တက္ကသိုလ်နယ်မြေမှာက ပိတောက်ပင်တွေ ပေါလှသည်။ သို့တစေ ပိတောက်ပင်အများကား ကပ္ပလီပိတောက် ခေါ် မွေးစားထားစားသော ပိတောက်ပင်တွေ ဖြစ်သည်။ သူတို့က မိုးဖြိုင်ဖြိုင်ရွာသော ဇူလိုင်လထဲတွင် ပွင့်ကြသည်။ နှစ်ဦးမင်္ဂလာ သင်္ကြန်အခါ ပွင့်သောပန်း မဟုတ်လေတော့ သူတို့ကို ဘယ်သူကမှ မြတ်မြတ်နိုးနိုးတန်ဖိုးမထားကြ။
ယခု ကျွန်တော့်ရှေ့မှ ပိတောက်ပင်ကြီးကား မြန်မာ ပိတောက်ပင်ကြီးဖြစ်၏။ အိုလည်း အိုမင်းသည်။ မြင့်လည်း မြင့်မားသည်။
ပင်အိုကြီး ဖြစ်သော်လည်း တနှစ်မှ တခါ သူ့ဓမ္မတာမို့ ကြိုင်စွာ လှိုင်စွာ မချန်မခြွင်း ထိန်ထိန်ဝင်းအောင် ပွင့်ပြနေရှာသည်။
ပန်းချစ်သူ တက္ကသိုလ်လှပျိုဖြူတို့က ယခု သည်မြေမှာ မရှိကြပြီ။ ရှိကြလျှင်တော့ သည်ပင်အိုမှ အလှပန်းကို သူတို့ခေါင်းမှာ ဆင်းမြန်းကြပေမည်။
ယခုအချိန်မှာပင် တပါးသော မြေ၌ တပါးသောအပင်၏ ပိတောက်ပန်းတို့ သူကလေးတို့၏ ကေသာဦးမှာ တင့်ထူးနေကြမည် ထင်သည်။
ဪ... သည်ပင်အိုကတော့ မျက်နှာငယ်ပါ။ သူ့ ပန်းပွင့်ကို ဆင်မြန်းသူ ကင်းဘိသည်။
တော်တော်ကြာတော့ ပိတောက်ရွှေ မြေမှာ ခရသည်။ တနှစ်တွင် တလ၊ တလတွင် တရက် ပွင့်ပေးလေလျက် ဆင်သူမဲ့သော မြေထက်ဝယ် မျက်နှာငယ် ဇာတ်သိမ်းရှာရမည်။
သည်ပင်အိုမျိုးနှင့် သည်မျက်နှာငယ် အလှပန်းမျိုးတို့သည် ကမ္ဘာမြေဝယ် မရေမတွတ်နိုင်အောင် ရှိပေလိမ့်မည်။
ဪ... သည်လိုပင် ကိုယ့်မေတ္တာ ပိတောက်အလှကို ကိုယ့်ခန္ဓာ ရိုးပြာမြေကျအထိ ကိုယ့်ရင်မှာသာ သိမ်းဆည်းယူသွားရသူတွေလည်း သည်ကမ္ဘာမြေဝယ် မရေတွက်နိုင်အောင် ရှိရှာပေလိမ့်မည်။
အတိတ်အရိပ်သည်လည်း ကျွန်တော့်ပစ္စုပန်ပေါ်မှာ ညို့ညို့မိုးလာသည်။
"ဪ... မဆင်ငြင်းရင်လှ
ပင်မင်းမှာ မာလာသုဉ်းသည်သို့
ဘဝမှာ ပိတောက်တုံးပေလိမ့်
ဆံထုံး နောင်မပြင်နဲ့..."
ဪ... သည်တုန်းက သည်ကဗျာကို စပ်သာ စပ်သည်။ ဘဝမှာက ပိတောက်ပွင့်ဆဲ... လသာဆဲပါ။
ယခုတော့... ပိတောက်လည်း တုံး၊ လလည်း ပုန်းပြီ။
ဪ... မမဝေရယ်၊ မောင့်ဘဝမှာ ပိတောက်လည်းတုံး၊ လလည်း ပုန်းပါလေပြီကော။
(တက္ကသိုလ်ဘုန်းနိုင် ပိတောက်ပွင့်ဆဲ လသာဆဲဝယ်)
တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့စာအုပ်တွေ မူရင်းတိုင်းမှာ စာလုံးပေါင်းသတ်ပုံတွေ မှန်တယ်။ ပြန်ထုတ်တွေ မှန်တာ မတွေ့မိသေး။
Pterocarpus macrocarpus
ဒေါက်တာတင့်ဆွေ

Comments
Post a Comment