝါး ဘိသကဲ့သို့ လက်သီးလက်မောင်း တန်းပြလိုက်သည်။ ထို့နောက် ယောက္ခမကြီး ဒုက္ခရောက်သွားမည်ကို တွေးမိလိုက်ကြ လေသလား မသိ၊ သူတို့ ၂- ဦးသည် ခွက်ထိုးခွက်လန် ရယ်ကြပါလေသည်။

မိနိ၏ အမေသည် အလွန် ကြောက်တတ်သူ ဖြစ်သည်။ လမ်းထဲမှ ဆူဆူညံညံ အသံကြားလျှင်၊ သို့တည်းမဟုတ် အိမ်ဆီသို့ လူတယောက်ယောက် လာနေသည်ကို မြင်လျှင် သူခိုးလား၊ အရက်မူးသမားလား၊ မြွေလား၊ ကျားလား၊ ထိုသို့မှ မဟုတ်လျှင် အသဲနှလုံး တုန်စရာ တခုခုလားဟု သူ တွေးလိုက်သည်ချည်းသာ ဖြစ်သည်။ အတွေ့အကြုံ အကြားအမြင် များလာ၍ ဤအသက် ဤအရွယ်သို့ ရောက်လာသည့်တိုင်အောင် သူ့အကြောက်ကိုသူ မဖျောက်နိုင် ဖြစ်နေသေးသည်။ ကာဗူလီဝါလားကိုလည်း သူစိတ်မချ ဖြစ်နေသေးသည်။ ထို့ကြောင့် ကာဗူလီဝါလားကို သတိထားရန် ကျွန်တော့်ကို အတန်တန် မှာပါသည်။ ကျွန်တော်က သူ့အကြောက်ကို ဖျောက်ပေးလိုသော သဘောဖြင့် ရယ်မောပြလိုက်သောအခါ သူ မခံမရပ်နိုင် ဖြစ်လာ၍ “ကလေးတွေကို ခိုးသွားတတ်တယ်၊ ဖမ်းသွားတတ်တယ် ဆိုတာဟာ လောကမှာ မဖြစ်နိုင်ဘူး မှတ်သလား၊ ကာဗူးတောင်တန်း ဒေသမှာ အခုထက်ထိ ကျွန်ရောင်း ကျွန်ဝယ်စံနစ် ရှိနေသေးတယ်လို့ ရှင် မကြားဘူးဘူးလား။ ဒီအကောင်ကြီးက ဒီကလေးငယ်ကို ခိုးသွားမှာဘဲလို့ ထင်ချင်တဲ့လူကို၊ အရူးအမိုက်လို့ ရှင်ပြောမှာလား” ဟူသော လား ၃- ပါး မေးခွန်းကို ကျွန်တော့အား သူက ခပ်တည်တည် မေးပါသည်။

ထိုအခါ ကျွန်တော်က ဖြစ်မည် ဆိုလျှင် ဖြစ်နိုင်ကြောင်း၊ သို့ရာတွင် ဖြစ်နိုင်စရာအကြောင်း မရှိကြောင်း မိနိ၏ အမေအား ပြန်ပြောရပါသည်။ သို့ရာတွင် မိနိ၏ အမေသည် မကျေနပ်။ သမီးအတွက် စိုးရိမ်မြဲ စိုးရိမ်လျက် ရှိသည်။ အမှန်မှာ မိနိ၏ အမေသည် စိုးရိမ်စရာ မရှိသည်ကို စိုးရိမ်နေခြင်းမျှသာ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ကာဗူလီဝါလားကို အိမ်သို့ မလာရန် မတားမြစ်ဘဲ နေလိုက်သည်။ ဤသို့ဖြင့် မိနိနှင့် ကာဗူလီဝါလား တို့သည် အကျွမ်းတဝင် ဖြစ်လာကြသည်။

ကာဗူလီဝါလား၏ အမည်သည် ရာမန် ဖြစ်သည်။ ရာမန်သည် မိမိ၏ ဇာတိဌာန ကာဗူတောင်တန်း ဒေသသို့ တနှစ်လျှင် တကြိမ် ဇန်နဝါရီ လလယ်လောက်တွင် ပြန်လေ့ ရှိသည်။ ဇန်နဝါရီလသို့ ရောက်လာခါနီးလျှင် ရာမန်သည် မိမိ ရစရာရှိသော ကြွေးမြီများကို တအိမ်တက်ဆင်း အပူတပြင်း လိုက်၍ တောင်းရသဖြင့် မအားမလပ် ဖြစ်တတ်သည်။ သို့ရာတွင် ဇန္နဝါရီလ၌ ရာမန်သည် မိနိဆီသို့ ကြိုးကြားကြိုးကြား ရောက်လာတတ်သည်။ မနက်ပိုင်း၌ မလာနိုင်လျှင် ညနေပိုင်း၌ ရောက်လာသည်။ ရောက်လာ၍ အခန်း မှောင်မှောင်ထဲ၌ ထိုင်စောင့်နေသော မသပ်မရပ် ဖိုးယိုးဖားလျား ကာဗူလီဝါလား ရာမန်ကို ကျွန်တော် မြင်တွေ့ရသော အခါ၊ ကျွန်တော်ပင်လျှင် လန့်သွားမိသည်။ 

သို့ရာတွင် “ဟေ့ ကာဗူလီဝါလား၊ ဟေ့ - ကာဗူလီဝါလား၊ နင် ရောက်နေပလား” ဟု ဆိုကာ မိနိ ရောက်လာမှ ကျွန်တော့်မှာ အလန့်ပြေ သွားရသည်။ ထိုနောက် သူတို့ ၂- ဦးသည် မြင့်မိုရ်တောင်နှင့် ဆီးစေ့လောက် အသက်ချင်း ကွာကြသော်လည်း တဦးကို တဦး ပြောင်လျက်၊ ပြက်လျက်၊ ကျီးစားလျက်၊ ရယ်မောလျက် ပျော်ပျော်ရွှင်ရွှင် စကားစမြည် ပြော၍ နေတတ်ကြပါပေသည်။

(၃)

သူ့ဇာတိ ဌာနသို့ ကာဗူလီဝါလား ပြန်ခါနီးတွင် တခုသော နံနက်ခင်း၌ ကျွန်တော်သည် အခန်းထဲတွင် အခါတိုင်းကဲ့သို့ ဝတ္ထု ရေးနေသည်။ ရာသီဥတုသည် အေးအေးလူလူ ဖြစ်သည်။ နေရောင်သည် အခန်းတွင်းသို့ ဝင်နေသဖြင့် နွေးရုံမျှသာ နွေးသည်။ အချိန်သည် ၈- နာရီအချိန် ဖြစ်သဖြင့် လမ်းထဲ၌ အသွားအလာ စည်းကားလျက် ရှိလေပြီ။ ထိုအခိုက်တွင် လမ်းဆီမှ အော်သံ ဟစ်သံကို ကျွန်တော် ကြားလိုက်ရသည်။ ကာဗူလီဝါလား ရာမန်ကို ပုလိပ်သား ၂- ယောက်က ချုပ်ကိုင် ဖမ်းသွားသည်ကိုလည်း ကျွန်တော် မြင်လိုက်ရသည်။ ကလေးတအုပ်သည် ရာမန်နှင့် ပုလိပ်သားတို့၏ နောက်က တကောက်ကောက် လိုက်သွားကြသည်။ ရာမန်၏ အင်္ကျီတွင် သွေးခြင်းခြင်း နီလျက် ရှိသည်။ ပုလိပ်သား တဦးသည် ဓားတစင်းကို လက်ထဲ၌ ကိုင်သွားသည်။ ကျွန်တော်သည် အိမ်မှထွက်၍ ပုလိပ်သားတို့ကို စုံစမ်းကြည့်ရာ ဤသို့ သိရသည်။ ရာမန်သည် ဇာတိဌာနသို့ ပြန်ခါနီးသဖြင့် သူ့ထံမှ ငွေချေးယူထားသော သူတဦးကို အကြွေးဆပ်ရန် ပြောရာ၊ ထိုသူက သူ ငွေမချေးဟု ငြင်းသည်။ ငြင်းရာမှ စကားများကြသည်။ ထို့နောက် ရာမန်က ထိုသူကို ဓားဖြင့် ထိုးသည်။

ထိုပြစ်မှုကြောင့် ပုလိပ်လက်၌ ရောက်နေပြီ ဖြစ်သော ရာမန်သည် သူ့မြီစား ဆိုသူကို ကြိမ်းမောင်း ဆဲဆိုလျက် နေသည်။ ထိုအခိုက်တွင် ကျွန်တော်၏ သမီး မိနိသည် “ဟေ့- ကာဗူလီဝါလား၊ ဟေ့- ကာဗူလီဝါလား” ဟု အော်ခေါ်ကာ ကျွန်တော်တို့ ဆီသို့ ရောက်လာသည်။ ရာမန်သည် မိနိကို လှည့်ကြည့်၍ ပြုံးပြလိုက်သည်။ ဤအကြိမ်တွင် ကာဗူလီဝါလား၏ ကျောပေါ်၌ အိတ်ကြီးလည်း မရှိတော့ပြီ။ ဆင်ကြီး အကြောင်းကိုလည်း သူတို့ မပြောနိုင်ကြတော့ပြီ။ ထို့ကြောင့် မိနိက “ဟေ့ ... ကာဗူလီဝါလား၊ နင့်ယောက္ခမအိမ်ကို နင်သွားတော့မှာလား” ဟု မေးလိုက်သည်။ 

ရာမန်သည် ရယ်ပါလေ၏။ ထို့နောက် ရာမန်က “ဟုတ်ပါရဲ့ ... ကလေးရယ်၊ ငါ့ယောက္ခမအိမ်ကို ငါ အခု သွားမလို့ဟဲ့” ဟု ပြန်ပြောသည်။ ထိုအခါ မိနိသည် ခါတိုင်းကဲ့သို့ ရယ်ခြင်း ပြုံးခြင်း မပြုဘဲ ငေးကြည့်နေသည်။ ထိုအခြင်းအရာကို မြင်သောအခါ၊ ရာမန်သည် ကြိုးဖြင့် အတုပ်ခံထားရသော သူ့လက်တို့ကို ထောင်ပြလျက် “ကြည့်ပါအုံး ကလေးရယ်၊ ကြိုးနဲ့ တုပ်ထားလို့ သာပေါ့ဟာ။ ကြိုးနဲ့သာ မတုပ်ဘူးဆိုလျှင် တောက် ... ငါ့ယောက္ခမကြီးကို ကြိမ်လုံးနဲ့ ရွှိရွှိမြည်အောင် နာနာ ရိုက်လိုက်မှာဘဲ” ဟု ပြောလိုက်လေသည်။

ပြစ်မှု ထင်ရှားသဖြင့် ရာမန်ကို ထောင်ချလိုက်ကြရာ ရာမန်သည် နှစ် အတော်ကြာ ထောင်ကြီးထဲ၌ နေလိုက်ရသည်။

(၄)

အချိန်သည် တနေ့ တနေ့နှင့် တရွေ့ရွေ့ ကုန်ခဲ့သည်။ ကျွန်တော် မဆိုထားဘိ။ မိနိပင်လျှင် သူ့ ကာဗူလီဝါလားကို မေ့ခဲ့လေပြီ။ ရှက်စရာပေ။ မိနိတွင် ယခုအခါ၌ မိတ်ဆွေသစ်များ တိုးလာကြပြီ။ မိနိသည် ကြီးပြင်းလာပြီ ဖြစ်ရာ သက်တူ ရွယ်တူ မိန်းကလေးများနှင့်သာ ကစားပျော်ရွှင်၍ နေလေ့ရှိသည်။ ကျွန်တော်၏ အခန်းသို့လည်း သူ မလာတော့သဖြင့်၊ ကျွန်တော့မှာ စကားပြောဖော် ရဖို့ အတော် ခဲယဉ်းလာသည်။

နေ့ကို လစား၊ လကို နှစ်စား၊ နှစ်ကာလ လျားခဲ့ပြီ။ မိုးကုန်လုပြီ ဖြစ်သဖြင့် ကျွန်တော်တို့သည် သမီးမိနိ မင်္ဂလာဆောင်ကိစ္စအတွက် စီမံစိုင်းပြင်း နေကြရသည်။ ပူဇာ ဘုရားပွဲတော်ရက် အတွင်းတွင် လက်ထပ်ပွဲ ကျင်းပပေးရန် ဖြစ်သည်။ လက်ထပ်ပွဲပြီးသောအခါ မိနိသည် မိဘအိမ်ကို စွန့်၍ ယောက္ခမအိမ်သို့ သွားရပေတော့မည်။

ယနေ့ နံနက်ခင်းသည် ကြည်လင်လှပေသည်။ အစစ အရာရာကို မိုးရေက ဆေးကြောထားလိုက်ပြီ ဖြစ်သဖြင့် လေပြည်လေညှင်းပင်လျှင် သန့်သန့်ရှင်းရှင်း ဖြစ်နေသည်ဟု ထင်ရသည်။ နေခြည်သည် ရွှေရည်ကဲ့သို့ ဝါဝင်းနေသည်။ နေခြည်ကြောင့် မြင်သမျှသည် တောက်ပနေသည်။ ကာလကတ္တားမြို့က လမ်းများရှိ ညစ်ပတ် ပေရေနေသော အုတ်နံရံများပင်လျှင် တောက်တောက်ပြောင်ပြောင် ဖြစ်နေကြသည်။ သို့ရာတွင် ကျွန်တော့်မှာကား သမီး မိနိနှင့် ခွဲရတော့မည့် အဖြစ်ကို သိနေသဖြင့် ရင်လေး၍ နှမိနှမြော ဖြစ်နေမိသည်။ မိနိသည် ယနေ့ည၌ပင် လက်ထပ်ရပေတော့မည်။

တအိမ်လုံးသည် မနက် မိုးလင်းသည်မှ စ၍ တလှုပ်လှုပ် တရွရွ ဖြစ်နေသည်။ ရယ်သံမောသံ ညံနေသည်။ လက်ထပ်ပွဲအတွက် ပြင်ကြ ဆင်ကြခြင်းပင်။ ကျွန်တော်သည် သမီး၏ လက်ထပ်ပွဲ တင့်တောင့်တင့်တယ် ဖြစ်အောင် ချီးမြှင့်သုံးစွဲလိုသဖြင့် ကျွန်တော်၏အခန်းထဲ၌ အသုံးစရိတ်တို့ကို တွက်ချက်နေသည်။ ထိုအခိုက်တွင် အခန်းထဲသို့ လူတယောက် ဝင်လာသည်။ ကျွန်တော့်ကို တရိုတသေ ဆလံပေး၍ ရှေ့မှောက်၌ ရပ်လာသည်။ ထိုလူသည် အခြားမဟုတ်၊ ကာဗူလီဝါလား ရာမန် ဖြစ်သည်။ ပဌမသော် ကျွန်တော်သည် ရာမန်ကို မမှတ်မိ။ ဝိုးတိုးဝါးတား ဖြစ်နေသည်။ သူ့ကျောပေါ်၌ ပါနေကျ အိတ်ကြီးသည် ပါမလာ။ သူ့ဆံပင်ကို အတိုညှပ်ထားသည်။ ယခင်အခါများက ရွှင်ရွှင်ပျပျ ထားတတ်သော သူ့မျက်နှာသည် အုံ့မှိုင်းနေသည်။ သို့ရာတွင် သူကစ၍ ပြုံးပြလိုက်သောအခါ ကျွန်တော် သူ့ကို မှတ်မိလာသည်။

“ဟ ... ရာမန် ပါလား။ မင်း ဘယ်တုန်းက လာသလဲ”

“နှစ်စေ့လို့ မနေ့ညကဘဲ ထောင်က လွှတ်ခွင့် ရလာပါတယ် ခင်ဗျာ”

ထိုစကားကြောင့် ကျွန်တော့်မှာ နားခါးသွားသည်။ လူလျှင်လူချင်း သွေးထွက်သံယို ဖြစ်အောင် သတ်တတ် ပုတ်တတ်သော သူနှင့် ကျွန်တော် တခါမျှ မျက်နှာချင်း ဆိုင်၍ စကားမပြောဖူးချေ။ ယခု ပြောနေရပြီ။ ထို့ကြောင့် ကျွန်တော့်မှာ စိတ်ဆင်းရဲခြင်း ဖြစ်လိုက်မိသည်။ ထို့ပြင် ဤနေ့မှာမှ ရာမန် ရောက်လာခြင်းသည်လည်း ကျွန်တော့်သမီး လက်ထပ်ပွဲအတွက် နိမိတ်မကောင်းဟု ထင်လိုက်မိသည်။ ထို့ကြောင့် ကျွန်တော်က ရာမန်အား “ဒီနေ့မှာ မင်္ဂလာ ယူပြီး၊ မင်္ဂလာပွဲကို ကျင်းပဖို့ ဒို့ ပြင်ဆင်နေကြတယ်။ ဒို့ အလုပ်များ နေကြတယ်။ သိရဲ့လား။ နောက်တနေ့မှာမှ လာခဲ့ကွာ။ သိရဲ့လား” ဟု ပြန်ပြောလိုက်သည်။

ရာမန်သည် ချက်ချင်းပင် လှည့်ထွက်သွားသည်။ သို့ရာတွင် တံခါးဝသို့ ရောက်သောအခါ သူ တွေနေပြီးမှ၊ ကျွန်တော့်ဘက်သို့ ပြန်လှည့်၍ “ကလေးကို တွေ့ချင်လို့ လာတာပါ ခင်ဗျာ။ ခဏကလေး ဖြစ်ဖြစ်၊ ကလေးကို မကြည့်ရဘူးလား ခင်ဗျာ” ဟု မေးပါသည်။ ယခု မိနိကို ယခင်က မိနိဟု သူ ထင်နေဟန် တူသည်။ မိနိက “ဟေ့ ကာဗူလီဝါလား၊ ဟေ့ ကာဗူလီဝါလား” ဟု အော်ခေါ်ကာ သူ့ဆီသို့ ပြေးလာလိမ့်မည် ဟုလည်း သူထင်နေဟန် တူသည်။ ထို့ပြင် ယခင်ကကဲ့သို့ပင် သူနှင့် အပြောင်အပြက် ပြောကာ၊ ရယ်ကာ မောကာ နေကြရဦးမည် ဟုလည်း သူ ထင်နေဟန် တူသည်။ ထို့ပြင် မိနိဖို့ ယခင်က သူ့မှာ ပါလာမြဲ ဖြစ်သည့်အတိုင်း ယခု တခေါက်၌လည်း သူ့အမျိုးသား ဖြစ်သည့် ကာဗူတောင်တန်းသား တဦးဦးထံမှ တနည်းနည်းဖြင့် သူ ရအောင် ယူလာခဲ့သော သစ်ကျားသီးနှင့် စပျစ်သီးတို့သည် စက္ကူဖြင့် ထုပ်လျက် သူ့မှာ ပါလာသည်။ သူ ထောင်ကျနေစဉ်တွင် သူပိုင် ရှိစုမဲ့စု ငွေကြေးတို့သည် သူ့ကို စွန့်ခဲ့ကြပြီ မဟုတ်လော။

“ဟေ့  ... ဒီနေ့ အိမ်မှာ မင်္ဂလာ ယူနေတယ်ကွ။ နောက်တနေ့မှာမှ လာကြည့်ကွာ။ ဒီနေ့မှာ မကြည့်နိုင်ဘူး” ဟု ကျွန်တော်က ထပ်ပြောလိုက်ရာ ရာမန်သည် ကျွန်တော့်ကို ဝမ်းနည်းပန်းနည်း  ငေးကြည့်နေသည်။ ထို့နောက်မှ “ကောင်းပါပြီ ခင်ဗျာ” ဟု ဆိုကာ ထွက်သွားပါသည်။ ထိုအခါ ကျွန်တော် စိတ်မကောင်း ဖြစ်မိသည်။ ပြန်ခေါ်လိုက်ရလျှင် ကောင်းလေမည်လား ဟုပင် တွေးလိုက်မိသည်။ သို့ရာတွင် ရာမန်သည် သူ့အလိုအလျောက်ပင် ကျွန်တော့်ဆီသို့ ပြန်လှည့် လာပါသည်။ အနားသို့ တိုးလာပြီးလျှင် သူ့သစ်သီးလက်ဆောင်များကို ကမ်းပေးလျက် “ကလေးဖို့ စားစရာတွေကို ကျွန်တော် ယူလာပါတယ်။ သူ့ကို ပေးလိုက်ပါလား ခင်ဗျာ” ဟု ဆိုပါသည်။

ကျွန်တော်သည် သူ့လက်ဆောင်ကို လှမ်းယူလိုက်ပြီးလျှင် ပိုက်ဆံ ထုတ်ပေးမည် ပြုသောအခါ ရာမန်သည် ကျွန်တော့်လက်ကို တား၍ “နေပါ့စေ ခင်ဗျာ။ သည်းခံပါ ခင်ဗျာ။ ကျွန်တော့် လက်ဆောင်ကို အမှတ်တရအဖြစ် ယူပါ ခင်ဗျာ။ ပိုက်ဆံကိုတော့ မပေးပါနဲ့ ခင်ဗျာ။ ခင်ဗျာ့မှာ သမီးကလေး ရှိသလို ကျွန်တော့်မှာလည်း သမီးကလေးတယောက် ရှိပါတယ်။ အခု သူ ကာဗူမှာ ရှိပါတယ်။ ခင်ဗျာ့သမီးကလေးဖို့ သစ်သီးလက်ဆောင်ကို ကျွန်တော် ယူလာတာဟာ ပိုက်ဆံ လိုချင်လို့ မဟုတ်ပါဘူး။ ကျွန်တော့် သမီးကလေးကို ကျွန်တော် လွမ်းဆွတ်အောက်မေ့လွန်းလို့ပါ ခင်ဗျာ” ဟုပြောရှာလေသည်။

ထိုသို့ ပြောပြီးနောက် ရာမာန်သည် သူ့အင်္ကျီအိတ်ထဲမှ ဟောင်းညစ်လှပြီ ဖြစ်သော စက္ကူခေါက် တခုကို နှိုက်ယူလိုက်ပြီးနောက်၊ စက္ကူခေါက်ကို ဖြည်းညင်းစွာ ဖြေလိုက်၍ ကျွန်တော်၏ စာရေးစားပွဲပေါ်တွင် ဖြန့်ပြပါသည်။ ပဌမသော် ဓာတ်ပုံဟု ကျွန်တော် ထင်လိုက်မိသည်။ သို့ရာတွင် ဓာတ်ပုံ မဟုတ်ပါ။ မင်ဖြင့် နှိပ်ထားသော သူ့သမီးငယ်၏ လက်ဝါးပုံစံသာ ဖြစ်သည်။ နှစ်စဉ် သစ်သီးရောင်းရန် ကာဗူနယ် တရပ်တကျေးမှ ကလကတ္တား မြို့ကြီးသို့ သူဆင်းလာတိုင်း ထိုလက်ဝါးပုံစံကို သူနှင့်အတူ သူ ယူလာ၍၊ သူနှင့် မခွဲမခွါ သူ အမြတ်တနိုး ဆောင်ထားတတ်သည်ဟု သိရပါသည်။

ကျွန်တော့်တွင် မျက်ရည် ဝဲလာမိသည်။ ငါသည် ရာမန်နှင့် မတူ။ ရာမန်သည် အညတြ ကာဗူလီ သစ်သီးသယ်မျှသာ ဖြစ်သည်။ ယခင်အခါကသော် ကျွန်တော်သည် ထိုသို့ အထင်ရှိခဲ့သည်။ ယခုမူ ထိုသို့ မထင်နိုင် ဖြစ်လာပါသည်။ ကျွန်တော့်မှာလည်း သမီးရင်သွေး ရှိသည်။ ရာမန်မှာလည်း သမီးရင်သွေး ရှိသည်။ ကျွန်တော်သည်လည်း သမီးကို ချစ်သော ဖခင် ဖြစ်သည်။ ရာမန်သည်လည်း သမီးကို ချစ်သော ဖခင် ဖြစ်သည်။ ကျွန်တော်တို့ နှစ်ဦးစလုံးပင် သမီးကို ချစ်သောမေတ္တာသည် ပြင်းပြသည် မဟုတ်ပါလော။ ကျွန်တော်၏ စိတ်ထဲတွင် အညတြ သစ်သီးသယ်သည် ကွယ်ခဲ့လေပြီ။ ကာဗူတောင်တန်း ဒေသရှိ သူ့သမီး ပါရ်ဝတီ၏ မင်နှိပ်လက်ဝါးပုံစံကို ကျွန်တော် မြင်ရသောအခါ ကျွန်တော့် သမီး မိနိကို ကျွန်တော် သတိရလာပါသည်။

ချက်ချင်းပင်လျှင် ကျွန်တော်သည် သမီး မိနိကို အိမ်တွင်းမှ ထွက်လာရန် အခေါ်လွှတ် လိုက်သည်။ အခေါ်လွှတ်ရ ပါမည်လားဟု ကျွန်တော့်ကို တအိမ်လုံးက ဝိုင်း၍ ရန်တွေ့ကြသည်။ သို့ရာတွင် ကျွန်တော်သည် တရွေးသားမျှ မဖြုန်၊ ထုံပေပေ လုပ်နေလိုက်သည်။ မိနိ ထွက်လာပြီ။ ကျွန်တော့် အနီးသို့ လာ၍ ရပ်သည်။ ပွဲထိုင် ပိုးဆာရီ အနီနှင့် လှနေသည်။ ကာဗူလီဝါလားသည် အံ့အားသင့်နေပုံ ရသည်။ ယခင်ကကဲ့သို့ အပြောင်အပြက်ပြောကာ၊ ရယ်ကာ မောကာ သူ မပြုမမူ နိုင်တော့ပြီ။ သိဟောင်း ကျွမ်းဟောင်း အမူအရာကို သူ ပြန်မကောက်နိုင်တော့ပြီ။ အတန်ကြာမှ ကာဗူလီဝါလားသည် ပြုံးလာ၍ “ကလေးရေ့ ... ယောက္ခမအိမ်ကို နင်သွားတော့မှာလား ကလေးရယ်” ဟု ဆိုလိုက်သည်။ မိနိသည် ယခုအခါတွင် ယောက္ခမ ဟူသော စကား၏ အဓိပ္ပါယ်ကို နားလည်နေပြီ ဖြစ်သည်။ ထို့ကြောင့် ငယ်စဉ်တုန်းက သူပြန်လည် ချေပ တတ်သကဲ့သို့၊ ယခု သူ မချေပ တတ်တော့ပြီ။ ပန်းပန်ထားသော ဦးခေါင်းကို ငုံ့လျက် နှုတ်ဆိတ်၍သာ မတ်တတ်ရပ်နေရှာသည်။

ကျွန်တော်သည် သမီး မိနိနှင့် ကာဗူလီဝါလားတို့ ပဌမ စတွေ့ကြပုံကို သတိရလာသည် ဖြစ်ရာ၊ သူတို့အတွက် စိတ်မကောင်း ဖြစ်လိုက်မိသည်။ အတန်ကြာ၍ မိနိ အိမ်တွင်းသို့ ပြန်ဝင်သွားသောအခါ ကာဗူလီဝါလားသည် ခေါင်းတယမ်းယမ်းနှင့် ကျန်ခဲ့၍၊ ကြမ်းပေါ်၌ ထိုင်ချလိုက်ပါတော့သည်။ ပုံပန်းမှာ သူ့သမီးနှင့် ခွဲခွာ၍ တရပ်တကျေးတွင် ဤမျှလောက် ကြာမြင့်စွာ အိုးပစ်အိမ်ပစ် သူ နေထိုင်လာခဲ့ရသည် ဖြစ်ရာ၊ သူ့သမီးသည်လည်း ယခုအခါတွင် အပျိုကြီးဖားဖား ဖြစ်နေပေရော့မည်ဟု သူ တွေးနေဟန် တူသည်။ တောင်တန်းဒေသ၌ ကျန်ရစ်ခဲ့သော သူ့သမီး အပျိုပေါက်သည် သူ့ကို မှတ်မိပါတော့မည်လား။ မှတ်မိပါဦးမည်လား။ သူ့စိတ်ထဲတွင် မကွဲမပြား ဖြစ်နေဟန် တူသည်။ ထို့ပြင် ၈- နှစ် မျှသော ကာလအတွင်းတွင် သူ့သမီးသည် မည်သည့်အရပ်၌ ရောက်နေသနည်း။ မည်သို့ မည်ပုံ စားသောက် နေထိုင်၍ မည်သို့ မည်ပုံ ဖြစ်နေသနည်း။ ဤအတွေး ဤအမေးသည်လည်း သူ့စိတ်ထဲ၌ တဝဲလည်လည် ဖြစ်နေဟန် တူသည်။

မိနိ၏ မင်္ဂလာ လက်ထပ်ပွဲ အခမ်းအနားအတွက် နှဲသံကို ကြားရလေပြီ။ နေခြည် မဖျော့တဖျော့သည် အခန်းထဲသို့ တန်း၍ ဝင်လာလေသည်။ ရာမန်ကား မတုန်မလှုပ် ငုတ်တုတ် ထိုင်လျက်သာ နေသည်။ သူ့စိတ်မျက်စိတွင် သူ့ဇာတိ ဖြစ်သော အာဖဂန်နီစတန် နိုင်ငံက အာဖဂန်တောင်မြင့် တောင်တန်းကြီးများကို သူ မြင်နေဟန် တူသည်။ ကျွန်တော်သည် ရာတန်စက္ကူ တချပ်ကို ထုတ်၍ သူ့လက်ထဲသို့ ထည့်လိုက်သည်။ “ကဲ ... ရာမန်၊ ငိုင်မနေပါနဲ့ကွာ။ မင့် သမီး ရှိရာ မင့်နိုင်ငံကို မင်း မြန်မြန်ပြန်။ ကြားရဲ့လား။ မင့်သမီးကို မင်း တွေ့ရမှာပါပဲကွာ။ မင်းတို့ သားအဖ ပြန်တွေ့ကြလို့ မင်းတို့ ပျော်မဆုံး ရွှင်မဆုံး တပြုံးပြုံး ဖြစ်နေကြလျှင် ငါ့သမီးမှာ မင်္ဂလာရှိတာဘဲကွ။ ဘုန်းကြီးလို့ သက်ရှည်ပြီး၊ စီးပွားဥစ္စာလဲ တနေ့တခြား တိုးတက်လာမှာဘဲကွ” ဟုလည်း ကျွန်တော်က ပြောလိုက်ပါသည်။

ကျွန်တော်သည် ရာမန်အား သူ့ခရီးစရိတ်အတွက် ငွေတရာ ပေးလိုက်ပြီးသည့်နောက် မင်္ဂလာ လက်ထပ်ပွဲအတွက် သုံးတတ်ကြသော ပကာသန အသုံးစရိတ်တို့ကို ဖြတ်တောက် လျှော့ချလိုက်ပါသည်။ မူလက ကျွန်တော် ရည်မှန်းထားသော ဓာတ်မီးရောင်စုံကို မထွန်းဘဲ ထားလိုက်သည်။ တီးဝိုင်းကို ဖြုတ်လိုက်သည်။

ထို့ကြောင့် အိမ်ရှိ မိန်းမပိုင်းတွင် စိတ်မကောင်းဖြစ်လိုက်ကြသည်။ သို့ရာတွင် ကျွန်တော့်အဖို့မှာ မင်္ဂလာ လက်ထပ်ပွဲသည် ကျက်သရေ အပေါင်းနှင့် ပြည့်စုံသည်သာ ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော်၊ သမီးနှင့် အကြာကြီး ခွဲခွာလာခဲ့ရ ရှာသော ဖခင်သည် ကာဗူနယ်ရှိ သူ့ဇာတိ ဌာနတွင် သူ၏ တဦးတည်းသော ချစ်သမီးကို ပြန်လည်တွေ့ရ ပေတော့မည်ဟု ကျွန်တော်၏ စိတ်၌ မြင်ယောင်နေသောကြောင့် ဖြစ်ပါသတည်း။

(The Cabulwallah by Rabindranath)

(ဇော်ဂျီ)

ကူးယူတင်ပြခြင်းဖြစ်ပါသည်။ ကျေးဇူး။

မူရင်းစာရိုက်သူသည် သူများတွေလို စာကိုတမင်တကာ မှားအောင်မပြင်ပါ။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ