သူငယ်တယောက်သည် အမိအဘတို့ကို အရုဏ်ဆွမ်း ချက်ရန် နေ့ရှိသရွေ့ နှိုးဆော် တိုက်တွန်း၏။ အိမ်နီးပါးချင်းများက -
"ဤသူငယ်ကလေးသည်အရွယ်နှင့် မလိုက်၊ ရတနာသုံးပါးကို ကြည်ညိုသူ ဖြစ်၍ အမိအဘတို့ကို အရုဏ်ဆွမ်းချက်ရန် နေ့တိုင်းနှိုးဆော် တိုက်တွန်း၏" ဟု ချီးမွမ်းစကား ပြောကြ၏။
တနေ့သ၌ အိမ်နီးချင်း တဦးက၊ ဤသူငယ် ကလေးသည် ရတနာသုံးပါးကို မုချ ကြည်ညိုသည်၊ မကြည်ညိုသည် ကို သိလိုသဖြင့်
"မောင် နေ့တိုင်း အရုဏ်ဆွမ်းချက်ရန် နှိုးဆော် တိုက်တွန်းသည်မှာ အဘယ်အကျိုးကို မျှော်လင့်၍ နှိုးဆော်တိုက်တွန်းရသလဲ" ဟု မေးသောအခါ သူငယ်ကလေးက
"အရုဏ်ဆွမ်း ချက်ရန် တိုက်တွန်း နှိုးဆော်သည်မှာ၊ အရုဏ်ဆွမ်းချက်၍ မြန်မြန် ဆွမ်းကပ်ပြီးလျှင်၊ ဆွမ်းကိုစွန့်ရာသို့ ကျီးများလာ၍ စားကြ သောအခါ လောက်လေးနှင့် မြန်မြန်ပစ်ရမည်" ဟု ပြန်ပြောလေ၏။
(ဦးဖေမောင်တင် နှင့် ဦးချို)
ရှေးစာကဗျာများ
ပုံ ဦးဖေမောင်တင် = ငပွကြီး
ဒေါက်တာတင့်ဆွေ
Comments
Post a Comment