ပုဂံခေတ်စာပေမှာ စာအသုံးအနှုန်းကို တွေးယူဖန်တီးပုံ အလွန် အဆင့်အတန်း မြင့်နေပါပြီ။
ဥပမာပြောရရင်- နိဗ္ဗာန်ကို မသေပြည်၊ သဗ္ဗညုတဉာဏ်ကို သိစပ်မြင်နှံ့ (ဉာဏ်)၊ အနန္တကို အတိုင်းမသိ၊ အရမေကို နှလုံးမွေ့လျော်ဖွယ်လို့ ဘာသာပြန်ပါတယ်။ ဘာသာပြန်ချက်၊ တွေးယူဖန်တီးချက် အလွန်ကောင်းပါတယ်။
သာယာအေးချမ်းရာကို ရေကြည်ရာမျက်နုရာ လို့ သုံးတဲ့ ပုဂံခေတ် စာပေအသုံးအနှုန်းကို ယနေ့အထိ မြတ်မြတ်နိုးနိုး သုံးစွဲနေကြတုန်း ဖြစ်ပါတယ်။
ရမ္မက်ကျွန်အဖြစ်မှ တော်လှန်လိုရကား ဆိုတဲ့ ပုဂံခေတ်စာပေထဲက တော်လှန် ဆိုတဲ့ စကားလုံးဟာ ယနေ့အထိ သုံးစွဲလို့ကောင်းနေတဲ့ ပုဂံခေတ်စာပေရဲ့ အမွေအနှစ် ဖြစ်ပါတယ်။
(ရှေးစာကဗျာများ)
"အနန္တသူရိယမျက်ဖြေလင်္ကာ"
သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည့်။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖေါက်လွဲတက်သည်၊ မချွတ်စသာ၊ သတ္တဝါတည့်။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည့်။ (အနန္တသူရိယ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment