စာရေးကောင်းတဲ့ ဆရာမလေးခင်လပြည့်ဝန်းရဲ့ "ကံ့ကော်အမှတ်တရနေ့ရက်အလွမ်းများ(၁)" စာလေးကိုဖတ်ရှုပြီးသကာလ တိုက်ဆိုင်မှုလေးတွေနဲ့အတူ လွန်ခဲ့သော နှစ်ပေါင်း၅၀ကျော်၆၀နီးပါးခန့်လောက်က အချိန်တွေဆီ တရွေ့ရွေ့ရောက်ရှိလို့ မျက်ဝါးထင်ထင် ပြန်မြင်ယောင်မိသလိုလို အမိတက္ကသိုလ်အင်းယားဆောင်သို့ အလွမ်းတွေ စီးမျောမိပြန်ပေါ့။
၁၉၆+++ အချိန်ကာလများဆီက တက္ကသိုလ်တက်ရောက် ပညာဆည်းပူးခဲ့ကြသူတိုင်း အသီးသီး သူငယ်ချင်းများအဖြစ် အုပ်စုလိုက် မခွဲအတူ တွဲခဲ့ကြသူများ တဆင့်တက်၍ ချစ်သူများအဖြစ် ရင်းနှီးကျွမ်းဝင်ဘို့ အမျိုးမျိုးကြိုးစားရင်း ချစ်သူဖြစ်သွားသူများ… ဘဝလက်တွဲဖော်အဖြစ် တူယှဥ်မခွဲ… သက်ဆုံးတိုင် တွဲနိုင်သူ ရှိသလို လက်တွဲခွင့်မရခဲ့သူ များစွာရှိနေသည်မှာလည်း အမှန်ဖြစ်ပါသည်။
မိဘရင်ခွင်မှ စတင်ထွက်ခွာပြီး ဘဝလမ်းကြောင်း တခုအပေါ် ပညာသင်ကြားရင်း နုနယ်ပျိုမြစ် ပရစ်ဖူးစအရွယ် ဆယ်ကျော်သက်လေးများအချင်းချင်း အကြင်နာမျက်ဝန်းမှ မေတ္တာတမန်လေးရဲ့စေစားချက်နဲ့ ချစ်စရာအလှအပလေးများကို ရင်ဝယ်ကြည်နူးခံစားတတ်လာကြသည်မှာလည်း သဘာဝတရားအတိုင်း စီးဆင်းမှုလို့ခံယူမိပါသည်။
ယင်းအချိန်ကာလအတွင်း ယနေ့ခေတ်လို Internet မထွန်းကားသေးသဖြင့် မိမိကိုယ်ကို အားကိုးခြင်း၊ ဌက်ခါးလေးအသိပါအချစ်ရေ … မေးကြည့်ပါကွယ်သူလာလိမ့်မယ်… ဆိုသလို စာတိုက်ကို အားကိုးခြင်းများဖြင့် မိမိလိုလား နှစ်သက်သော ကျောင်းသူလေးများကိုအသီးသီးကြိုးစားခဲ့ကြသည်မှာ မငြင်းနိုင်သောအရာ ဖြစ်ပါသည်။
စာပေဂီတ အနုပညာ ဝါသနာပါသူများအတွက် ကဗျာ…စာပေများဖြင့်နံရံကပ်စာစောင်များမှတဆင့်လည်းကောင်း… ဂီတသံစဥ် ကျွမ်းဝင်သူများအတွက် သီချင်းလေးများရည်ညွှန်းလျက် အဆောင်များရှေ့တွင်လည်းကောင်း ….. အချို့မှာ ကဗျာစာပေ ဂီတသံစဥ်တို့နှင့်လည်း မအပ်စပ်သလို ကိုယ်တိုင်လည်း မဝံ့ရဲ… သူများအဖို့ စာရေးကောင်း သူငယ်ချင်း၏ အကူအညီဖြင့် ကူယူရေးထည့်ပြီး လက်ထဲသို့ အမိအရ စာလိုက်ပေးခြင်း… မျိုးစုံရှိခဲ့ပါသည်။
စာလိုက်ပေးသည့် လမ်းကြောင်းသည် အောင်မြင်မှုအနည်းဆုံး ဖြစ်မည်ဟုယူဆမိပါသည်။ ကျောင်းခန်းသို့လာရာလမ်းတလျှောက် စာလွှာလေး ဆက်သသည့်သဘောဖြင့် ပေးအပ်လာသည့်အခါ အတွဲသူငယ်ချင်းက မလိုလားစွာစာကိုဆွဲဖြဲပြီး "မာလကာသီး… သြဇာသီးပုံ… ပွစိစိနဲ့ နင့်ရုပ်မှ အားမနာ,မော်ကွန်းထိန်းတိုင်မယ်" ဆိုတော့ခပ်လှမ်းလှမ်းက စောင့်လျက်သူ့သူငယ်ချင်းများ တချိုးတည်း သုပ်ခြေတင်ပြေးကြတာမျိုး မြင်ခဲ့ရဘူးပါသည်။
အင်းလျားဆောင် အနောက်ဘက်အဆုံးအခန်းမှာ နေထိုင်စဥ် ရင်းနှီးကျွမ်းဝင်ဘို့ မဆိုထားနှင့်… တကြိမ်တခါမျှ တွေ့ထိမြင်ဘူး ခြင်းမရှိသော ကျောင်းသားတဦး၏ နေ့စဥ်အခန်းဘေးမှ တညလုံးမိုးစင်စင်လင်းသည်ထိ ညအမှောင်ထဲမှာ စီးကရက်မီးဖွားလေး
ဖြင့် တေးသီနေခဲ့တာ မပျက်မကွက်ရက်ဆက်ဆိုသလိုအံ့ဩဖွယ်ရာ ကြုံရဘူးပါသည်။ တဆင့်တက်၍စာတိုက်မှတဆင့် စာပို့ခြင်း၊ ကျောင်းတက်ခန်းများသို့ တကောက်ကောက်လိုက်ခြင်းများ အဆက်မပြတ် ကြုံရသည့်အခါမိဘများ ရည်ရွယ်ထားသူရှိကြောင်း… ချစ်သူရှိကြောင်း ပြောဆိုခဲ့သော်လည်းအရာမထင်ခဲ့ပါ။
စာကြိုးစားရင်း မိန်းကလေးသူငယ်ချင်းအနည်းငယ်မျှသာ ရှိပြီးကျောင်းသားသူငယ်ချင်းများစွာ မရှိခဲ့ပါ။ လက်တွေ့ခွဲစိတ်ခန်းဝင်သည့်အခါကျောင်းသားသူငယ်ချင်းများ တွေ့ဆုံခဲ့ပါသည်။ အနီးကပ် ကျောင်းသားသူငယ်ချင်း၏ ပုံစံကိုညွှန်းဆိုပြမည်ဆိုလျှင် နာမယ်ကျော်မင်းသားညွန့်ဝင်းနှင့်ခပ်ဆင်ဆင်… အသားဖြူ၊ အရပ်ရှည်၊ စမတ်ကျကျ… အစိုးရဌာနဆိုင်ရာလူကြီးတဦး၏ သားအဖြစ် နို့စိမ်းရောင် (Familia) ကားလေးမောင်းပြီး ချောမောလှပတင့်တယ်သည့် ခင်သန်းနုပုံ ကျောင်းသူလေးကို တွဲနေသူမို့အားလုံးသိဖြစ်၍ ရဲဝံ့စိတ်ချသူငယ်ချင်းအဖြစ် ခံယူမိပါသည်။
တကောက်ကောက် လိုက်ပါနှောင့်ယှက်နေသော သီချင်းသည်လေးကိုဟန်ဆောင်ချစ်သူအဖြစ် အကူအညီတောင်းခံမှုအပေါ် လက်ခံပြီးနောက်ထပ် မနှောင့်ယှက်ဘို့ အပြတ်ဖြတ်နိုင်ခဲ့လို့ကျေးဇူးတင်ခဲ့ရပါသည်။ သာမာန်ဇာတ်လမ်းတခု ပြီးဆုံးသွားလျှင်ကောင်းလေစွ။
အနှီကျောင်းသားသူငယ်ချင်း၏ စိတ်အစဥ်များ မည်သို့ပြောင်းလဲသွားသည်မသိ။ အင်းလျားဆောင်သို့ ညနေဧည့်တွေ့ချိန် နေ့စဥ်ရောက်ရှိလာနေသည်က မွေးရာပါမိန်းမသားတယောက်၏ အသိကနှိုးဆော်ပေးသလိုပါ။ မိမိ၏ရုပ်သွင်မူယာ နောက်ခံဘက်ဂရောင်း စသည်တို့သည် သာမန်မျှသာရှိသည်ကို မသိမဟုတ်။ သိနေလျက်ပါ။ ချောမောလှပ တော်ဝင်တဲ့ခင်သန်းနုပုံလေးကို ပစ်ပြီး သာမန်မိန်းခလေးတဦးဆီ ပြောင်းလာခြင်းသည် ရိုးရှင်းခြင်း ရှိမရှိစဥ်းစားစရာပါ။
အင်းလျားဆောင်ရဲ့ဧည့်တွေ့ချိန်ညနေခင်းတခုမှာတော့ သူ့ဘေးမှာ အဖော်တယောက်ပါလာပြီး မိတ်ဆက်ပေးတော့ "သူ့ကိုကျွန်တော် သိတာ ကြာပါပြီ။ ခင်ဗျားလာနေတာ သူ့ဆီကိုလား။ သူက အရမ်းချစ်စရာကောင်းလို့ကျတော်ချစ်တဲ့ ကောင်မလေးတဲ့"
စာသင်ခန်းရှေ့မှာ တကြိမ်တခါ မြင်ဘူးသလိုရှိတာကလွဲလို့ လုံးဝမသိ…အကျွမ်းတဝင် မရှိသူ… လူကြီးတဦးကအတန်းထဲကပါလို့ မိတ်ဆက်ပေးသည့်တိုင် အစိမ်းသက်သက် ကြားကသူပြောလိုရာ ဇွတ်ပြောနေတာ နှစ်လိုဘွယ်ရာလုံးဝမရှိသူအဖြစ် မြင်မိနေပါသည်။
အလွန်ဆန်းကျယ်သော ဖြစ်ရပ်တခုကြုံရလိမ့်မည်ဟု တခါမျှ မတွေးမိခဲ့ဘူးပါ။ ကျောင်းမှအပြန် အခန်းများဖြတ်ကျော်၍ သိပ္ပံအဆောက်အဦးအပေါက်ကထွက်ပြီး အင်းလျားဆောင်နောက်ဘက်အပေါက်က ဝင်နေကျလမ်းအတိုင်း လျှောက်လှမ်းလာခဲ့ရာ ရုတ်တရက် အခန်းတခုထဲမှ လူတယောက်ထွက်ပေါ်လာပြီး လက်နှစ်ဘက်ကို ခိုင်မြဲစွာဆွဲလျက် အခန်းထဲသို့ဆွဲပြီး "မင်းကိုငါသိပ်ချစ်တယ်။ မင်းဘယ်သူ့ကိုမှ မချစ်ရဘူး။ ငါ့ကိုဘဲချစ်ရမယ်"ဆိုပြီးသမရိုးကျ ချစ်တဲ့အကြောင်း နူးညံ့သိမ်မွေ့ကြည်သာချစ်ရေးဆိုပုံ တစိုးတစင်းမှမရှိ… ဇွတ်တရွတ် ကိုယ်တိုင် အမှုဆင် ကိုယ်တိုင်ရှေ့နေဆွဲချ… ကိုယ်တိုင်တရားစီရင်ချက်ချတဲ့ တရားသူကြီးလို… တဘက်သား စိတ်ဆန္ဒ သဘောထားတခုမှ မေးမြန်းခြင်းမရှိ… လုပ်ရပ်အပေါ် အလွန်ကြောက်တတ်သော နယ်ကျောင်းသူလေးခမြာ တုန်လှုပ်ခြောက်ခြားစွာ အတတ်နိုင်ဆုံး တုန့်ပြန်အော်ဟစ်သံနဲ့… ကျွန်မကို အဲ့လိုလုပ်လို့မရဘူး … အသက်အသေခံမယ်။ ခုလွှတ်မလား… မလွှတ်ဘူးလား… ဆိုမှလက်လွှတ်ပေးပြီး သူ့ခါးကြားက ခလုပ် ဓါးမြှောင်ကို ထောက်ကနဲဖွင့်…
"မင်းဆီ အင်းလျားဆောင်ကို လာရင်ထွက်တွေ့ရမယ် ငါပြောသလိုလုပ်ရမယ်။ ဒီအကြောင်းတွေ မင်းအခန်းဖော်ရော… ကျန်သူငယ်ချင်းတွေရောဘယ်သူ့မှမပြောရဘူး။ ငါပြောသလို မလုပ်ရင် ဟောဒီဓါးမြင်တယ်နော်… မင်းအဆောင်ထဲထိ ငါဝင်လာမယ်တဲ့ "
အဆောင်တွင်းသို့ တုန်ရီနှေးကွေးသောခြေလှမ်းများဖြင့် စိတ်နှင့်ကိုယ် မကပ်ဘဲ အခန်းသို့ရောက်တော့ အခန်းဖော် မေးသံမကြား… နင်ဘယ်လိုဖြစ်နေတာလဲလို့ ပြောသံသဲ့သဲ့ ကြားမိသလိုလို… ယင်းအချိန်က တကောင်းဆောင် ဟုထင်ပါသည်။ အဆောင်သူတဦးထံကျောင်းသားတဦး ဓါးမြှောင်ကိုင်တက်လာသည့် သတင်းများ ကြားသိနေရသဖြင့် ရင်တွင်းမှာ ဘလောင်ဆူနေပါသည်။ သည်လူပုံစံသည် တကယ်လုပ်ရဲမည့်ပုံ… အရာရာ တဇွတ်ထိုး လုပ်မည့်သူ… စာဖတ်ခြင်းမှလွဲ၍ ဘာမှစွမ်းဆောင်နိုင်သူမဟုတ်… တခုခုဖြစ်လာလျှင် အဆောင်မှ အမြန်ထုတ်ပယ်ခံရပါက ပညာဆုံးခမ်းတိုင်တော့မည်မဟုတ်။ နောက်ဆက်တွဲ အရှက်တကွဲအကျိုးနဲမိဘများ မျက်နှာငယ်ရတော့မည်ကိုတွေးမိရင်း စိတ်မကြည်ရွှင်နိုင်တော့ပါ။
နောက်တရက်တွင် လာခေါ်လို့ ကျောင်းခန်းတခုထဲမှာ စောင့်နေသော ညွန့်ဝင်းနှင့်တူသည့် သူငယ်ချင်းကို တွေ့ရပြီးစာရင်းရှင်းကြပါသည်။
ခင်ဗျားလိုက်ချင်တယ်ဆိုလို့ ခေါ်လာမိတာ။ ကျတော်ချစ်တဲ့ကောင်မလေးကိုခင်ဗျားလုသွားတယ် ဆိုတော့… ခင်ဗျားက ရီးစားအတွဲရှိရက်နဲ့ မလုပ်သင့်ဘူး။ ကျတော်က သူ့ကိုတသက်လုံး လက်တွဲဘို့ရည်ရွယ်ပြီးချစ်တာ။
ခင်ဗျားလဲ ရီးစားရှိနေတာ သိနေတာဘဲ။ ကျတော်လဲ သူ့ကိုတသက်လုံး လက်တွဲဘို့ ရည်ရွယ်ပြီး ချစ်ခွင့်တောင်းမလို့လုပ်နေတုန်း… ခင်ဗျားသစ္စာမရှိဘူး ဆိုပြီး ထိုးကြိတ်တဲ့ အခြေအနေထိရောက်တော့… ကျမအရမ်းစိတ်ရှုပ်တယ် ဘာတွေမှန်းလည်းမသိဘူး။ ကျွန်မက အပေါစား အရုပ်လည်းမဟုတ်ဘူး။ ရှင်တို့နှစ်ယောက် ရပ်မလား…မရပ်ဘူးလား။ အသားကုန်အော်တော့မှ ညွန့်ဝင်းနဲ့တူတဲ့သူငယ်ချင်းက မကျေမချမ်း ရပ်သွားပါတော့တယ်။
အချစ်ဆိုသောအရာကို ဘယ်လိုဋီကာဖွင့်ရမည် မသိအောင် စိတ်အစဥ်မှာဘဝင်မကျခဲ့ရသည့်အချိန်လို့ဆိုရလေမလား? ကိုယ်ချစ်တဲ့သူကိုအချိန်တခုယူပြီးနူးညံ့သိမ်မွေ့အကြင်နာစကားလေးများချစ်တဲ့အကြောင်းထောင်သောင်းမကပြောဆိုရင်း တဦးနဲ့တဦးချစ်ကြည်ရင်နှီး တွယ်ငြိလာကြသည်မှာသမရိုးကျ သဘာဝအတိုင်း မေတ္တာလမ်းကြောင်း ဖောက်ကြသည်မဟုတ်ပါလား??
“မင်းကိုသိတ်ချစ်တယ်ဆိုတဲ့” စကားကိုပြောသည့်နေ့တကြိမ်သာ ကြားဘူးပြီး"ချစ်"စကားတစုံတရာလုံးဝမကြားရတော့ပါ။ တစုံတရာမာနကြီး၍ ပညာပေးသည် ဆိုရအောင်လည်း အေးဆေးစွာ စာဖတ်သည်ကလွဲ၍ လျှပ်ပေါ်လော်လီ လျှောက်သွားလာလည်ပတ်နေတတ်သူမဟုတ်။ သူ့အဖော် သူငယ်ချင်းအပေါ် အနိုင်ယူလောက်သည်အထိ အနှီမိန်းကလေးကျောင်းသူမလေးသည် အထင်ကရအရေးပါ အလှပကေးတယောက်လဲမဟုတ်ပါ။ ဘာကြောင့် သည်မိန်းခလေးအပေါ် ဤသို့ပြုမူရက်ပါသနည်း?
ချစ်လှပါသည်ဆိုသော လူကြီးကိုနားမလည်နိုင်ခဲ့ပါ။ အခြားသမီးရည်းစားတွေလို ချိန်းတွေ့သွားလာ လည်ပတ်တာလည်းမရှိ။ အချိန်မှန်လည်း မလာတတ်သလို… သူဘာလုပ်နေတာလည်း မသိ… ရုတ်တရက်အဆောင်သို့ရောက်လာပြီး အင်းလျားကန်းစောင်းက ဘူးသီးကျော်ဆိုင်မှာ ထိုင်စား … အင်းလျားကန်ဘောင်ပေါ်လမ်းလျှောက်ပြီးအဆောင်ပြန်ပို့ … နောက်ဘယ်တော့ လာမလဲ မပြောသလို… မေးချင်စိတ်လည်းမရှိ… သူလာမည်ကို လိုလားနှစ်သက် မမျှော်မိသလို… လာလျှင်လည်း စိတ်ကသိကအောင့်နှင့် မည်သို့ပြောရမည်မသိ။
ပုံမှန် ချစ်သူရည်းစားတယောက်လို စဥ်ဆက်မပြတ် ချစ်ကြည်ရင်းနှီးမရှိသော်ငြား … သက်ရောက်မှု တစုံတရာ မရှိဟု မှတ်ထင်၍မရ… ထိတွေ့မှုမရှိသည့်တိုင် ငြင်းလို့မရအောင် အမြဲလေးလေးနက်နက် ချုပ်ကိုင်လျက် ရှိနေသည်မှာလည်း ဆန်းကျယ်တဲ့အချစ်ဇာတ်လမ်းတပုဒ်မှာ အဓိပါယ်ရှိမရှိ …. အမှန်တကယ် ချစ်မချစ် … မရေရာ မသေချာသော မင်းသမီးလေးအဖြစ် ကပြခဲ့ရပါကြောင်း.....
အင်းလျားဆောင်သို့ အလွမ်းများစွာဖြင့်…
ခေတ်အဆက်ဆက် အင်းလျားဆောင်သူလေးများ ကျန်းမာ ချမ်းသာကြပါစေ…..
ခင်မိုးမြင့် Zoology (1965-69)
(တချိန်တုန်းကတက္ကသိုလ် နှင့် လွမ်းမောဖွယ် ကျောင်းသီချင်းများ စုစည်းမှု)
၁၉၆၅ ခုနှစ်မှာ ကျွန်တော်လည်း ဆေးကျောင်းရောက်ပါတယ်။ တတိုင်းတပြည်လုံးမှာ တက္ကသိုလ်၊ ကောလိပ်၊ စာသင်ကျောင်း၊ အစိုးရဌာန၊ စီးပွားရေးလုပ်ငန်း၊ ဆိုင်းဘုတ်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထု၊ ကာတွန်း ရှိရှိသမျှမှာ မြန်မာစာကို စာလုံးပေါင်းသတ်ပုံတွေ မှန်အောင်ရေးသားကြ၊ သင်ကြားပေးခဲ့ကြပါတယ်။ မှတ်တမ်းအရ ၁၉၈၆ ခုနှစ်နောက်မှာ စာလုံးပေါင်းသတ်ပုံတွေကို အမိန့်နဲ့ ပြင်တယ်။ မှားနေလို့ ပြင်တာတော့ မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment