မင်းသုဝဏ် (၁၉၀၉ - ၂၀၀၄)
ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွမ်းပင်၊ အမိ ဒေါ်မိ တို့က ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ခုနှစ်ယောက်တွင် ဒုတိယ မြောက်ဖြစ်ပြီး မွန် - မြန်မာ မျိုးရိုး ဖြစ်သည်။ အမည်ရင်း ဦးဝန် ဖြစ်သည်။
မြင်းခြံကုန်းမြို့ ကြားကျောင်း ခေါ် ရွှေကျင် ကျောင်းတိုက် [ဆရာ ဦးဖိုးလှိုင်ကျောင်း] (၁၉၁၆ ခန့်)၊ အမျိုးသားကျောင်း (၁၉၂၁)၊ ရန်ကုန်မြို့ စိန်ဂျွန်းကျောင်း (၁၉၂၃)၊ ၁၉၂၆ မတ်လ အင်္ဂလိပ်-မြန်မာ အလယ်တန်း စကောလားရှစ် စာမေးပွဲတွင် စတုတ္ထ ရ၍ အောင်မြင် ခဲ့သည်။ ၁၉၂၉ မတ်လ ဆယ်တန်း စာမေးပွဲကို ပထဝီဝင် ဂုဏ်ထူးနှင့် အောင်၍ ယူနီဘာစီတီ ကောလိပ်သို့ တက်ရောက် (၁၉၂၉-၃၁)၊ ဝိဇ္ဇာ ဂုဏ်ထူးတန်းကို မြန်မာစာ ပထမ အဆင့်ဖြင့် အောင် (၁၉၃၃)၊ မဟာ ဝိဇ္ဇာ မြန်မာစာ ဂုဏ်ထူးတန်းကို ဒုတိယ အဆင့်ဖြင့် အောင် (၁၉၃၅)၊ အင်္ဂလန် နိုင်ငံ အောက်စဖို့ တက္ကသိုလ်တွင် ပညာတော် သင် (၁၉၃၈)၊ အောက်စဖို့ တက္ကသိုလ်မှ စာပေ ဝိဇ္ဇာဘွဲ့ ရရှိ (၁၉၃၉)၊ အမေရိကန် ပြည်ထောင်စု ယေးလ် တက္ကသိုလ် (၁၉၅၂) တွင် ဘာသာ ဗေဒ ပညာ ဆည်းပူး ခဲ့သည်။
မြန်မာစာ ဌာန အချိန်ပိုင်း နည်းပြ (၁၉၃၃ - ၃၅)၊ အချိန်ပြည့် နည်းပြ (၁၉၃၅) နှင့် တက္ကသိုလ် ကျောင်းတိုက် မြန်မာစာ အသင်း အတွင်းရေးမှူး၊ တက္ကသိုလ် ဗုဒ္ဓဘာသာ အသင်း အတွင်းရေးမှူး၊ ကောလိမ် မဂ္ဂဇင်း မြန်မာပိုင်း အယ်ဒီတာ၊ ဂန္ထလောက မဂ္ဂဇင်း အယ်ဒီတာ၊ လက်ထောက် ကထိက (၁၉၃၉)၊ ဒုတိယ ကမ္ဘာစစ် အတွင်း ပညာ့ တံခွန် အသင်း အဘိဓာန် လုပ်ငန်းကို ဦးဆောင် (၁၉၄၂)၊ ရန်ကုန် ရွှေဘုံသာလမ်း အရေးပေါ် တက္ကသိုလ် မြန်မာစာ လက်ထောက် ကထိက (၁၉၄၅)၊ ကထိက (၁၉၄၆)၊ တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန ဌာမှူး (၁၉၄၈) နှင့် မြန်မာ နိုင်ငံ သုတေသန အသင်း ဂျာနယ် စာတည်း၊ တက္ကသိုလ်များ ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန စာတည်းမှူး (၁၉၅၃)၊ မြန်မာစာ ဌာန ပါမောက္ခ (၁ မတ် ၁၉၆၁ မှ ၁၂ မေ ၁၉၆၂ ထိ) နှင့် တက္ကသိုလ် စာအုပ် ထုတ်ဝေ ဖြန့်ချီရေး ကော်မတီ ဥက္ကဌ၊ မြန်မာနိုင်ငံ သမိုင်း ကော်မရှင် အဖွဲ့ဝင်၊ ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန စာတည်းမှူး အဖြစ် တာဝန်ယူ (၁၉၆၂)၊ စာတည်းမှူး အဖြစ်မှ အငြိမ်းစား ယူ၍ ပညာရေး ဌာနတွင် ပညာရေး အထူး အရာရှိ (၁၉၆၈)၊ မြန်မာ နိုင်ငံ သုတေသန အသင်း ဥက္ကဌ (၁၉၇၀)၊ ၃၁ မေ ၁၉၇၁ တွင် ပညာရေး အထူး အရာရှိ အဖြစ်မှ အနားယူ ခဲ့သည်။ ဂျပန် နိုင်ငံ အိုဆာကာမြို့ နိုင်ငံခြား ဘာသာသင် တက္ကသိုလ်တွင် မြန်မာစာ ဧည့်ပါမောက္ခ အဖြစ် (၁၉၇၅ - ၇၉) ဆောင်ရွက် ခဲ့သည်။ အိန္ဒိယ နိုင်ငံ (၁၉၄၇)၊ တရုတ် - ဆိုဗီယက် - ပိုလန် - ချက်ကို စလို ဗက်ကီးယား - အရှေ့ ဂျာမနီ (၁၉၅၇)၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ (၁၉၆၁) သို့ သွားရောက် ခဲ့သည်။
၁၉၂၆ ခုနှစ်ထုတ် ဒဂုန် မဂ္ဂဇင်းတွင် ပထမဆုံး ကဗျာ ဖော်ပြခြင်း ခံရသည်။ ကဗျာ၊ ပုံပြင်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဝေဖန်စာ အမြောက်အမြား ရေးသားခဲ့သည်။ ထင်ရှားသော စာအုပ် အချို့မှာ 'မောင်ခွေးဖို့ ကလေး ကဗျာများ' (၁၉၄၀)၊ 'သပြေညိုနှင့် အခြား ကဗျာများ' (၁၉၄၁)၊ 'စာပေ လောက' (၁၉၄၈) [ဇော်ဂျီနှင့် တွဲ၍]၊ 'တက္ကသိုလ် မြန်မာ အဘိဓာန်' [ငါးပိုင်း] (၁၉၅၂ - ၆၄)၊ 'သုံးပွင့်ဆိုင် ခေတ်စမ်း စာပေ' (၁၉၅၅) [သိပ္ပံ မောင်ဝ၊ ဇော်ဂျီနှင့် တွဲ၍]၊ 'ကဗျာ့ ပရိယာယ်' (၁၉၆၃) [မင်းယုဝေနှင့် တွဲ၍]၊ 'ကလေး ပုံပြင်များ' (၁၉၆၅)၊ 'ခရီးသည်' (၁၉၆၅) [ဇော်ဂျီနှင့် တွဲ၍]၊ 'ပန်းနှင့် ပင်စည်' (၁၉၆၅)၊ 'မြန်မာစာ မြန်မာမှု' (၁၉၆၅)၊ 'ပျဉ်းမငုတ်တို' (၁၉၆၈)၊ 'ရေချမ်းစင်' (၁၉၇၀)၊ 'အင်းလျား ကန်သို့ အို ကူးတို့' (၁၉၄၇)၊ 'လီယာမင်းကြီး' (၁၉၈၄)၊ 'ကဗျာ ပေါင်းချုပ်'၊ 'မင်းသုဝဏ် ဝတ္ထုတိုများ' (၂၀၀၂) တို့ ဖြစ်ကြသည်။ 'လီယာမင်းကြီး' ဖြင့် အမျိုးသား စာပေဆု (ဘာသာပြန် ရသ) (၁၉၄၈) ချီးမြှင့် ခံခဲ့ ရသည်။ ဝဏ္ဏကျော်ထင် (၁၉၅၀)၊ သီရိပျံချီ (၁၉၆၂) ဘွဲ့များ ရရှိ ခဲ့သည်။ မြန်မာ နိုင်ငံ သုတေသန အသင်း အတွက် ဂါမဏိ စန္ဒပျို့၊ တောင်ငူဆို ရတု အဖြေ၊ ဥမ္မာ ဒန္တီပျို့၊ သျှင်မဟာ ရဋ္ဌသာရ၏ ပကိဏ္ဏက စာစု (ဦးအုန်းရွှေနှင့် တွဲဖက်လျက်) တို့ကို တည်းဖြတ် ပေးခဲ့သည်။
၂၀၀၄ ခု သြဂုတ်လ ၁၅ ရက် တနင်္ဂနွေနေ့ နံနက် ၁၁:၃၀ နာရီတွင် ရန်ကုန်မြို့ ကမာရွတ် သပြေညို နေအိမ်၌ ကွယ်လွန် ခဲ့သည်။
ဆရာ မင်းသုဝဏ်၏ စာပေ စကား ကဏ္ဍတွင် ကျောင်းသုံး မြန်မာ စာအုပ်ပါ ဆရာ ရေးဖွဲ့သော 'သပြေညို'၊ 'ပျဉ်းမငုတ်တို'၊ 'ဗြောသံ'၊ 'တို့မလေး'၊ 'ဖိုးမောင်လာပြီ'၊ 'ပေါက္ကံပြည်၌' စသော ကဗျာများ အကြောင်းနှင့် အခြား စာပေ ရေးရာများ ပါဝင် ပါသည်။
(က) သပြေညို
"'သပြေညို' ကို (၁၉၃၈) ခု၊ ဇန်နဝါရီလ (၄) ရက်နေ့မှာ ရေးခဲ့တယ်။ ရေးတဲ့ နေ့ရက်နဲ့ လွတ်လပ်ရေး ရတဲ့ နေ့ရက်ဟာ အင်မတန် ထူးဆန်းဖွယ် တိုက်ဆိုင်တာ ကြုံရတယ်။ ဤ ကဗျာကို အင်္ဂလန် နိုင်ငံ၊ ဝေလနယ် မြောက်ပိုင်း၊ ဟာဒင် ခေါ် ရွာကလေးရှိ စိန်ဒိုင်းနီးယဲ စာကြည့်တိုက်တွင် စာကြည့် နေစဉ် ရေးစပ် ခဲ့တယ်။ စာကြည့်တိုက်မှာ ဆရာ ဖတ်ရတဲ့ စာအုပ်က PUNCH ခေါ်တဲ့ လစဉ်ထုတ် စာစောင် ဖြစ်တယ်။ အဲဒီ စာအုပ် ထဲမှာ မြန်မာပြည်မှာ အင်္ဂလိပ်နဲ့ မြန်မာ စစ်တိုက် တာကို ပါလီမန် ထဲမှာ အချေ အတင် ပြောတာ၊ မြန်မာ ဘုရင်ကို ခေါ်ဆောင် သွားရန် ပါလီမန်မှာ ဆွေးနွေးတဲ့ အကြောင်း ဖတ်ရတဲ့ အခါ ဗြိတိသျှ လူမျိုးများ ကြီးပွား တိုးတက်ပြီး ကိုယ့်လူမျိုး ဆင်းရဲ နေတာ ကြားရတော့ လွတ်လပ်ချင် စိတ် ပေါ်လာတယ်။ အဲဒီ ခံစားချက် ပေါက်ကွဲပြီး 'သပြေညို'ကဗျာ အဖြစ် ပေါ်ထွက် လာရတယ်။ ဂန္ထလောကမှာ ထည့်တယ်လို့ ထင်တယ်။ ဆရာ ဦးသိန်းဟန် (ဇော်ဂျီ) ရဲ့ ပြောပြချက် အရ စစ်ဖြစ် ခါနီးမှာ မြန်မာ အစိုးရ ပြန်ကြားရေး ဌာန အတွင်းဝန် သိပ္ပံ မောင်ဝက မြန်မာ လူမျိုးတွေ စိတ်အား တက်ကြွလာအောင် ဆိုပြီး ကားချပ် ကလေးနဲ့ ထုတ်ဝေ တယ်လို့ သိရတယ်။ ဆရာ့ အထင် ပြောရရင် သိပ္ပံ မောင်ဝရဲ့ ရည်ရွယ်ချက်က ဖက်ဆစ်နဲ့ တိုက်ရ တော့မယ်၊ လွတ်လပ်ရေး ရတော့မယ် ဆိုပြီး ပြည်သူ လူထု အားလုံး စည်းလုံး တက်ကြွစွာ ပါဝင် စေလိုတဲ့ သဘောပဲလို့။"
(ခ) ပျဉ်းမငုတ်တို
"'ပျဉ်းမငုတ်တို' ကဗျာကို (၁၉၄၉) ခု၊ ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ရေးတယ်။ ယခု နိုင်ငံခြား ဘာသာ သိပ္ပံ အဆောက်အအုံ နေရာမှာ ယခင်က ဘာမှ မရှိ၊ တောချုံ ပိတ်ပေါင်း ဖြစ်နေတယ်။ အဲဒီ တုန်းက ဆရာက အင်ယားလမ်းမှာ နေတယ်။ ဆရာ့ ကလေးတွေ၊ ဆရာ ဇော်ဂျီ ကလေးတွေ ခေါ်ပြီး ညနေဘက် လမ်းလျှောက်လေ့ ရှိတယ်။ အဲဒီမှာ ငုတ်တို တခုကို တွေ့ရတယ်။ ပင်ခြောက်ကြီး တပင်က ဆောင်းကုန် နွေကူး လေးရူး ကလေး ဝှေ့လာတဲ့ အခါ အညွန့် ကလေးတွေ ထွက်လာတယ်။ ခံစားမှု ဆိုတာလည်း ဒီမှာ ပေါ်လာတယ်။ အင်မတန် အိုမင်းတဲ့ သစ်ပင် သော်မှ နွေရာသီဘက် ရောက်ရင် အညွန့် ထွက်လာ ရသေးတယ်။ တို့ တိုင်းပြည် ဟာလည်း ဒီလိုပဲ တနေ့ ကျရင် အညွန့် တက်မှာပဲ ဆိုပြီး ပေါက်ကွဲ လာတဲ့ ကဗျာ ဖြစ်တယ်။"
(ဂ) ဗြောသံ
"'ဗြောသံ' ကဗျာကို (၁၉၃၄) ခုနှစ်၊ ရန်ကုန် တက္ကသိုလ် နည်းပြ ဆရာ လုပ်စဉ်က ဖွဲ့ဆို ခဲ့တယ်။ ရင်ထဲမှာ ခံစားမှု ပြင်းထန်ပြီး ပေါက်ကွဲ ထွက်လာတဲ့ သံချို ကဗျာ ဖြစ်တယ်။ ကမာရွတ် ရဲဌာန အလွန်မှာ ရှေးက ညောင်ပင်ကြီး ရှိတယ်။ ပန်းကမ္ဘာလို နေရာမျိုးမှာ လ္ဘက်ရည်၊ ကော်ဖီ၊ စမူဆာ ရောင်းတဲ့ဆိုင် ရှိတယ်။ ဆရာရဲ့ ကျူတာ စာမေးပွဲ စစ်ပြီး ကျောင်းပိတ်လို့ အဲဒီမှာ ထမင်း လာစားတယ်။ သူငယ်ချင်းတွေ လာစု ကြတယ်။ ကော်ဖီ သောက်ကြတယ်။ အင်းစိန် လမ်းဘက်က ရှင်လောင်း လှည့်လာတယ်။ မြင်းနဲ့ ရွှေထီးနဲ့ ပေါ့လေ။ ဆရာ ငယ်စဉ်က ရှင်လောင်း လှည့်တာ သတိ ရတယ်။ ငယ်စဉ် ဘဝကို သတိရ လွမ်းဆွတ် တာလည်း ပါတယ်။ ပျော်တာလည်း ပါတယ်။ အဲဒီ ခံစားချက်ကို အောင့် မထား နိုင်လို့ ဒီကဗျာ ထွက်ပေါ် လာရတယ်။"
(ဃ) တို့မလေး
"ပထမ ပိုင်းမှာ ရှေးကဗျာ တပုဒ် ဖြစ်တဲ့ 'မမလေး အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ ဘာစာလို့ မေး မေးပါနဲ့ အေ ယိုးဒယားရယ်နဲ့ ကုလားကို သူချီတော့ ကရင်နီ ဟိုအောင်တပ်ဆီက ဆံဖြတ်မောင်စီလို့ ရေးတယ် လွမ်းစာတဲ့လေး။'
ဘုရင့်နောင်၊ အလောင်းဘုရား တို့ စစ်ချီ တဲ့ခါ ပါသွားတဲ့ စစ်သားများ ယိုးဒယားကို ( အင်္ဂလိပ် - ကုလားဖြူ) စစ်ချီတော့ ကရင်နီနယ် (ယခု - ကယား ပြည်နယ်) ကို ဖြတ်ရတယ်။ သစ်တပ် - ရန်သူ မဝင် နိုင်အောင် လုပ်ထားတဲ့ နေရာ၊ တပ်မြို့ စခန်းတွေ ချထားပြီး စစ်ချီ ရတယ်။ ဒါကို အောင်တပ်လို့ ခေါ်တယ်။ မင်္ဂလာ ယူထားတဲ့ အမည် - တပ်ကနေ အမျိုးသမီးဆီ စာရေးတယ်။ မိမိ ဌာနီကို စာပို့တာ၊ ထန်းရွက် ပေရွက် တွေနဲ့ ရေးတယ်။ နေပြည်တော်ကို မြင်း စေတမန်နဲ့ လွှတ်ရတယ်။ စာတွေ အများကြီး ပါလာတယ်။ အိမ်မှာ လူတွေ မတွေ့ရင် ခေါင်မိုးမှာ ထိုးထား ခဲ့တယ်။ သူငယ်ချင်း တွေက ဘာစာလည်း မေးကြတယ်။ 'မေးပါနဲ့ အေ' ဆိုတဲ့ စကားမှာ အဓိပ္ပာယ် အများကြီး ပါတယ်။ အလွမ်း ဓာတ်ခံ ရှိပြီး ညည်းတွားတဲ့ အဓိပ္ပာယ် သက်ရောက်တယ်။ ငါ့ 'မောင် - ချစ်သူ' စစ်ချီ သွားရာက ပေးလိုက်တဲ့ စာပါအေ။
'ဆံဖြတ်မောင်' လို့ သုံးတာက ရှေးက မြန်မာ လူမျိုး တွေဟာ ဆံပင် ရှည်ရှည် ထားလေ့ ရှိကြတယ်။ စစ်ချီ တဲ့ခါ ငှက်ဖျား မိကြ၊ ဝမ်းကိုက်ကြ ဖြစ်ကြတယ်။ ဒါကြောင့် ဆံပင် ဖြတ်ပြစ် လိုက်ရတယ်။ စစ်တိုက် ရတာ ပင်ပန်းမှုကို ပေါ်လွင် စေတယ်။ ပေတသီး၊ ကျီးတသား။ ထို့ကြောင့် မင်္ဂလာ မရှိဟု ယူဆသည်။ နန်းတော် လွှတ်တော်၊ ဘုရင် မှူးမတ်တို့ ရေးစာ၊ မိန့်စာ တို့ကို ထန်းရွက် နဲ့သာ ရေးရတယ်။ ထန်းက အသက် ရှည်တယ်။ စာချွန်တော် - ထန်းရွက်နဲ့ ရေးတဲ့ စာတွေ ဖြစ်တယ်။ တဖက် ချွန်ထားလို့ 'စာချွန်တော်' လို့ ခေါ်ကြတယ်။
ဒီကဗျာ အရ ရှေးခေတ် မိန်းခလေး တွေဟာ စာဖတ် တတ်တယ်။ စာမတတ်၊ ပေမတတ် မျိုးရိုး မဟုတ် မြန်မာ ဘုရင်တွေ ခေတ်က မိန်းခလေးတွေ စာတတ် ပေတတ် ကိုလိုနီခေတ် ရောက်မှ မတတ်တာ။
ဒီနေရာမှာ 'ဒို့မလေး' ဆိုတာ အမည် မဟုတ်၊ ချစ်စနိုး ခေါ်တဲ့ အသုံးသာ ဖြစ်တယ်။ 'မမလေး၊ ပန်စရာ' မမလေး ငယ်ကမွေး တောက ရွှေကျေး စသဖြင့် သုံးသလို တို့ဆိုတာ ငါတို့ (ယခုခေတ်) ရဲ့ ရှေးတုန်းက မလေး (ရှေးမြန်မာ အမျိုးသမီးတွေ) လို့ ဆိုလိုတာ၊ ဒုတိယ ပိုဒ်ကို ရေးတာက ရှေးကဗျာ တပုဒ် ဖြစ်တဲ့
'ရွှေဝသွား ပါးလိုက်တဲ့ ဆောင်ပါလေ လွမ်းသူ့စာခွေ သည်စာခွေ အထွေထွေပါလေရဲ့လေး စီလို့သာကုံးရ စာလုံးတယ်မလှတယ် မိန်းမလက်ရေး။'
အမျိုးသား တွေက ရောင်းဝယ် ဖောက်ကားမှု ကိစ္စနဲ့ အင်းဝကို သွားနေတုန်း အမျိုးသမီး တွေက ရွာမှာ ကျန်ခဲ့တယ်။ သူတို့ ချစ်သူ လင်ယောက်ျားဆီ စာရေးလေ့ ရှိတယ်။ စာခွေ ဆိုတာ ပေရွက် ထန်းရွက်တွေ ပေါ်မှာ စာရေးပြီး လိပ်ခွေ ထားလို့ စာခွေလို့ ခေါ်ကြတာ။ လက်ရေးက မလှမပ၊ မညီမညွတ်၊ ကနွဲ့ကရ လက်ရေး ဖြစ်တယ်။ အင်းဝသွား အလုပ် လုပ်နေတဲ့ မောင်ကို လူကြုံနဲ့ ပါးလိုက်တဲ့ ကျွန်မရဲ့ စာကို ယူသွားပါ။ ဆန္ဒ ပြင်းပြ လို့သာ ရေးရ ပါတယ်။ လက်ရေးက တယ် မလှ ပါဘူး။ ရှေးက စာကို ပေရွက်မှာ ရေးရတာ၊ ရေးနေ မကျလို့ လက်ရေး မလှ ဖြစ်တတ်တယ်။
အထက်ပါ ကဗျာ (၂) ပုဒ် အရ ရှေးမြန်မာ အမျိုးသမီးများ စာရေး စာဖတ် (အ - ၂ လုံး ကျေကြောင်း) တတ်ကြောင်း ထင်ရှား နေတယ်။ သိသာ နိုင်တယ်။ ခြစ်တယ် ဆိုတာ ပေရွက်၊ ထန်းရွက် ပေါ်မှာ သံကညစ်နဲ့ ခြစ်ရေး ရတယ်။ 'မလေး ချစ်နိုင် ခဲ့ဘူးပြီ' လို့ သုံးထားတာ၊ ကျစွာမင်းရဲ့ သမီး၊ သံဗျင် မင်းသမီး၊ ရခိုင် နန်းတွင်းသူ မိညို တို့ဟာ စာပေ ထူးချွန် သူတွေ ဖြစ်ခဲ့တယ်။
ပုဂံခေတ် ကစ မြန်မာတို့ စာပေ တတ်ခဲ့တယ်။ သံဗျင် မင်းသမီးဟာ ရဟန်း တွေကို စာချ ပေးရတဲ့ အထိ တတ်ခဲ့တယ်။ သို့ပေမယ့် ကျွန်ဘဝ ရောက်လာတော့ စာပေ မလေ့လာရ၊ မတတ် စာပေငတ်တဲ့ဘ၀ ရောက်ခဲ့ရတယ်။ အိမ်ထောင်နဲ့ တကွဲစီနေရတဲ့ မြန်မာအမျိုးသမီးတွေအဖို့ စာမရေးတတ်၊ မဖတ်တတ်၊ အလိမ္မာစာမှာရှိဆိုတော့ မလိမ္မာကြ၊ တရားစာ၊ သတင်းစာ မဂ္ဂဇင်း ဘာမှ မဖတ်တတ်၊ စာငတ် ပေငတ်၊ အသိ ပညာ မရ၊ မောင်းထောင်း ဆန်ပြာနဲ့ အောက်တန်း ကျလွန်း နေပြီ။ ရေငတ် မြေသြဇာ ငင်ပြီး မစိမ်းလန်း မစိုပြည်တဲ့ သစ်ခြောက် ပင်နဲ့ တူတယ်။
ယခု ကံကောင်း ထောက်မ လာပြီ၊ အသုံးလုံး သင်တန်း ဖွင့်နေပြီ။ နေ အလွန်ပူတဲ့ ရာသီ လည်းဖြစ် ပူလွန်းလို့ တံလျှပ်ရောင် ထနေတဲ့ တန်ခူး၊ ကဆုန် ကျက်ကျက် ပူတဲ့ ရာသီ မျိုးမှာ အလုပ် လုပ်တဲ့ နေရာမှာ လိုက် စာသင် နေရတယ်။ ထန်းပလပ်တဲ၊ တမာပင် တွေမှာ 'ချစ်ရိပ်ခို' ဆိုတာ အသုံးလုံး သင်တန်း ပေးတဲ့ လုပ်အားပေး ကျောင်းသူ ကျောင်းသား တွေရဲ့ မေတ္တာရိပ်၊ စေတနာရိပ်၊ ထန်း တမာပင် တို့က လူသားကို မေတ္တာ ထားတဲ့ အရိပ်လို့ ဥပမာ တင်စား ထားတယ်။
'အမြင်ဆန်း' - စာ မတတ်သူ အကန်း နဲ့တူတယ်။ ရေးတတ် ဖတ်တတ် သွားပြီ။ အရင်က မသိ တာတွေ သိလာပြီး အံ့သြ ဖွယ်ရာ ဖြစ်လာပြီ။ ဘဝ သစ်လွင် နေပြီ။ မလေး ဘဝမှာ စည်ကား လာပြီ၊ 'မျက်ကန်း' ဆိုတာ ပညာတည်း ဟူသော အမြင် မရှိ သူကို ဆိုတာ။
ယုတ်ညံ့တဲ့ ဘဝ ဟောင်းဟာ ရွက်ဟောင်း ရေကွသလို လွင့်သွားပြီ၊ တန်ခူး လမှာ အရွက် ရေကွတယ်။ ေ့ကသွားတဲ့ ဘဝ ဘဝဟောင်း နောက်မှာ အရွက် အဖူး အငုံတွေ ဝေဆာ လာပြီ။ အသိဉာဏ် ပညာ ရကွယ်ဝ လာပြီလို့ ဆိုလိုတာ။
အသုံးလုံး လုပ်ငန်း စကတည်းက ဆရာ ပါခဲ့တယ်။ အသုံးလုံး ကိစ္စ ဆောင်ရွက်ရင် ဆရာ ပီတိ ဖြစ်ပြီး ပေါက်ကွဲ အန်ထွက် လာတဲ့ ကဗျာ တပုဒ် ဖြစ်တယ်။ တို့အမျိုး တွေဟာ ရှေး ကတည်းက စာရေး စာဖတ် တတ်ခဲ့တယ်။ ကိုလိုနီ ဘဝမှာ သူ့ကျွန် ဖြစ်ပြီး လူဖြစ် ရှုံးခဲ့ ရတယ်။ အဲဒါကို မခံချင် စိတ်လဲ ပါတယ်။ ခု အစိုးရက ဦးစီး ဖွင့်လှစ်တဲ့ အသုံးလုံး လုပ်ငန်းကို အားရ ဝမ်းသာ ကျေနပ် နှစ်သိမ့်ပြီး ထောက်ခံ ကြိုဆိုတဲ့ သဘောလည်း ပါတယ်။ အသုံးလုံး လုပ်အားပေး ကျောင်းသူ၊ ကျောင်းသားတွေ ကိုရော သင်တန်း တက်ခဲ့ သူတွေ အဖို့ပါ လှုံ့ဆော်တဲ့ သဘော တက်ရကွစွာ လှုပ်ရှား ပါဝင် စေလိုတဲ့ တွန်းအား လည်းပဲ ဖြစ်ပါတယ်။ ဆရာက စာပေသမား ဆိုတော့ တမျိုးသားလုံးကို စာတတ် စေချင်တယ်။ ကန်ရဲ့ အတိမ် အနက်ကို ကြာရိုး ကြာစွယ်နဲ့ တိုင်းသလို တိုင်းပြည် တခုရဲ့ အတက် အကျ ကိုလည်း စာပေနဲ့ တိုင်းလို့ ရတယ်။
စာပေဟာ တိုင်းပြည်နဲ့ လူမျိုးကို မီးမောင်း ထိုးပေးတယ်။ တို့ တတွေဟာ စာများများ ဖတ်ရမယ်။ အလုပ် များများ လုပ်ရမယ်။ တာထွက် နှေးတော့ မြန်မြန် ပြေးရ မှာပေါ့။ မြန်မြန် ပြေးဖို့ အတွက် အားအင် လိုတယ်။ ဝ မရှိဘဲ ဝိလုပ်လို့ ရပါ့မလား။ ဒါကြောင့် တို့တမျိုးသားလုံး မျက်စိဖွင့်ဖို့ လိုတယ်။ လူ တဦးစီ တဦးစီ စုလိုက်တော့ မိသားစု မိသားစုတွေ စုလိုက်တော့ မြို့၊ မြို့တွေ စုလိုက်တော့ ပြည်နယ်၊ တိုင်း၊ တိုင်းနဲ့ ပြည်နယ်တွေ စုလိုက်တော့ တို့ ပြည်ထောင်စုကြီး ဖြစ်လာ တာပေါ့။ ပြည်ထောင်စုကြီး တခု လုံးရဲ့ တာဝန်ဟာ တို့တဦးစီရဲ့ တာဝန်ပဲ။ တို့ တဦးစီ တာဝန်ကျေမှ တိုးတက် ပါမှ တို့ပြည်ထောင်စုကြီး တခုလုံး အေးချမ်းမယ် ဆိုပြီး ဆရာ့ စိတ်ထဲမှာ အမြဲ စွဲနေတယ်။"
ဆရာ မင်းသုဝဏ်က 'တို့မလေး' ကဗျာနှင့် ပတ်သက်၍ ရှင်းလင်း မိန့်ကြားသော စာပေ စကားများ ဖြစ်ပါသည်။ 'တို့မလေး' ကဗျာ မူရင်းကို ဖော်ပြ လိုက်ပါသည်။ တို့မလေး ကဗျာသည် အသုံးလုံး ကဗျာ တပုဒ် ဖြစ်၍ 'အလင်းစျေးနှင့် စာတတ်မြောက်ရေး လှုပ်ရှားမှု အခြား ကဗျာများ' စာအုပ်တွင် ပါဝင် ပါသည်။-
'တို့မလေး'
အိမ်ခေါင်မိုးမှာ သူထိုးလာသည်။
ပေလွှာစာချပ်၊ အဝေးရပ်က
ဆံဖြတ်မောင်ရေး၊ အလွမ်းတေးကို
မလေးဖတ်နိုင်ခဲ့ဖူးပြီ။
ရွှေဝသို့သွား၊ ချစ်သူအားလျှင်
မှာကြားပို့လေ၊ လွမ်းစာခွေဟု
မပြေမလှ၊ နွဲ့လျလျနှင့်
မိန်းမလက်ရေး၊ ငယ်သေးသေးကို
မလေးခြစ်နိုင်ခဲ့ဖူးပြီ။
သို့ပင်ဖြစ်လည်း
ချစ်သူနှင့်ဝေး၊ တို့မလေးကား
ရေးလည်းမတတ်၊ ဖတ်မတတ်နှင့်
စာငတ်ပေငတ်၊ အသိငတ်သည်
မတ်တတ်ခြောက်သည့် သစ်ပင်လို။
ကံထောက်မ၍၊ ဤယနေ့မူ
နွေငွေ့လျှပ်လျှပ်၊ ပူစပ်စပ်တွင်
ထန်းပလပ်ရိပ်၊ တမာရိပ်၌
ချစ်ရိပ်ခိုဝင်၊ စာကို သင်သော်
မပင်မပန်း၊ အမြင်ဆန်းသည်
မျက်ကန်းမလေး မြင်လေပြီ။
(င) ဖိုးမောင်လာပြီ
"ဆရာတို့ ငယ်စဉ်က အင်္ဂလိပ် စာထဲမှာ (Ballad) ခေါ်တဲ့ ကဗျာ တမျိုး၊ မြန်မာလို ဝတ္ထု ကြောင်းပါတဲ့ ကဗျာ (Story poem) ကို ဆိုလိုတယ်။ ကျောင်းဆရာ အနေနဲ့ ကဗျာ သင်ပေးတဲ့ အခါ ပျို့ကြီး တွေသာ ရှိတယ်။ အပိုဒ် ပေါင်း ၁၀၀ -၂၀၀ ပါတာချည်း တွေ့ရတယ်။ ရှည်တာလည်း ပါ။ ရှေးက ဗုဒ္ဓ ဘာသာကို မှီရေးတဲ့ ကဗျာ ဆိုတော့ အထက်တန်း အလယ်တန်း ကျောင်းသား တွေကို သင်ပေးဖို့ မဖြစ်နိုင်၊ လူဆို တာလည်း လူမှန်း သိကတည်းက ပုံကို နားထောင် လာကြတော့ စောစောက ဝမ်းထဲက ထွက်လာတဲ့ ကဗျာ အပြင်၊ ပုံပြင် ပါတဲ့ ကဗျာကို သင်ပေး ရရင် ကောင်းမယ် ဆိုတဲ့ စိတ်ဝင် စားမယ် ဆိုတဲ့ ဆန္ဒ ဖြစ်လာတယ်။ ဆရာ တို့က အင်္ဂလိပ် စာပေ ကိုလည်း လေ့လာ ခဲ့တယ်။ ဆရာက (Ballad) ကဗျာ ပုံစံ အတိုင်း ပုံပြင် ကဗျာ ရေးမယ် ဆိုပြီး ရေးတယ်။ ရေးတော့ ဒီ ပုံပြင်ဟာ တကယ် ဖြစ်ချင် ဖြစ်မယ်။ ဒီကဗျာမှာ ဆရာ့ စေတနာက လူတိုင်းဟာ ကိုယ့်ရပ်ရွာ တမြေတည်း နေ တရေတည်း သောက် အကျိုးကို ဆောင်ရွက် ရမယ်လို့ တရား ဟောချင်တယ်။ ကိုယ့် ရပ်ရွာသား၊ တိုင်းသား ပြည်သား၊ ကမ္ဘာသူ ကမ္ဘာသား အကျိုးကို လူတိုင်း ဆောင်ရွက် သင့်တယ်။
ကုဋေ ကုဋော ချမ်းသာတဲ့ သူဌေးက ဇရပ်၊ ဆေးရုံ ဆောက်မှ သာလျှင် တိုင်းပြည် အကျိုး ဆောက်ရွက်တာ မဟုတ်၊ တံငါသည် သော်မှ ကိုယ့်ရပ်သူ ရွာသားများ ငါးစိမ်း ငါးစို စားရအောင် ရပ်ရွာ အကျိုး ဆောင်ရွက် ရတယ်။ နောက်ဆုံး ရွာသူ ရွာသားတွေ ဓားပြ လက်ထဲ မကျအောင် အသက် စတေး သွားတယ်။ အဲဒီလို ပရဟိတ ဆောင်ရွက်သူ ဘယ် အဆင့်အတန်း ဘယ်အလွာမှာ မဆို ရှိတယ်။ လွတ်လပ်ရေး ရပြီးနောက် တိုင်းသစ် ပြည်သစ် ထူထောင်ရာမှာ ဒီလို ပုဂ္ဂိုလ်တွေ အများကြီး လိုအပ်တယ်။ ဒါကြောင့် ဆရာတို့ ကဗျာ ဝါသနာ ပါတဲ့ ကျောင်းသား ကျောင်းသူတွေ အဲဒီစိတ် ပေါ်အောင် ဆိုပြီး ရေးတာ၊ ဒီမှာ ရည်ရွယ်ချက် ရှိတယ်။ ပုံစံက ကဗျာ ပုံပြင် ပုံစံ၊ ရည်ရွယ်ချက်က ပရဟိတ ဆောင်ရွက် စေချင်တဲ့ ဆန္ဒ အခြေခံပြီး ကဗျာ ရေးတာ။ တတိယ အချက်က စီးပွားရေး သောင်းကျန်းတဲ့ ခေတ် မဟုတ်၊ လူတန်းစား မရွေးတဲ့ ခေတ်မှာ တံငါလို နိမ့်ကျ ဆင်းရဲတဲ့ လူတန်းစားသော်မှ တိုင်းပြည်အကျိုး ဆောင်ရွက် နိုင်တယ် ဆိုတာ သိစေ ချင်တယ်။ ဒီကဗျာမှာ သူတလည်း ပါတယ်။ ရသလည်း ပါတယ်။ ဒါကြောင့်မို့ သုတ ရသ စာပေလို့ ခေါ်တယ်။"
(စ) ပေါက္ကံပြည်၌
ကြားလိုသေးသည်
ပေါက္ကံပြည်၌
နေခြည်ရောင်ဖြိုး
ယာခရိုးတွင်
ရွှေချိုးသံသာကူသည်ကို ..။
နမ်းလိုသေးသည်
ပေါက္ကံပြည်၌
စိတ်ကြည်ရာဇ
ကုမာရ၏
မွေးဖဂုဏာ
တုံ့ပြန်ပါသည်
မေတ္တာရနံ့ကြူသည်ကို ..။
ဖူးလိုသေးသည်
ပေါက္ကံပြည်၌
ရောင်ခြည်ဝင်းပ
ကျောင်းဂူလှဟု
မြန်မာ့ဦးစွန်းလူသည်ကို ..။
(၁၉၄၆)
"(၁၉၄၆) ခုနှစ်မှာ ရေးတယ်။ (၁၉၄၅) မှာ ရန်ကုန်မြို့ မဂိုလမ်း (ရွှေဘုံသာ လမ်း) မှာ အရေးပေါ် တက္ကသိုလ် ဖွင့်တယ်။ (၁၉၄၅) မှာ ကထိက အဖြစ် ခန့်ထားခြင်း ခံရတယ်။ အဲဒီ အချိန်မှာ မြန်မာပြည် ကျွန်ဘဝ ရှိသေးတယ်။ ဆရာတို့ ခေတ်က လူတွေက ဝမ်းထဲမှာ လွတ်လပ်ရေး ရဖို့ အမြဲ ရှိတယ်။ ဘာတွေးတွေး၊ လွတ်လပ်ရေး၊ ကိုယ့်တိုင်းပြည် ကြီးပွား ခဲ့တာ၊ သူရဲကောင်း ထွက်ခဲ့တာ၊ မြန်မာ့ ယဉ်ကျေးမှု အခြေခံ ဖြစ်တဲ့ ပုဂံ ပြည်ကို တခေါက် သွားလည်ပြီး မြန်မာ အနုပညာ လက်ရာ များရဲ့ ရသကို ခံစား ချင်စိတ် ပေါ်လာတယ်။ ဒုတိယ အချက်က ရာဇကုမာရဟာ သူ့ ဖခင်က ထီးနန်း စည်းစိမ် မပေး မြေးကို ပေးပေမယ့် ဖခင်ကို စိတ်မဆိုးဘဲ၊ အမျှဝေ၊ ကျေးဇူးဂုဏ် ဖော်တယ်။ မုန်းစရာ ကောင်းတာကို ချစ်တဲ့ စိတ်နဲ့ အမျက် ဒေါသကို တော်လှန်တဲ့ သူရဲကောင်းမျိုး ရှေးက ပေါ်ခဲ့တယ်။ ခုလည်း ပေါ်စေ ချင်တယ်။ မြန်မာ တို့ဟာ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ပြန်ဖြစ် စေချင်တဲ့ ခံစားချက်နဲ့ ပေါက်ကွဲ ထွက်လာတဲ့ ကဗျာ ဖြစ်တယ်။ အတွေ့ အကြုံပေါ် မူတည်ပြီး ခံစား ဖူးတာ တွေကို မူတည်ပြီး သိုသိပ် မထားနိုင်လို့ ပေါက်ကွဲ လာတဲ့ ကဗျာ ရသ စာပေပေါ့။ (၁) သဘာဝတရား (၂) ပတ်ဝန်းကျင် (၃) လူတို့၏ ကျိုးစား အားထုတ် မှုကြောင့် ပေါ်ပေါက် လာသော ယဉ်ကျေးမှု 'ပေါက်က္ကံပြည်' ခေါ်တာပေါ့။
ပြည်ထောင်စု မြန်မာ နိုင်ငံ တခုလုံး ရှေးရှု စေတနာ ထားပြီး ဖြစ်ပေါ် လာသော ကဗျာစိတ်၊ စစ်ပြီး ခါစ (ဒုတိယ ကမ္ဘာ စစ်) မှာ မြန်မာ လူမျိုး အနေနဲ့ အလူးအလဲ စစ်ဒဏ် ခံရလို့ သဘာဝရဲ့ အလှကို မေ့ပျောက် ခဲ့ရတယ်။ ဆင်းရဲ ပင်ပန်း သောကြောင့် ပြည်ထောင်စု သားတို့ရဲ့ နဂို ရှိပြီး မေတ္တာ ဂရုဏာ စိတ်တွေ ကလည်း ချို့တဲ့ ကုန်တယ်။ ဘိုး၊ ဘေး၊ ဘီ၊ ဘင်က ဆောက်ထားတဲ့ အဆောက်အအုံ တွေဟာ မီးလောင် ပြာကျ ကုန်ပြီး စစ်ပြီးတဲ့ အခါ စဉ်းစားဉာဏ် ရှိတဲ့ သူတိုင်းမှာ ပေါ်ပေါက် လာတဲ့ စိတ်က ပြန်လည် ထူထောင်ဖို့။
အဲဒီ အချက် (၃) ချက်က ဆရာ့ အဖို့ ထီးထီးကြီး ပေါ်လာတယ်။ တို့ ဘိုးဘေး ဘီဘင် လက်ထက်က သာယာ ခဲ့တဲ့ ရေမြေ တောတောင် သဘာဝ၊ လေ၊ ငှက်တွေ ပြန်လည် ရွှင်ရွှင်ပျပျ ဖြစ်တာတွေ မြင်ချင် လာတယ်။ မြန်မာ စာပေ ပေါ်တာ၊ ပုဂံ ခေတ်က မြန်မာစာ အနေနဲ့ ခုထိ ကျောက်ထက် အက္ခရာ တင်ရှိတာ ရာဇကုမာရ ကျောက်စာ (သို့) မြစေတီ ကျောက်စာ ဒီ ကျောက်စာထဲ ပါတဲ့ အရေးအကြီးဆုံး အနှစ်သာရက ကျေးဇူး တုံ့ပြန်မှု၊ မြန်မာ စာပေရယ်လို့ ပွဲဦး ထွက်လိုက်တဲ့ စာမှာကို ကျေးဇူး တုံ့ပြန်မှု တရားဟာ ထီးထီးကြီး ပေါ်ပေါက် လာတယ်။ သာမန် လူတို့ သိတဲ့ ကျေးဇူးမျိုး မဟုတ်၊ မြေးကို ထီးနန်း ပေးပြီး မိမိကို မပေး သော်မှ စိတ်မဆိုး၊ စိတ်မကွက်၊ ငြိုငြင်မှု မရှိ၊ ကျွေးမွေး ပြုစု ခဲ့တဲ့ ကျေးဇူးကို ထောက်ထား၊ ဒီ မေတ္တာ စိတ်ဟာ ကျေးဇူး သိတတ်တဲ့ စိတ် ကလေးဟာ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ညှိုးမှိန် သွားတယ်။ မြန်မာ လူမျိုး အနေနဲ့ လူမျိုး မရွေး၊ ငါးပါး သီလ စောင့်ရမယ် ဆိုတာ ညှိုးငယ် သွားပြီး ခိုးစရာရှိ ခိုးမယ်၊ တိုက်စရာရှိ တိုက်မယ် ဆိုတဲ့ စိတ်ကလေး ခေါင်းထောင် ထလာတယ်။ အဲဒီစိတ် မြန်မာ့ အခြေခံ ကိုယ်ကျင့် တရား ညှိုးမှိန် သွားပြီ ဆိုပြီး ဒုတိယ အပိုဒ် ရေးတာ နမ်းလို သေးသည် ဆိုတာက ယခင် အခြေ အနေမျိုး ပြန်ဖြစ် စေချင်တယ် ဆိုတဲ့ သဘော။
ယဉ်ကျေးမှု၊ ကဗျာ၊ လင်္ကာ၊ စကားပြေ၊ ပန်းချီ၊ ပန်းပု စတဲ့ ယဉ်ကျေးမှု များဟာလည်း စစ် အတွင်းမှာ စစ်ဒဏ် ဗုံးဒဏ်ကြောင့် ကဗျာ မရေးနိုင်၊ ဝတ္ထု မရေးနိုင်၊ ယဉ်ကျေးမှုကို မလုပ်နိုင်၊ ပြေးလွား နေရလို့ ဘိုးဘေး ဘီဘင် လုပ်ခဲ့တဲ့ ယဉ်ကျေးမှု ပျက်စီး သွားတယ်။ တက္ကသိုလ် အဆောက်အအုံ၊ စာကြည့်တိုက်၊ ပြာပုံ ဘဝ ရောက်ခဲ့ ရတယ်။ အဲဒါ တွေကို ပြန်ပြီး မြင်ချင်တယ် ဆိုတဲ့ ဆန္ဒကို မျိုသိပ် မထား နိုင်လို့
ပေါက္ကံ ပြည်၌ ဆိုတဲ့ ကဗျာဟာ မွေးဖွား လာရတယ်။"
(ဆ) ဆရာ မင်းသုဝဏ်နှင့် တွေ့ဆုံပြီး အောက်ပါ မေးခွန်း များကို မေးမြန်း၍ ဆရာက ပြန်လည် ဖြေကြား ခဲ့ပါသည်။
မေး ။ ။ ဆရာ့ အနေနဲ့ ကဗျာ တပုဒ်ကို ရေးစပ်ရာတွင် မည်သည့် ရည်ရွယ်ချက်နဲ့ ရေးပါ သလဲ ဆရာ။
ဖြေ ။ ။ ကဗျာတပုဒ် စာတပုဒ် ရေးတဲ့ အခါ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရိုးရိုး ပြောရမယ် ဆိုလျှင် မိမိ ဝမ်းထဲတွင် အောင့်မထား နိုင်လို့ ထုတ်ပြော လိုက်ခြင်း၊ ထုတ်ရေး လိုက်ခြင်း ပါပဲ။ တနည်း အားဖြင့် မိမိ ပြောလိုတဲ့ စကား တွေကို ထုတ်ရေး တာကို ဥဒါန်းလို့ ခေါ်ပါတယ်။ ပါဠိ စကား အစစ် ကတော့ 'ဥဒါန' ပါ။ 'ဥဒါန' ၏ ပုဒ်နက် ကတော့ အသက် ရူထုတ်ခြင်းလို့ အဓိပ္ပာယ် ရတယ်။ ရင်ထဲမှာ ပြည့်ကျပ် နေလို့ အန်ထွက် လာတဲ့ သဘောမျိုး ကိုပဲ ဆိုရာ ရောက်တယ်။ ဒီနေရာ မှာတော့ ပါဠိ စကား 'ဥဒါန' နဲ့ အင်္ဂလိပ် စကား Inspiration ကို ဆက်သွယ် ကြည့်ရင် ဖြစ်နိုင် လိမ့်မယ်လို့ ထင်ပါတယ်။ အနောက် နိုင်ငံသားတွေ ကဗျာ ရေးရာမှာ (Inspration) ပါမှ ကဗျာကောင်း ဖြစ်တယ်လို့ ဆိုချင် ပါတယ်။ ဆရာတို့ မြန်မာ တွေမှာလည်း ဥဒါန်း သဘော ပါမှ ကဗျာကောင်း ဖြစ်တယ်လို့ ဆိုချင် ပါတယ်။ 'ဥဒါန' နဲ့ Inspration သဘောချင်း တူပေမယ့် ပုဒ် အနက်ချင်းတော့ ပြောင်းပြန် ဖြစ်နေ ပါတယ်။ 'ဥဒါန' က အသက်ရူ ထုတ်ခြင်းလို့ အနက် ထွက်ပါတယ်။ Inspiration က အသက်ရူ သွင်းခြင်းလို့ အနက် ထွက်ပါတယ်။ ဘယ်သူက ဘယ်သူ့ ထဲကို ဘာများ ရူသွင်း သလဲ ဆိုသည်ကို ကဗျာနတ်က ကဗျာ ဆရာ၏ ဝမ်းထဲကို ကဗျာ ဓာတ်တွေ ရူသွင်း တယ်လို့ မှတ်ရ ပါတယ်။ သို့မှသာ ကောင်းမြတ်တဲ့ ကဗျာတွေ ထွက်ပေါ် လာနိုင် ပါမယ်။ နောက်ဆုံး ပြောရ ရင်တော့ ကဗျာ ရေးတဲ့ အခါ မဗျာ မစပ်မီ ရည်ရွယ်ချက် ဆိုတာ မရှိဘူး။ နောက်မှ မိမိ ရင်ထဲမှ ခံစားချက် ထုတ်ဖော်ပြီး ရေးလိုက် တာပါပဲ။
မေး ။ ။ ဆရာ မည်သည့် အသက် အရွယ်က စပြီ ကဗျာ ရေးပါ သလဲ။
ဖြေ ။ ။ ဆရာ အသက် (၁၃) နှစ်က စပြီး ကဗျာ ရေးခဲ့ ပါတယ်။
မေး ။ ။ ကလေး ကဗျာများ ကိုရော ဘယ် အချိန်က စပြီး ရေးခဲ့ပါသလဲ။ ဘယ် ကဗျာကို အရင်ဆုံး ရေးခဲ့ ပါသလဲ ဆရာ။
ဖြေ ။ ။ ကလေး ကဗျာများ ကိုတော့ (၁၉၃၁) ခုနှစ် ဇွန်လ (၁၁) ရက်နေ့က စပြီး ရေးခဲ့ ပါတယ်။ ဆရာ ပထမဆုံး ရေးခဲ့တဲ့ ကဗျာ ကတော့ 'သပြေသီးကောက်' ကဗျာလေးပဲ ဖြစ်ပါတယ်။
မေး ။ ။ ဆရာ စာရေးဆရာ ဘာကြောင့် ဖြစ်လာ ရပါ သလဲ။
ဖြေ ။ ။ ဆရာ့ အနေနဲ့ စာရေး ဆရာ ဖြစ်လာ ရတဲ့ အကြောင်းကို ပြောရမယ် ဆိုရင်တော့ အရှည်ကြီး ပါပဲ။ အဲဒါကို ရှင်းရှင်းလေး ပြောပြ ရမယ်ဆို ရင်တော့ ဆရာ ကြီးပြင်း ခဲ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေကို အရင် ပြောပြ ပါ့မယ်။ ဆရာ ငယ်စဉ်က နေခဲ့တဲ့ ဆရာ့ရဲ့ ဇာတိ ကွမ်းခြံကုန်း မြို့ရဲ့ ပတ်ဝန်းကျင်က ဆရာ ကဗျာ ဖွဲ့ဖြစ်အောင် ဖန်တီး သလိုပဲ။ ဆရာ ငယ်စဉ်က နေခဲ့တဲ့ အိမ်ဟာ ကွမ်းခြံကုန်းမြို့ တောင်ဘက်ပိုင်း နာတာပူချိုး (ယခု မင်းသုဝဏ်လမ်း) ထိပ်မှာ ရှိတယ်။ ဆရာ့ အိမ်ရှေ့ မှာတော့ ချောင်း ရှိတယ်။ ချောင်း ကမ်းစပ်မှာ လမုပင်တွေ၊ ခရာချုံတွေ၊ နောက်ပြီး သပြေပင်လဲ ရှိတယ်။ အဲဒီ ချောင်းမှာ ဆရာ တို့ဟာ ကလေး ဘဝ မိုးရွာတဲ့ နေ့တိုင်း လှေငယ် တစင်းနဲ့ ချောင်းထဲမှာ လှော်၊ သပြေသီး မှည့်လေးတွေ ကောက်၊ ဆရာ့ အိမ်ခေါင်း ရင်းက ဆရာ့ အဒေါ် အိမ်ရဲ့ ခရေပင်က ခရေ ပန်းလေးတွေ ခူးပြီးတော့ ရေကွပန်းကန်ကွဲ စေ့လေး တွေနဲ့ ပန်းရောင်းတန်း ကစား ရတာ တယ်ပြီး ပျော်စရာ ကောင်းခဲ့ တာပဲကွယ်။ နောက်ပြီး ဆရာတို့ အိမ်ရဲ့ အရှေ့ ဘက်မှာဆို စိမ်းစို နေတဲ့ ဓနိခြံတွေ၊ အုန်းခြံတွေ၊ လယ်ကွင်းတွေ ရှိတယ်။ ဆရာ ငယ်ငယ်က ကွမ်းခြံကုန်းမြို့ ဆိုတာလည်း ရွာကြီး တရွာလောက်သာ ရှိတာကိုးကွဲ့။ ဆရာ့ အိမ်ရဲ့ ပတ်ဝန်းကျင် မှာလဲ ဆရာ့ သွေးသား မကင်းတဲ့ သူတွေ နေတယ်။ တခြား လူတွေ ကလဲ တရွာတည်း သားတွေ ဆိုတော့ ဆွေမျိုး လိုပဲ ရင်းနှီး ကြတယ်။ ခင်မင် ကြတယ်။ ရိုင်းပင်း ကြတယ်။ ဝါတွင်း ကာလ ဥပုသ်နေ့ ဆိုရင် ဆရာတို့ ငယ်ငယ်လေး ကတည်းက အဘတို့၊ အမေတို့၊ ဘုန်းကြီး ကျောင်းကို သီလ ယူသွားရင် လိုက်သွား ကြတယ်။ လူကြီး တွေနဲ့ အတူ ဥပုသ် သီလ ဆောက်တည် ပြီးမှ ညနေစောင်းမှ အိမ်ပြန် လာကြတယ်။ ဆရာ တို့က ကလေး ဆိုတော့ ဥပုသ် ရတယ် လို့တော့ သိပ်မရှိဘူး ပေါ့ကွယ်။ နောက်ပြီး ဆရာ တို့ဆီမှာ လယ်သမား၊ ချောင်းသမား များတယ်။ နေ့စဉ်နှင့် အမျှ လယ်လုပ် သူတွေ ဘယ်လောက် ပင်ပန်းတယ်၊ ဘယ်လို နေကြ ရတယ်၊ လယ်ယာ လုပ်ကိုင်ပြီး သီးနှံ ပေါ်ချိန်မှာ စပါး ရောင်းချပြီး ရှင်ပြု၊ ရဟန်းခံ အလှူပွဲ တွေကို သိုက်သိုက်ဝန်းဝန်း ကျင်းပ ကြတယ် ဆိုတာ ဆရာ့ မျက်မြင် ကိုယ်တွေ့ တွေလေ။ ဆရာက တောမှာ ကြီးပြင်း ခဲ့ရသူ ဆိုတော့ ကျေးရွာက လယ်သမား တွေရဲ့ ဘဝ၊ ကျေးရွာ စရိုက် တွေကို နှစ်သက် တာနှင့် အမျှ ဆရာ သူတို့ ဘဝကို ခံစား မိတယ်။ အဲဒီက စပြီး ဆရာ ကဗျာ တွေကို ရေးမိတယ်။ ရန်ကုန် ရောက်တော့လဲ မိဘနှင့် ရွာကို လွမ်းတိုင်း ဆရာ ကဗျာကို ရေးဖြစ် သွားတာပဲ။
မေး ။ ။ ဆရာ မည်သည့် အချိန် အခါ မျိုးမှာ စာရေး တတ်ပါ သလဲ ဆရာ။
ဖြေ ။ ။ ဆရာ့ အနေနဲ့ များသော အားဖြင့် အာရုဏ် မတက်မီ အချိန်မှာ ရေးလေ့ ရှိပါတယ်။
မေး ။ ။ ဆရာ ငယ်စဉ်က မည်သို့သော စာပေကို နှစ်သက် စွဲလမ်း ခဲ့ပါ သလဲ ဆရာ။
ဖြေ ။ ။ ဝေါဟာရ လိနတ္တ ဒီပနီ၊ ဝေါဟာရ ပကာသနီ၊ ဘာသာစုံ အဘိဓာန်များ ဖြစ်ပါတယ်။
မေး ။ ။ ဆရာရဲ့ ပထမဆုံး ပုံနှိပ် ခံရတဲ့ ကဗျာက ဘယ်ကဗျာ ပါလဲ၊ ဘယ်နှစ် ခုနှစ်မှာ ပုံနှိပ် ခံရ ပါသလဲ။ ဘယ် မဂ္ဂဇင်းမှာ ပုံနှိပ်ခြင်း ခံရတယ် ဆိုတာ သိပါ ရစေ ဆရာ။
ဖြေ ။ ။ ဆရာရဲ့ ပထမဆုံး ပုံနှိပ်ခြင်း ခံရတဲ့ ကဗျာ ကတော့ 'မိုးရာသီဘွဲ့' ဖြစ်ပြီး (၁၉၂၆) ခု ဇူလိုင်လထုတ် ဒဂုန် မဂ္ဂဇင်းမှာ ပထမဆုံး ဖော်ပြခြင်း ခံရ ပါတယ်။
မေး ။ ။ ဆရာ့ စာတွေ ပေါ်တွင် လွှမ်းမိုးသော စာပေနှင့် စာရေးဆရာ ကိုလည်း သိပါ ရစေ ဆရာ။
ဖြေ ။ ။ ဆရာ့ စာပေ ပေါ်တွင် လွှမ်းမိုးတဲ့ စာရေးဆရာနဲ့ စာပေ ကတော့ ရှင်မဟာ ရဌသာရရဲ့ ရတုနဲ့ ပျို့များ၊ ရှင်ဥတ္တမကျော်၏ တောလားကြီး၊ နဝဒေးကြီး၊ နတ်ရှင်နောင်၊ စိန္တကျော်သူ တို့ရဲ့ ရတုတွေ၊ မယ်ခွေရဲ့ အဲချင်း၊ ပဒေသရာဇာ၏ တျာချင်း၊ နောက်ပြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတွေ၊ ဆရာ ဇော်ဂျီရဲ့ ကဗျာတွေ၊ မုံရွေး ဆရာတော်ရဲ့ သမန္တစက္ခု ဒီပနီ၊ ဦးခြိမ့်ရဲ့ ကဝိ လက္ခဏာ ဒီပနီတို့ ဖြစ်ပါတယ်။
မေး ။ ။ ဆရာ အနှစ်သက်ဆုံး နိုင်ငံခြား စာရေး ဆရာတွေ ကိုလည်း ပြောပြ စေချင် ပါတယ်။
ဖြေ ။ ။ ဆရာ အနှစ်သက်ဆုံး နိုင်ငံခြား စာရေး ဆရာတွေ ကတော့ William Wordsworth, John Keats, Richard Jeffeief, John Colare တို့ ဖြစ်ကြ ပါသည်။
မေး ။ ။ ဆရာ အများဆုံး ပါဝင် ရေးသား ခဲ့သော စာနယ်ဇင်း အမည် ကိုလည်း သိပါ ရစေ။
ဖြေ ။ ။ ဆရာ အများဆုံး ပါဝင် ရေးခဲ့တဲ့ မဂ္ဂဇင်း ကတော့ ရှုမဝ မဂ္ဂဇင်းပဲ ဖြစ်ပါတယ်။
မေး ။ ။ ဆရာ ရေးသား ခဲ့တဲ့ ကဗျာတွေ ထဲက ဆရာ အနှစ်သက်ဆုံး ကဗျာက ဘယ်ကဗျာ ဖြစ်တယ် ဆိုတာ သိပါ ရစေ။
ဖြေ ။ ။ ဆရာ့ အနေနဲ့ ဆရာ စပ်ဆို ထားတဲ့ ကဗျာ တွေကို ဘယ်ကဗျာ ကိုတောင်မှ အနှစ်သက်ဆုံးလို့ ပြောဖို့ ခက်ပါတယ်။ ဥပမာကွယ် - မိဘက သားသမီး တွေကို ဘယ်နှစ်ယောက် ရှိရှိ အဲဒီ သားသမီး တွေကို တန်းတူ ချစ်ကြ သလိုပေါ့။ ဆရာလည်း ဆရာ ရေးထား ပြီးသမျှ ကဗျာတွေ အားလုံးကို နှစ်သက် ပါတယ်။
မေး ။ ။ ဆရာနှင့် ခေတ်ပြိုင် စာရေး ဆရာများ ကိုလည်း သိပါ ရစေ ဆရာ။
ဖြေ ။ ။ ဆရာနှင့် ခေတ်ပြိုင် စာရေး ဆရာတွေ ကတော့ သိပ္ပံ မောင်ဝ၊ ဇော်ဂျီ၊ ဦးအေးမောင်၊ တက်တိုး၊ ဇဝန၊ သုခ၊ ဗိုလ်မှူး ဘသောင်း၊ မောင်ထင်၊ တိုက်စိုး၊ သင်္ခါ၊ သိန်းဖေမြင့် တို့ပဲ ဖြစ်ကြ ပါတယ်။
မေး ။ ။ ကလေး ကဗျာ များကို ရေးစပ်ရာတွင် ကလေးများ အပေါ် ထားရှိတဲ့ ဆရာ့ရဲ့ စေတနာနဲ့ ခံစားမှု ကိုလည်း သိပါ ရစေ။
ဖြေ ။ ။ ကလေး ကဗျာနဲ့ ပတ်သက်ပြီး၊ ပြောရ ရင်တော့ ဆရာ့ မိဘတွေက စရ ပါမယ်။ ဆရာ အခုလို ပညာတတ် တယောက် ဖြစ်ပြီး အေးအေး ဆေးဆေး လုပ်ကိုင် နိုင်အောင် ပညာ သင်ပေး ကြတဲ့ ဆရာ့ရဲ့ လက်ဦး ဆရာတွေ ကတော့ ဆရာ့ မိဘတွေ ပါပဲ။ ဆရာ့ မိဘ တွေဟာ သူတို့ ကိုကတော့ ပညာကို ကောင်းမွန်စွာ မသင် ခဲ့ရတော့ လယ် အလုပ်၊ ကုန်သည် အလုပ်ပဲ လုပ်ကြ ရပေမယ့် သူတို့ရဲ့ သားဖြစ်တဲ့ ဆရာ့ ကိုတော့ ပညာတတ် တယောက် ဖြစ်စေ ချင်တယ်။ ဆရာ့ မိဘ တွေမှာ ဒီလို အမြင်မျိုး ရှိလို့ ဆရာ ပညာ သင်နိုင် ခဲ့တယ်။ ဒါ့ကြောင့်လည်း ဆရာရဲ့ လက်ဦး ဆရာဟာ ဆရာ့ မိဘတွေ ပဲလို့ ဆိုတာပါ။
ဆရာ့ရဲ့ ပထမ ကျောင်းဟာ ကွမ်းခြံကုန်းမြို့ တောင်ဘက်ပိုင်းက နာတာပူချိုး ဖြစ်ပါတယ်။ ဒုတိယ ကျောင်းကတော့ ကွမ်းခြံကုန်းမြို့ ကျားကျောင်း ဖြစ်ပြီး၊ တတိယ ကျောင်းကတော့ ကွမ်းခြံကုန်းမြို့ အမျိုးသား ကျောင်းပဲ ဖြစ်ပါတယ်။ ဒီကျောင်းမှာ ဆရာ ရေးသားတဲ့ ကလေး ကဗျာတွေ ပေါက်ဖွား လာခဲ့ပါတယ်။ ဘာဖြစ်လို့ ဒီလို ဆိုရ သလဲ ဆိုရင် (၁၉၃၉) ခုနှစ် မှာပေါ့ ဆရာ ကလည်း ပထမနှစ် ဝိဇ္ဇာ စာမေးပွဲ ဖြေဆိုလို့ ပြီးချိန် ဆရာ့ မိဘတွေ ကလည်း စီးပွား ပျက်ချိန် ဖြစ်နေတယ်။ ဒါကြောင့် ဆရာဟာ ဇာတိ ဖြစ်တဲ့ ကွမ်းခြံကုန်းမြို့ကို ပြန်ပြီး ကွမ်းခြံကုန်းမြို့ အမျိုးသား ကျောင်းမှာပဲ ကျောင်းအုပ် ဆရာကြီး လုပ်ခဲ့တယ်။ ဒီလို လုပ်နေရာက အမျိုးသား ပညာရေး ဌာနက ထုတ်ဝေ ညွှန်ကြားတဲ့ ပညာရေး ပြက္ခဒိန်ကို ဖတ်လိုက်တဲ့ အခါမှာ ဆရာ့ အနေနဲ့ အလွန် စိတ်ဝင်စားတဲ့ အကြောင်းတရပ် ပါလာခဲ့တယ်။ ဒီအကြောင်းကတော့ ကလေးငယ် တွေကို ပျော်ရွှင်အောင် မျိုးချစ် စိတ်ဓာတ် ပေါ်လာအောင် ပညာ လိုချင်မှု သတ္တိ ရှိမှုတွေ ကလေးများ စိတ်ထဲတွင် ကိန်းအောင်း လာအောင် ကလေးတွေကို သီချင်း သင်ပေး ရမယ် ဆိုတဲ့ အချက်ပဲ။
ဆရာ့ အနေနဲ့ ကလည်း ကလေးတွေ စိတ်ထဲမှာ ဒီလို ခံစားချက် လေးတွေ ပေါ်လာအောင် ကဗျာ စပ်ပေးချင်တဲ့ စေတနာ ဖြစ်ပေါ် လာတယ်။ ဒါကြောင့်လည်း ဒီလို ကလေး ကဗျာမျိုး ရေးစပ် ရမယ် ဆိုတာကို အကြိမ်ကြိမ် စဉ်းစား ခဲ့တယ်။ အဲဒီ အချိန် ကလည်း မြန်မာပြည်မှာ ကလေးတွေ အတွက် သီးခြား စပ်ထားတဲ့ မြန်မာ ကလေး ကဗျာ ဆိုတာ ကလည်း စနစ်တကျ မရှိဘူးလေ။ အင်္ဂလိပ် ကလေး ကဗျာပဲ ရှိတာ ပါကလား။ ဒါကြောင့် ဆရာလည်း မြန်မာ ကလေး တွေနဲ့ နီးစပ်ပြီး မြန်မာ ကလေးတွေ နှစ်သက်မယ့် ကဗျာမျိုး စပ်ဖို့ စိတ်ကူးတယ်။ ဒီအခါမှာ ကလေး တွေဟာ ဘာ အကြောင်းကို၊ ဘယ်လို အကြောင်း တွေကို သူတို့ စိတ်ဝင် စားမလဲ ဆိုတာ စဉ်းစားရင်း ဆရာ့ရဲ့ ငယ်စဉ် ကလေး ဘဝက နှစ်သက် စွဲလမ်းခြင်း ဖြစ်ခဲ့ ရတဲ့ ကလေး ဘဝ ပျော်ရွှင် ပုံလေး တွေဟာ ဆရာ့ စိတ်မှာ အလျှိုလျှို ပေါ်လာ ကြတယ်။ အဲဒီလို ဆရာ ငယ်စဉ်က ပျော်ရွှင် ခဲ့သလို ကလေး တွေလည်း ပျော်ရွှင် ကစား ရတာကို နှစ်သက် လိမ့်မယ်လို့ ထင်လို့ ဆရာ ငယ်စဉ်က အကြောင်းလေး တွေကိုပဲ ကလေးတွေ အတွက် ကလေး ကဗျာ ဖြစ်အောင် ကဗျာ ရေးဖွဲ့ ပေးခဲ့တယ်။
၁၉၃၁ ခု ဇွန်လ၊ (၁၁) ရက်မှာ 'သပြေသီးကောက်' ကဗျာကို စတင်ပြီး ရေးခဲ့တယ်။ အဲဒီ အချိန်မှာတော့ ကလေးများရဲ့ အကျိုးကို စဉ်းစားပြီး ကလေးတွေရဲ့ အကျိုး အတွက်သာ အာရုံ စိုက်နေ ခဲ့တဲ့ အတွက် တက္ကသိုလ် ကိုလည်း စိတ် မရောက် တော့ဘူးလေ။ 'ဝါဆို ဝါခေါင် ရေတွေ ကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်' ဆိုတဲ့ ကဗျာလေး ကိုပဲ ကျေကျေ နပ်နပ်နဲ့ စတင် ရေးတယ်။
ဒီကဗျာ လေးကို ရေးတာလည်း ဆရာ စိတ်ကူးယဉ်ပြီး ရေးတာ မဟုတ်ဘူးကွဲ့ ဆရာ ငယ်စဉ်က ဆရာတို့ ဇာတိ ဆိုတာ ကလည်း အောက်အရပ် ဖြစ်တော့ ချောင်းကန်လည်းပေါ၊ မိုးကလည်းများ မဟုတ်လား။ မြန်မာပြည်မှာ မိုးရာသီ ဖြစ်တဲ့ ဝါဆိုဝါခေါင် ဆိုရင် ဆရာ့ အိမ်ရှေ့က ချောင်းကလေး ကလည်း ရေလျှံ လာတယ်။ နောက်ပြီး ချောင်း နံဘေးမှာ ရှိတဲ့ သပြေသီး ပင်ကြီး ကလည်း အသီးတွေ မှည့်ပြီး ချောင်းထဲ ရေကွကျ နေပြီ။ အဲဒီတော့ ဆရာတို့ သူငယ်ချင်းတွေ လှေကလေးကို စီးပြီး ချောင်းထဲမှာ သပြေသီး ကောက်ခဲ့ ကြတာ အလွန် ပျော်စရာ ကောင်းတယ်။ ဒီလို ကစားနည်း မျိုးကို ဆရာတို့ ငယ်ငယ်က နှစ်သက် ခဲ့သလို ကလေးတွေလည်း နှစ်သက် ကြမယ်၊ ခံစား ကြမယ်၊ ခံစားတတ်လေ ချစ်တတ်လေ နောက်ပြီး တဆက်တည်း လိုပဲ ဆရာ သတိရ မိလိုက်တာက ဝါတွင်း ဥပုသ်နေ့ တွေမှာ အဘ၊ အမေ တို့နှင့် အတူ ဘုန်းကြီးကျောင်းကို လိုက်ပြီး သီလ ယူကြတယ်။ ဘုန်းတော်ကြီး ကျောင်းဝင်း ထဲမှ ကလေး ဘဝ တပျော်တပါး ဆော့ကစား ခဲ့ကြတယ်။ ဘုန်းကြီးတွေ ဆွမ်းစား ချိန်မှာလည်း ရဟန်းတော် တွေရဲ့ နားမှာ ထိုင်ပြီး ဘုရား ရှိခိုး ကြတယ်။ ဘုန်းကြီး ပေးတဲ့ ငှက်ပျောသီးကို ဝေပြီး စားခဲ့ ကြတယ်။ အဲဒီ အကြောင်း တွေကို ပြန်ပြောင်း သတိရတဲ့ အခါ 'ဆွမ်းအုပ် နီနီ အမေ ရွက်လို့' အစချီတဲ့ ဥပုသ်စောင့် ကဗျာလေးကို ရေးဖြစ် ခဲ့ပြန်တယ်။
ဆရာ ပြောခဲ့ဖူး သလိုပေါ့၊ ဆရာ့ရဲ့ အိမ်ရှေ့ဘက်က အုန်းခြံ၊ ဓနိခြံတွေ ထဲက ဥသြလေး တွေရဲ့ တွန်သံ ကိုလည်း နေ့အခါမှာ အမြဲ ကြားရတယ်။ နောက်ပြီး လူကြီးတွေ ပြောဖူးတဲ့ ဥသြငှက် ကလေးရဲ့ ပုံပြင်ကို ပေါင်းစပ်ပြီး 'စိမ်းစိမ်းညိုညို ဟိုဘက်တောက ရွှေဥသြလေး တွန်သံသာ' အစချီတဲ့ ရွှေဥသြ ကဗျာလေးကို ဇွန်လ (၁၂) ရက်မှာ ရေးဖွဲ့ လိုက်လေတယ်။ ရွှေဥသြ ကဗျာ ရေးတဲ့ အခါ မှာတော့ သပြေသီးမှည့် ကဗျာ ရေးစဉ်က ကဗျာ ပုံစံကို ရသွားပြီး ဖြစ်တဲ့ အတွက် ပိုပြီး ရေးရတာ သွက်လာတယ်။ ဆရာ ကိုယ်တိုင် ငယ်စဉ်က နှစ်သက် ခဲ့တဲ့ ကလေး သဘာဝ တွေကို ရေးဖွဲ့ ရလို့ တကယ်ပဲ ဝမ်းမြောက် မိတယ်။ ဒါကြောင့်လည်း 'ခရုလုံး'၊ 'ပိုးစုန်းကြူး'၊ 'သဘက်ဆေး'၊ 'တောက်တဲ့' ကလေး ကဗျာ တွေကို (၁၄) ရက်နေ့ ညနေမှာ ဆက်ပြီး ရေးခဲ့တယ်။
ဆရာ့ အနေနဲ့ ဒီလို ကလေး ကဗျာတွေ ရေးစပ် နိုင်တာကို ဝမ်းမြောက်တယ်။ ဆရာက အောက်ပြည်၊ အောက်ရွာသားမို့ အောက်ပြည်ရဲ့ သဘာဝနဲ့ အညီ ကလေးတို့ ပျော်ရွှင် နှစ်သက် ဖွယ်ရာလေးတွေ ကစားပုံလေး တွေကို ရေးလိုက် ရလို့ တခြား ရပ်ရွာက ကလေးတွေ အနေနဲ့လည်း အောက်ပြည် အောက်ရွာက ကလေး တွေရဲ့ ဘဝနဲ့ ကစားပုံ အောက်ပြည် အောက်ရွာက သဘာဝနှင့် အခြေအနေ လေးတွေကို တခြား ကလေးတွေ ဗဟုသုတ ရနိုင် လိမ့်မယ် လို့လည်း ဆရာ မျှော်လင့် ခဲ့တယ်။ ဒါကြောင့်လည်း ဆရာ ရန်ကုန် ကောလိပ်ကို ပြန်ရောက်တဲ့ အခါ ဒီကလေး ကဗျာ အားလုံးကို စုစည်းပြီး 'မောင်ခွေးဖို့ ကဗျာများ' လို့ အမည်ပေးပြီး စာအုပ် ထုတ်ဝေ ခဲ့တယ်။ ဒီစာအုပ် ထွက်လာတဲ့ အခါမှာ ဆရာ အနေနဲ့ ချီးကျူးခြင်း၊ ပြစ်တင် ဝေဖန်ခြင်းတွေ အမျိုးမျိုးကို ခံရပါတယ်။ အဲဒီလို ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း ဆက်စပ်ပြီး ရလာတဲ့ 'မောင်ခွေးဖို့ ကဗျာလေး' ဟာ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်က ဆရာ့ရဲ့ တတိယ ကျောင်းက စပြီး ပေါက်ဖွား လာခဲ့တယ်လို့ ဆိုလိုက် ရခြင်း ဖြစ်ပါတယ်။
ဒါကတော့ ကလေး ကဗျာနဲ့ ပတ်သက်ပြီး ကလေးတွေ ပေါ်မှာ ထားရှိ ခဲ့တဲ့ ဆရာရဲ့ စေတနာနှင့် ဆရာ့ရဲ့ ခံစားမှု ပါပဲ။
ရင်းမြစ်....။ ဆရာမင်းသုဝဏ်ကွယ်လွန် ခြင်း (၆)နှစ်ပြည့် အထိမ်းအမှတ် ဖြင့် ဦးသန်းထွန် (ပါမောက္ခ ငြိမ်း)၊ ပညာရေး တက္ကသိုလ် ပြုစုတဲ့ ၂၀၀၆ ခုနှစ် မေလထုတ် "ဇော်ဂျီ၊ မင်းသုဝဏ် တို့၏ စာပေ စကား" နှင့် ၂၀၀၅ ခုနှစ် ဇူလိုင်လထုတ် ရာပြည့် ဦးစိုးညွန့် တည်းဖြတ်သည့် "၂၀ ရာစု မြန်မာ စာရေး ဆရာ ၁၀၀ အတ္ထုပ္ပတ္တိ အကျဉ်း" စာအုပ် တွေက ဆရာ မင်းသုဝဏ် အကြောင်း ကောက်နှုတ်ချက် တွေကို စုစည်းပြီး 'ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား' အဖြစ် ပြန်လည် တင်ဆက် လိုက်တာ ဖြစ်ပါတယ်။Dr. တင့်ဆွေ

Comments
Post a Comment