ဇန္နဝါရီ ၁၉ ရက်နေ့မှာ အမေရိကန်မြို့ကြီးတွေမှာ တတိယအကြိမ် အမျိုးသမီးချီတက်လှည့်လည်ပွဲ လုပ်ပါမယ်။ တခြား တိုင်းပြည်တွေမှာလည်း လုပ်မယ်။ သတင်းဆောင်းပါးထဲမှာ မဟာပဇာပတိဂေါတမီကို ဖင်းမနစ်လို့ ရေးထားတယ်။ ကွန်မင့်တွေ တယောက်တမျိုး ရေးကြတယ်။ ဗုဒ္ဓဘာသာမဟုတ်သူတွေလည်းပါတယ်။
ဘာသားတရားတွေကိုရေးထားတာ အတော်လွဲတာတွေ့ပါတယ်။ ဗုဒ္ဓသင်္ကန်းတော်ကို ဂရိအဝတ်အစားနဲ့ တူတယ်လို့ ပါတယ်။ ဟိန္ဒူဘာသာကလည်း ဗုဒ္ဓဘာသာလိုပဲ နိဗ္ဗာန်ရောက်ကြောင်းတဲ့။ အိန္ဒိယနောက်မှာ သီရိလင်္ကာမှာ အမျိုးသမီး ရဟန်းတော်ရှိလာတယ်တဲ့။ ဂျိန်းဘာသာမှာလည်း အမျိုးသမီး (ဝင်း) ရှိတယ်တဲ့။ ဗုဒ္ဓဘာသာက မုဆိုးမဖြစ်တဲ့ ဇနီးဟာ ယောက်ျားအလောင်းနဲ့အတူမြေမြှုပ်ခံရတဲ့ ဟိန္ဒူထက်တော့ အဆင့်မြင့်တယ်တဲ့။ ဗုဒ္ဓဘုရား အမျိုးသမီးတွေအပေါ်ထားတဲ့ အမြင်သဘောတရားဟာ ခွဲခြားတယ်တဲ့။ ဗုဒ္ဓက အာနန္ဒာကို သံသရာက လွတ်မြောက်လိုရင် အမျိုးသမီးတွေကနေ ဝေးဝေးရှောင်ဘို့ လမ်းညွှန်တယ်လို့ ထောက်ပြထားတယ်။
ဝီကီပီးဒီယာထဲက ဂေါတမီထေရီ
ဂေါတမမြတ်စွာဘုရားရဲ့ မိထွေးတော် ဂေါတမီဟာ ဘုရားမယ်တော် မဟာမာယာဒေဝီနဲ့ ညီမတော်တယ်။ မြတ်သောသား၏ မိခင်ဖြစ်မည်လို့ နိမိတ်ဖတ်တဲ့အတွက် မဟာပဇာပတိဂေါတမီလို့ တွင်ပါတယ်။
အမတော် မဟာမာယာဒေဝီဟာ သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ပြီးနောက် ကွယ်လွန်တော့ မိဖုရားကြီးဖြစ်လာတယ်။ နန္ဒမင်းသားကို ဖွားမြင်တယ်။ သူ့တူသိဒ္ဓတ္ထမင်းသားကိုပါ ထိန်းသိမ်းရသည်။
သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်ရောက်တော်မူ၊ သုဒ္ဓေါဒနမင်းကြီး နတ်ရွာစံပြီးနောက် ဂေါတမီဟာ မြတ်စွာဘုရားထံမှာ မာတုဂါမတွေကိုပါ ရဟန်းပြုခွင့်ပေးပါရန် ၃ ကြိမ်တိုင် လျှောက်ထားပေမဲ့ ခွင့်မရပါ။ သာကီဝင်မင်းသမီးငါးရာနှင့်အတူ ပင်ပန်းဆင်းရဲခံပြီး ထပ်မဲ့လျှောက်ထားပြန်တယ်။ ညီတော် အာနန္ဒာထေရ်ကလည်းကူပြီး လျှောက်ပေးတော့မှ ဘုရားက ဂရုဓမ္မတရားရှစ်ပါးကို မသွေမတိမ်း စောင့်ထိန်း လိုက်နာနိုင်ခဲ့လျှင် ရဟန်းပြုစေလို့ ခွင့်ပြုလိုက်တယ်။ ဂေါတမီဟာ ဂရုဓမ္မတရားရှစ်ပါးကိုခံယူပြီး ရဟန်းအဖြစ် ပဌမဦးစွာရောက်ရှိခဲ့တဲ့ အမျိုးသမီးဖြစ်တယ်။ ဝိပဿနာကမ္မဌာန်းကို စီးဖြန်းပြီး ရဟန္တာအဖြစ်ရောက်တယ်။
မှတ်ချက် -
ဒီပို့စ်အောက်မှာ ဘာသာရေးကွန်မင့်တွေတော့ မရေးကြစေလိုပါ။
မြန်မာစာ စာလုံးပေါင်းသတ်ပုံတွေ ပျက်ကတည်းက ဘယ်လိုမှ မှားမရေးလောက်ဘူးထင်ရတာတွေပါ မှားရေးလာကြတယ်။ တရားတော်ကို 'တစ်ရားတော်'၊ 'ဗိုလ်တထောင်ဘုရား' ကိုလည်း စသတ်ကြတယ်။ 'ဂေါတမီ' ကို စသတ်တာ လာတော့မလား မသိပါ။
ဒေါက်တာတင့်ဆွေ
၁၇-၁-၂၀၁၉
Comments
Post a Comment