ပြည်ပထွက်တော့ တွေ့ရပေါင်းရတဲ့နာဂတွေကမနည်းပါ။ နာဂတို့ နေထိုင်ကြတဲ့ နာဂလင်းပြည်နယ်က ကိုဟီးမာမြို့နဲ့ ဒင်မာပူမြို့တွေကိုရောက်ဖူးတယ်။ လည်တာတော့မဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီရေး ကွန်ဖရင့်တခု သွားလုပ်တာ။
အိန္ဒိယနာဂတွေနဲ့ပါ ခင်တယ်။ Burma Center Delhi (BCD) ခေါ် ဒေလီမြန်မာစင်တာမှာ အတူလုပ်ခဲ့သူ အိန္ဒိယနာဂအမျိုးသမီး Dr. Alana Golmei နဲ့ နယူးဒေလီအခြေစိုက် ORF ပညာရှင်များအဖွဲ့က အိန္ဒိယနာဂအမျိုးသား Dr. K. Yhome တို့ကို သတိရတယ်။
ရခိုင်နဲ့ ကရင်တော်လှန်ရေးသမားတွေကို ထောင်ထဲကနေလွတအောင် ဦးဆောင်ကြိုးပမ်းပေးခဲ့တာ အိန္ဒိယနာဂရှေ့နေကြီး နန်ဒီတာဟာ့ဆာ ကိုလည်း သတိရတယ်။နီး
မဏိပူပြည်နယ်၊ ကွမ်မလာသာဘီရွာက မြန်မာနာဂဦးချိုနဲ့ သူ့ဇနီး အိန္ဒိယနာဂတို့ကိုလည်း သတိရတယ်။
အိန္ဒိယမှာနေခဲ့စဉ်က နာဂနဲ့ ကူကီး တိုက်နေကြစဉ်ကာလတွေမှာ နာဂတွေပေးတဲ့ လက်ဆောင်ကို ကူကီးနယ်ထဲ သယ်မသွားရဲပါ။ ကူကီးကပေးတာကိုလည်း နာဂနယ်ထဲမှာ မသုံးရဲပါ။ သူပုန်လို့ခေါ်တဲ့ သူတို့ဆီကလက်နက်ကိုင် အင်အားစုတွေ ကျွန်တော်တို့ကို ဒုက္ခမပေးခဲ့ကြပါ။
ကိုဟီးမားမြို့က လှတယ်။ ပုံထဲကနောက်ခံတောင်တန်းကြီးကို ပတ်ကွိုင်တောင်ခေါ်တယ်။ မြန်မာနာဂတွေ နေထိုင်ကြတယ်။ အိန္ဒိယကိုရောက်စမှာ မီဇိုရမ်ပြည်နယ်ကနေ နာဂလန်းကိုဖြတ်ပြီး ဒေလီကိုတက်ရတော့ ကိုဟီးမားမြို့ကို ဖြတ်သွားရတယ်။ နာဂယောက်ျားမိန်းမတွေ ဂျင်းပင်နဲ့ စကပ်နဲ့ မြင်တော့ အံ့သြမိတယ်။ ကိုယ့်ဆီက နာဂလူမျိုးတွေဘဝနဲ့ ကွာလွန်းလို့။ မြန်မာနာဂတွေလည်း တိုးတက်လာပါစေသာ ဆုတောင်းနေမိတယ်။
ဗြိတိသျှတွေက ၁၈၄၀ မှာ နာဂဒေသထဲဝင်တယ်။ နာဂတွေက အပြင်းအထန် ခုခံကြတယ်။ ကိုဟီးမားစစ်လို့ ခေါ်တယ်။ လိုနီခေတ်မှာ ကိုဟီမားကို နာဂတောင်တန်းအုပ်ချုပ်ရေးဌာနချုပ်လုပ်တယ်။ ၁၉၆၃ ရောက်တော့ နာဂလင်း ပြည်နယ် မြို့တော်လို့ တရားဝင်သတ်မှတ်တယ်။ ၁၉၄၄ ခုနှစ် ဒုတိယကမာ္ဘစစ်အတွင်းမှာလည်း ကိုဟီးမာစစ်ပွဲ တိုက်ရတယ်။ အင်ဖါးတိုက်ပွဲနဲ့ ဆက်နေတယ်။ အဲတာအားလုံးဟာ ဘက်တဲလ် အော့်ဖ် ဘာမား ခေါ် မြန်မာပြည်စစ်ပွဲကြီးရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်။
မဟာမိတ်တပ်တွေရဲ့ ကိုဟီးမားစစ်သင်းချိုင်းရှိတယ်။ အဲဒီမှာ ဂျွန် မက်စ်ဝဲလ် အဒ်မွန်ရေးခဲ့တဲ့စာသားတခု ရှိပါတယ်။
သင်တို့ အိမ်ပြန်ရောက်တဲ့အခါ ကျွန်တာ်တို့ အမျိုးအဆွေတွေကို ပြောပြလိုက်ပါ။ သူတို့ရဲ့မနက်ဖြန်အတွက် ကျွန်တော်တို့ ပေးဆပ်ခဲ့ပါတယ်လို့။
ဒေါက်တာတင့်ဆွေ
၁-၁၂-၂၀၁၈
Comments
Post a Comment