သူတို့ရဲ့စာသင်နည်းတွေကို လေ့လာရတာ အကျိုးများပါတယ်။ ကျွန်တော်တို့က တသက်လုံး ဗြိတိသျှအင်္ဂလိပ်စာနဲ့သာ သင်ယူဖတ်မှတ်ခဲ့ရလို့ အမေရိကန်အင်္ဂလိပ်စာနဲ့ ကွာခြားတာလေးတွေ အလျဉ်းသင့်တိုင်း ရေးပါတယ်။ တသက်လုံးထွက်ခဲ့တဲ့ အသံထွက်အမှားတွေလည်း နည်းနည်းသာရေးရသေးတယ်။
ဒီမှာက နှစ်လည်ရက်တွေမှာ အဲဒါနဲ့ဆိုင်တဲ့သင်ခန်းစာသင်တယ်။ သင့်စ်ဂစ်ဗင်းနေ့၊ ဟဲလိုဝင်းနေ့၊ ခရစ်စမတ်နေ့။ ဗယ်လင်တိုင်းဒေးလည်း ပါတာပေါ့။ အမေရိကန်လွတ်လပ်ရေးနေ့ရယ်လို့တော့ သင်တာမကြုံရသေးပါ။
ကျွန်တော်တို့ဆီမှာသာ အယူသီးကြတာ မဟုတ်ပါ။ အမေရိကန်တွေလည်း အယူသီးကြတယ်။ ဟဲလိုဝင်းနေ့မှာ သူရဲလို ဝတ်စားကြတာက သေပြီးသူတွေက သူရဲအဖြစ်အိမ်ကိုပြန်လာရင် သူတို့လို သူရဲအဖော်ထင်စေအောင်လို့တဲ့။ ခရစ်စ်မတ်နေ့မှာလည်း အဲဒီအိမ်ကသေဆုံးသူတွေ သူရဲအဖြစ်ပြန်လာရင် ကြောက်အောင်လို့ ဗျောက်တွေဖောက်၊ မီးတွေ ထွန်းကြတာတဲ့။
သင်ခန်းစာထဲမှာ အမွှေးတိုင်တွေထွန်းကြတယ်လို့ပါတယ်။ စာလုံးကလည်းအဆန်း။ အမေရိကန်လူဖြူဆရာမက သူလည်း အဲဒါ ဘာလဲ မပြောတတ်ဖူးတဲ့။
ဟိုရှေးရှေးက အယူအဆတွေက ကျိုးကြောင်း မဆီလျှော်ရင် အယူသီးတာတွေလို့ ပြောကြပါတယ်။ အဲလိုဟာတွေက တိုင်းပြည်တိုင်းနဲ့ လူမျိုးတိုင်းမှာရှိတာ။ နောက်ခံရာဇဝင်ကို သုတအဖြစ် လက်ဆင့်ကမ်းကြတာက အပြစ်မဟုတ်ပါ။ မော်ဒန်ဆိုတာတွေကလည်း စိတ်ကူးယဉ်စာတွေများတယ်။ လူဆိုတာ အမျှဉ်မပြတ် စိတ်ကူးနေကြပြီး လက်တွေ့ဘဝကို မေ့ချင်ယောင်ဆောင်ချင်ကြတယ်။ သုတအဖြစ် လက်ဆင့်ကမ်းကြတာက အပြစ်တော့မဟုတ်ပါ။
Your Perfect Christmas Lesson Ideas | Teaching Adults | ESL
ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂၀၁၇
.jpg)
Comments
Post a Comment