Skip to main content

ရေစုန်နှင့် ရေဆန်

(၁၉၇၇ တတိယတန်း မြန်မာဖတ်စာသင်ရိုးမှ)

မောင်ထူးသည် မူလတန်း ကျောင်းသားတယောက် ဖြစ်သည်။ သူသည် ရွာ နံဘေး ချောင်းကမ်းပါးမှ လမ်းလျှောက်၍ ကျောင်းသို့ နေ့စဉ် သွားလေ့ရှိ၏။ မောင်ထူးသည် ကျောင်းတက်ရန်လည်း မပျင်း၊ ဥာဏ်လည်း ထက်မြက်ပါလျက် စာလည်း မကျက်၊ အတွက်လည်းမတွက်၊ ကျောင်းရောက်မအခြားသူများ ရေး လာသော စာများကို ကူးယူခြင်း၊ အတွက်များကိုကူးချခြင်းဖြင့် ရေသာခိုနေသော ကျောင်းသား တယောက် ဖြစ်သည်။ တနေ့တွင် ကျောင်းအနီး ညောင်ပင်ကြီး တပင်အောက်တွင် အဘိုးအိုတယောက် ထိုင်နေသည်ကို သူတွေ့လေသည်။

အဘိုးအိုမှာ အလွန် မောပန်းနေပေသည်။ မောင်ထူးသည် အဘိုးအိုနား ချဉ်းကပ်၍ ရေသောက်ပါမည်လားဟု ယဉ်ကျေးစွာ မေးပြီးလျှင် ရေခပ်ပေး၏။ အဘိုးက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်၏။

ရေသောက်ပြီးသောအခါ အဘိုးအိုက မောင်ထူးအား ငါ့မြေးကလေး ကိုယ်စိတ် ချမ်းသာစွာ ပညာသင်ကြား တတ်မြောက်ပါစေ။ ဆင်းရဲသူများ ဒုက္ခ ရောက်သူများအား အစဉ် စောင့်ရှောက်နိုင်ပါစေဟု ဆုပေးလိုက်၏။

ထိုနောက် မောင်ထူးအား ကျောင်းတက်ချိန် လိုသေးလျှင် ခေတ္တထိုင်ပါဦးဟု ပြောသည်။မောင်ထူးလည်းအဘိုးအနီး ညောင်မြစ်ပေါ်တွင်ထိုင်လိုက်၏။ချောင်း ထဲတွင် လှေငယ်ကလေး တစင်း လှော်ခတ်သွားနေသည်ကို မြင်နေရပေသည်။

အဘိုးက ငါ့မြေး၊ မြစ်ချောင်းတို့သည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းကြ၏။ ရေ စီးအလိုက် သွားခြင်းကို ရေစုန်ဟု ခေါ်သည်။ ရေစီးကို ပြန်၍ ဆန်တက်ခြင်းကို ရေဆန်ဟု ခေါ်၏။ ငါ့မြေး ရေစုန်ကို လှေလှော်ခတ်သူနှင့် ရေဆန်ကို လှေလှော် ခတ်သူနှစ်ဦးတွင် မည်သူက ပိုမို သက်သာမည်နည်းဟု မေးလေသည်။

မောင်ထူးက ရေစုန်ဆင်းရခြင်းက သက်သာမည်ဟု ဖြေ၏။

အဘိုးအိုက မှန်သည် ငါ့မြေး။ သို့သော် သက်သာတိုင်း ကောင်းလှသည်ဟု မထင်နှင့်၊ အဘိုးပြောပြမည်၊ ကောင်းစွာ မှတ်သားပါလေ။

ရေဆန်ကို လှော်လိုသူသည် မိမိခွန်အား၊ ဝီရိယ၊ ကျွမ်းကျင်မှုကို အသုံးချကာ ဇွဲနှင့် လှော်ခတ်ရ၏။ လိုရင်း ပန်းတိုင်ရောက်ရန် ပင်ပန်းစွာ လုပ်ဆောင်ရ၏။ ထို့ ကြောင့် အခက်အခဲကို ကျော်နိုင်သော ဇွဲ၊ ဝီရိယ လုံ့လတို့ အလေ့အကျင့်ရ၍ အကျိုးကျေးဇူး များသည်။

ရေဆန်ကို လှော်သင့်သောအခါမျိုးလည်း ရှိသည်။ ထိုအခါမျိုးတွင် ငါ့မြေး သည် မိမိခွန်အား ဝီရိယ၊ ကျွမ်းကျင်မှုကို အသုံးချကာ ဇွဲနှင့် လှော်ခတ်ရ၏။ ဤသို့ဖြင့် အခက်အခဲကို ကျော်နိုင်သော အလေ့အကျင့်ကို ရနိုင်၏။

ရေစုန်ကိုချည်းသာ လှော်ချင်သူကား ရေစီးကို အားကိုးလိုက်သွားသဖြင့် လူသက်သာ၏။ သို့သော် ထိုသူ၌ ရေသာခိုတတ်သည့် အကျင့် ပါသွား၏။ ထို ရေသာခိုတတ်သည့် စိတ်ကြောင့် ပင်ပင်ပန်းပန်း အလုပ်မလုပ်ချင်တော့ချေ။

ငါ့မြေးတို့ ပညာသင်ရာတွင်လည်း ရေသာခိုတတ်သည့် အကျင့်ကို မကျင့်နှင့်။ ကိုယ့်အားကို ကိုယ်ကိုး၍ အခက်အခဲကို ကျော်နိုင်အောင် အားထုတ်ရာ၏ဟု ဘိုးအိုက ဆုံးမ၏။

#ပုံပြင်များစုစည်းမှု

စာကို မူရင်းအတိုင်း တင်ပြပေးထားသူ ကျေးဇူး။ လူအများစုကတော့ မူရင်းကို တမင်တကာ မှားအောင်ပြင်ပြီး တင်ကြ၊ သင်ကြ၊ ထုတ်ဝေနေကြတယ်။ မလုပ်ကောင်းပါခင်ဗျား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ