မန်းကျည်းသီးစိမ်းလေးနဲ့ ငါးပိသစ်လေးနဲ့ ရောကြော်စားကြတဲ့ ရာသီစာ ငါးပိခါးကျိုးကြော်ပါ
တွဲဖက်ကငရုတ်သီးခြောက်ကို ကျွတ်ကျွတ်လေး(ကြွပ်ကြွပ်လေး)ကြော်ထားတယ်
အခုနှစ်ပေါ်တဲ့ငါးပိအသစ်ထဲကမှ မကြေသေးတဲ့
ငါးအကောင်လေးတွေကို ယူကြော်ထားတာပါ
ကြက်သွန်နီကို ခပ်ကြမ်းကြမ်းလှီးပြီး ခပ်ပျော့ပျော့ကြော်ထားပါတယ်
ကြက်သွန်ဖြူများများကို ငရုတ်သီးခြောက်နဲ့ရောထောင်းထားပါတယ်
မန်းကျည်းသီးစိမ်းကို အစေ့ဖယ်ပြီး ညက်နေအောင်ထောင်းထားပါတယ်
ငရုတ်သီးနဲ့ကြက်သွန်ဖြူရောထောင်းထားတာကို ဆီသတ်ပါတယ်
မန်ကျည်းသီးထောင်းထားတာထည့်ပါတယ်
ငါးပိထဲကငါးအကောင်လေးတွေထည့်ကြော်ပါတယ် ကြက်သွန်နီကြော်ထားတာထည့်ပါတယ်
ငါးလေးတွေက နူးအိနေတာမလို့မွှေနေရင်းကြေကုန်တာပါ
ငါးပိက အငံမစူးတဲ့အပြင် ထည့်တဲ့အဆာက များတာမလို့ အရသာပေါ့နေပါတယ်
အဲ့တာကြောင့် ငံပြာရည်ပြက်သိကာထပ်ထည့်ရပါတယ်
အရသာအနေတော်ပြီး ကျွတ်ကျွတ်လေးဖြစ်လာရင် ချလို့ရပါပြီ
ဆလတ်ရွက်/ကျောက်ဖရုံသီး/ဘူသီးဘူးညွန့်/ကန်စွန်းညွန့်/မုန်လာဥမုန်လာရွက် စတဲ့
ချည်ဟင်းများစွာနဲ့ အလွန်လိုက်ဖက်ပါတယ်
ကြိုက်တတ်သူအဖို့ တခြားဟင်းမလိုအောင် အလွန်ကောင်းတဲ့ ဟင်းအတွဲလေးပါ
အရသာတမျိုးလေးနဲ့ ထမင်းလည်း
စားကောင်းတာမလို့ အခါအခွင့်သင့်ရင် လုပ်စားကြည့်ပါနော်
အခုခေတ်ကြီးနဲ့ ရင်ဆိုင်ရင်း ဒုက္ခတွေကြားထဲ
တတ်မြောက်လာတဲ့အရာလေးတခုက
ဟင်းချက်တတ်လာတာပါ။ ။
ပုံအတွက် ကျေးဇူး။
မနေ့က အိမ်မှာ သမီးက ငါးပိရည်ကျိုတယ်။ တို့စရာ ကင်းပုံသီးအချို၊ မုန်ညင်းအခါးရွက် စတာတွေပါတယ်။ ကျွန်တော်က ငရုတ်သီးခြောက်ကို လှော်ပြီးသုပ်တာပါ စားတယ်။
ပြက်သိကာ = အနည်းငယ်။ ပါရုံမျှဖြစ်သောပမာဏ။
ပြက်သိကာ = ပါလေကာ။
"ပဲစေ့တဝက်၊ ပြောင်းတဝက်နှင့်၊ ဆန်ပြက်သိကာ၊ ပါကောင်းလို့ ပါတော့တယ်။ ဟင်းလျာမှာ ပီလော၊ လည်ချောင်းကို မြေလှန်၊ ဂလုံဆန်အောင်၊ ခြေကန်လို့မျှောရတယ်၊ ကောလိုက်တဲ့ကံ" (စလေဦးပုည၏ ရေသည်ပြဇာတ်ထဲက ရေသည်မိန်းမ အစားအသောက် ဆင်းရဲပုံကို ဖွဲ့ဆိုခန်း)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment