ဗုဒ္ခဘာသာဟာ မြန်မာ့နိုင်ငံရေးမှာ ဖြည့်ဆည်းပေးမှုကြီးတရပ်ဖြစ်တယ်လို့ နိုင်ငံခြားသားသုံးသပ်သူတွေက မှတ်တမ်း တင်ထားပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက်စခဲ့ရတဲ့ အမျိုးသားရေးလှုပ်ရှားမှုဟာ Young Men's Buddhist Associations (YMBA) ဝိုင်အမ်ဘီအေ ဖြစ်ပါတယ်။ YMBA အဖွဲအစည်းတွေဟာ မြန်မာပြည်မှာသာရှိတာ မဟုတ်ပါ။ သီရိလင်္ကာမှာ ကိုလန်ဘို၊ ကိုလုံနာဝါ၊ မဟာရာဂါမ စတဲ့ နေရာအမျိုးမျိုးမှာရှိတယ်။ အမေရိကားနဲ့ ကနေဒါ နှစ်ခုတွဲလဲ ရှိပါသေးတယ်။
မြန်မာနိုင်ငံမှာ ကျောင်းသားနဲ့ ရဟန်းတော်တွေဟာ နိုင်ငံရေးဖြစ်စဉ် ကြီးကြီးမားမားတိုင်းမှာ ရှေ့တန်းကနေ ထွက်လာပြီး ဦးစီးခဲ့တာက သမိုင်းတင်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ ဆရာတော် ဦးဥတ္တမနဲ့ ဦးစိန္ဒာတို့ဟာ ရခိုင်ပြည်နယ်ကနေ ထွက်ပေါ်ခဲ့ကြပြီး၊ အင်းစိန်ထောင်မှာ ပျံလွန်တော်မူခဲ့တယ်။ ရန်ကုန်မြို့တော်မှာ ထင်ပေါ်ခဲ့တာက ဆရာတော်ဦးဝိစာရဖြစ်တယ်။ အစာငတ်ခံဆန္ဒပြခဲ့တဲ့ အာဇာနည်ဖြစ်တယ်။ ရဟန်းပျိုအဖွဲ့က မန္တလေးမှာ ဗဟိုပြုတယ်။ ၁၉၂ဝ မှာ General Council of Burmese Association (GCBA) အသင်းကြီးဟာ YMBA နဲ့ တခြားမျိုးချစ်တွေ စုပေါင်းပြီး ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာအပြင်၊ ဟင်ဒူ၊ ခရစ်ယန်နဲ့ မွတ်ဆလင်တွေပါ ပါဝင်နိုင်လာစေတယ်။ ၁၉၂၂ မှာ General Council of Sangha Associations (GCSA) သံဃအသင်းတော်ကြီးဖွဲ့ခဲ့တယ်။
ကျွန်တော် သမိုင်းဆရာမဟုတ်ပါ။ လက်လှမ်းမီတာတွေနဲ့သာ ကောက်ချက်ဆွဲရရင် ဗြိတိသျှလက်အောက်မှာ ဗုဒ္ဓဘာသာကို နှိပ်ကွပ်မှုအထောက်အထား မရှိသလောက်ပါ။ ဗုဒ္ဓသာကနေသာ အမျိုးသားရေးနဲ့ လွတ်လပ်ရေးကို ဦးစီးမှုပေးခဲ့တာ ဖြစ်တယ်။ လုပ်ခွင့် ရသင့်သလောက်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီအတွက် ပေးဆပ်ရမှုမှာ ထောင်သွင်းခံရတာ၊ အသက်ပေးရတာဟာ အရေအတွက်က လွတ်လပ်ရေး ဆိုတဲ့ မဟာကြိုးပမ်းမှုကြီးနဲ့စာရင် နည်းပါးပါတယ်။ ၁၉၆၂ နောက်ပိုင်းက ပိုများမလား မပြောတတ်ပါ။ ဗြိတိသျှတွေက ခရစ်ယန်တွေပေမဲ့ ခရစ်ယန်ကိုသာ ဦးစားပးတယ်လို့ ထင်ထင်ရှားရှားမှတ်တမ်း လက်လှမ်းမမီပါ။ အစိုးရထဲမှာရော၊ အစိုးရအရာထမ်းတွေထဲမှာပါ ခရစ်ယန်ကိုသာ ဦးစားပေးခဲ့တယ်လို့ ကောက်ချက်ဆွဲမရပါ။ တိုင်းရင်သားဒေသတွေမှာ ခရစ်ယန်အယူ ဖြစ်လာအောင်တော့ ရေရှည်စီမံချက်ကြီးနဲ့ လုပ်ခဲ့ပါတယ်။ ဒါလဲ ဗုဒ္ဓဘာသာအပါအဝင် ရှိပြီးသားတခြားဘာသာတွေကနေ အတင်းကူးပြောင်းစေတာမျိုးလုပ်တဲ့ အထောက်အထားက မှတ်တမ်းရှားပါတယ်။ သိမ်းသွင်း ဆွဲဆောင်နည်းကိုသာ သုံးခဲ့ပါတယ်။
၁၉၀၀-၁၉၁၁ မှာ အိုင်းရစ် ဗုဒ္ဓဘာသာဝင်လို့တွင်တဲ့ ဆရာတော် ဦးဓမ္မလောကဟာ ခရစ်ယန်နဲ့ ကိုလိုနီကို ချဲလင့်လုပ်ခဲ့လို့ ပုန်ကန်မှုနဲ့ စီရင်တော်မူခံရတယ်။ ဒီအချက်က ဗီယက်နမ်မှာ ဖြစ်ခဲ့တာနဲ့ ဆင်တူတယ်။ ကျန်တဲ့ ဗုဒ္ဓဘာသာအသင်းတွေ၊ ဆရာတော်တွေကနေ ခရစ်ယန်ကိုဖြစ်ဖြစ် တခြားဘာသာကိုဖြစ်ဖြစ် ဆန့်ကျင်တာ၊ ပိတ်ပင်တာ မရှိသလောက်ဖြစ်ပြီး၊ တိုင်းပြည်တခုလုံးအတွက် အရေးကြီတဲ့ အမျိုးသားရေးနဲ့ လွတ်လပ်ရေးအတွက်သာ ရွက်ဆောင်ခဲ့ကြပါတယ်။ အမျိုး-ဘာသာ-သာသနာ-ပညာဆောင်ပုဒ်ကိုလဲ အကန့်အသတ်နဲ့သာ သုံးခဲ့ပါတယ်။ Boycott အင်္ဂလိပ်စာလုံးကို မြန်မာပြန်ရာမှာ သပိတ်မှောက်လို့ဖြစ်လာခဲ့ခြင်းဟာ လွတ်လပ်ရေးအတွက် ဗုဒ္ခဘာသာရဲ့ လှပတဲ့သင်္ကေတတခု ဖြစ်ပါတယ်။
ဒါတွေကြောင့် ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွါးရေးအတွက် နည်းနာသစ်တွေကို ခေတ်မီရဟန်းသံဃာတော်တွေက ခေတ်နဲ့ညီအောင် သုံးချင်လာကြတယ်။ လက်နက်ကိုင်နည်း၊ အကြမ်းဖက်နည်း၊ အသေခံနည်း၊ ဘာသာရေးကို တလွဲအသုံးချနည်း၊ လူ့စိတ်ရဲ့ပျော့ကွက်ကို ထိထိရောက်ရောက် အသုံးချနည်း၊ ဆွဲဆောင်စည်းရုံးနည်း၊ ငွေကြေးနဲ့ လာဘ်လာဘပေးနည်း၊ စတဲ့နည်းတွေကို ဓမ္မနည်းက အရေအတွက်မှာ မယှဉ်သာပါ။
အာသောကဧကရာဇ်ဟာ ကြီးမားလွန်းလှတဲ့ ကာလင်္ဂသွေးချောင်စီးစစ်ပွဲကြီးတိုက်ခဲ့တာဟာ ဗုဒ္ဓဘာသာထွန်းကားစေဘို့ မဟုတ်ခဲ့ပါ။ ပြောင်းပြန်သာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့သာသနာပြုလုပ်ငန်းတော်ကြီးကျေးဇူးကို မီအောင်ဆောင်ရွက်နိုင်သူ မပေါ်သေးပါ။
မတူတဲ့ဘာသာရေးတွေမှာ မတူတဲ့သာသနာပြုနည်းရှိတယ်။ အခြေခံလဲမတူ၊ ပန်းတိုင်လဲ ကွဲပြားကြတယ်။ မွန်မြတ်သန့်စင်မှုကို ရေမရောသင့်ကြပါ။ လောကမှာ အ, တဲ့သူကပိုများတယ်။ ပညာနည်းသူက မနည်းဘူး။ အကြိုက်ပေးရင် လိုက်ချင်သူက တဝက်မကရှိတယ်။
ဖြည့်စွက်ချက် -
ဒီစာကိုရေးထာတာ ၅ နှစ်တိတိက။ အခုတော့ လိမ်တဲ့သူတွေ ပိုများလာတယ်။ အလိမ်ခံရမှန်းမသိသူတွေလည်း ပိုများလာတယ်။ ခရစ်ယန်အများစုနေတဲ့ အမေရိကမှာတော့ မုသားဟာ မဲဆွယ်ရေးလက်နက်ဖြစ်လာပြီး များများလိမ်တဲ့သူ မဲရမယ်။ မြန်မာပြည်နဲ့ တူတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment