မုန့်ဖက်ထုပ်လား မုန့်ဘက္ထုပ်လား ဆရာ မသိလို့မေးတာပါ
(၁)
မြန်မာမုံ့များ
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
မြန်မာတို့အဖို့ ထမင်းဟင်းကဲ့သို့ မူလထား၍ စားသောက်ကြသော အစားအစာမျိုး မဟုတ်ဘဲ၊ အဆာပြေ အငြီးပြေ စားကြသော သွားရည်စာဟု ခေါ်သည့် မုံ့အမျိုး အမည်တို့ကား များပြားလှသည်။ မြန်မာတို့သည် မုံ့ပဲသွားရည်စာတို့ကို အငြီးပြေ၊ အဆာပြေသာမက သင်္ကြန်၊ ဝါဝင် ဝါထွက် စသော အခါကြီးရက်ကြီးများ၌လည်း ကောင်းနိုးရာရာ မုံ့တို့ကို လုပ်ကိုင်ပြီးလျှင် ရဟန်းသံဃာတို့နှင့် ဆွေမျိုးမိတ် သင်္ဂဟတို့အား ဖိတ်၍ ကျွေးမွေးခြင်း၊ အိမ်များသို့ ဝေငှခြင်းစသော အစဉ်အလာတရပ်ကိုလည်း ဆောင်ရွက်လေ့ ရှိကြရာ၊ မြန်မာတို့၏ နှစ်သက်ဖွယ်ရာ ယဉ်ကျေးမှုတရပ် ဖြစ်ပေသည်။ ယင်းသို့ လှူဒါန်းဝေငှရန် မုံ့များကို များများစားစား လုပ်ကိုင်ကြသည့် အခါ ဆိုင်ရာမုံ့သည်များထံ မှာယူသည်ထက်၊ ဆွေမျိုးမိတ်သင်္ဂဟ အသိုင်းအဝန်းများဖြင့် တစုတဝေး တယောက်တလက် ဝိုင်းကူလုပ်ကိုင်၍ ကျွေးမွေး ရခြင်းကို ပို၍ ဂုဏ်ယူကြလေသည်။
မြန်မာနိုင်ငံသည် ဆန်နှင့်ကောက်ညှင်း အထွက်ကောင်းသောနိုင်ငံဖြစ်သည့်အလျောက် မြန်မာတို့သည် မုံ့ပဲအမျိုးမျိုး စီမံ လုပ်ကိုင်ကြရာ၌ ဆန်နှင့်ကောက်ညှင်းကို မူလထား၍ အုန်းသီး၊ သကြား၊ ထန်းလျက်၊ နှမ်း၊ မြေပဲ စသော ပြည်တွင်းထွက် အသီးအပွင့်တို့ကို အသိုင်းအဝန်း ပြုလေသည်။ မြန်မာမုံ့များကို လုပ်ကိုင်ရာ၌ အရသာ ခြောက်ပါးအနက် အချိုနှင့်အဆိမ့်ကိုပို၍ အလေးထားသည်ကို များသောအားဖြင့် တွေ့ရသည်။ မြန်မာနိုင်ငံ၏ရေမြေအနေအထားသည် တပြေးတညီတည်း မဟုတ်ပေရာ၊ အစားအစာများသည်လည်း ရေမြေဌာနဒေသအလိုက် အနည်းနှင့်အများ ကွာခြားမှု ရှိတတ်လေသည်။ အချို့မုံ့မျိုးတို့သည် ဒေသအလိုက် အသုံးအစားများ၍ ထိုဒေသ၌သာ ကျော်ကြားသည်။ အချို့ မုံ့မျိုးတို့ကမူ အထက်အောက် မြန်မာတနိုင်ငံလုံး၌ လူသိများပြား၍ ခုံခုံမင်မင် လုပ်ကိုင်စားသောက်ကြသော မုံ့မျိုး ဖြစ်သည်။
ပုံစံအားဖြင့် နှမ်းမနှဲ(ထမင်းနှဲ) သည် နိုင်ငံနှင့်အဝှန်း သူ့ရာသီချိန်ခါ၌ ခြိမ့်ခြိမ့်သဲသဲ၊ နှမ်းမနှဲထိုးပွဲကြီးများ ကျင်းပကာ လှူဒါန်း စားသောက်ကြရသော မုံ့မျိုးဖြစ်သည်။ ခွက်ပုတ်ဟု ခေါ်သော ကောက်ညှင်းမုံ့မျိုး တမျိုးကိုမူ အထက်မြန်မာ နိုင်ငံ၌ လူသိများသော်လည်း အောက်မြို့ကျေးရွာတို့၌ စားဖူးသူရှားသည်။ မြန်မာအများစု၏ အသည်းစွဲ မုံ့တမျိုး ဖြစ်သော မုံ့ဟင်းခါး၊ ရခိုင်ချက် မုံ့ဟင်းခါး စသည်ဖြင့် မတိမ်းမယိမ်း ကွဲပြားကြလေသည်။
မြန်မာတို့သည် မုံ့အမျိုးမျိုးကို လုပ်ကိုင်ရာ၌ ပေါင်းခြင်း၊ ပြုတ်ခြင်း၊ ကျိုခြင်း၊ ကင်ခြင်း၊ ဖုတ်ခြင်း၊ ချက်ခြင်း၊ နှပ်ခြင်း၊ အိုးကင်းကပ်ခြင်း၊ လှော်ခြင်း၊ ကြော်ခြင်း စသောနည်းမျိုးစုံကို အသုံးပြုကြရာ ချိုဆိမ့် အရသာ အမျိုးမျိုး ပေါ်၍ မြန်မာ့လျှာနှင့် အဆင်ပြေလှသည်။ ထို့ကြောင့် မြန်မာပီသသူ ကြီးငယ် မဟူ မြန်မာမုံ့တို့ကို နှစ်သက်ကြပေသည်။ မြန်မာကြိုက် ထိုထို မုံ့မျိုးစုံတို့ကို ဖော်ပြရလျှင် - ကောက်ညှင်းပေါင်း၊ ကောက်ညှင်းပြန်ပေါင်း၊ ခေါပြင်၊ မုံ့ထုပ်ကြီး၊ မုံ့စိမ်းပေါင်း၊ မုံ့ဗိုင်းတောင့်၊ ဘီးမုံ့၊ ပဲမုံ့၊ မုံ့ဖက်လိပ်(မုံ့ကြာလိပ်)၊ မုံ့လိပ်ပြာ၊ မုံ့ပေါင်း၊ မုံ့ကတော့၊ စလူမုံ့၊ အညာသားကျောကုန်း(မုံ့ဖက်ထုပ်)၊ ငှက်ပျောမုံ့၊ ကောက်လန်းတီမုံ့၊ ထန်းသီးမုံ့၊ ကတတ်မုံ့ စသည်တို့ကို ပေါင်း၍ ပြုလုပ်ရသော မုံ့မျိုး ဖြစ်ကြသည်။ ယင်းတို့အနက် ကောက်ညှင်းပေါင်းနှင့်ပြန်ပေါင်း၊ ခေါပြင်၊ မုံ့ထုပ်ကြီးတို့သည် ကောက်ညှင်းမုံ့များ ဖြစ်ကြ၍၊ ကျန်မုံ့မျိုးတို့ကား ဆန်မုံ့များ ဖြစ်ကြလေသည်။
ကောက်ညှင်းပေါင်း (ငချိတ်ပေါင်း၊ ပဲလွန်းစေ့ရော အဖြူပေါင်း)၊ ခေါပြင်၊ မုံ့စိမ်းပေါင်း၊ မုံ့ဗိုင်းတောင့်၊ ဘီးမုံ့၊ ပဲမုံ့ တို့ကို အုန်းသီးပေါသော ဒေသ၌ အုန်းသီးမှုန့် နိုင်နိုင်ဖြူး၍ နှမ်းထောင်းသင်းသင်းကလေး စွက်ကာ စားကြသည်။ အုန်းသီးရှားသော အထက်အညာကဲ့သို့ ဒေသများတွင် စားတော်ပဲပြုတ် ဆီရွှဲရွှဲဖြင့် ရောနယ်စားကြသည်။ ကောက်ညှင်းပေါင်းကို အုန်းနို့ဖြင့်နယ်၍ တဖန် ပြန်ပေါင်းပြီးလျှင် အုန်းသီးမှုန့်၊ ပုဇွန်မှုန့်၊ ဖြူးစားရသော ကောက်ညှင်းပြန်ပေါင်းသည် အောက်မြို့ ကျေးရွာ၏အရသာရှိသော မုံ့တမျိုး ဖြစ်သည်။
ခေါပြင်သည် ကောက်ညှင်းပေါင်းအဖြူကို ကြေညက် စေးပိုင်အောင် ထောင်း၍ ဗန်းတခု၌ အပျဉ်ကြီး ဖြစ်အောင် ဖြန့်ရသည်။ နှမ်း ထောင်း၊ အုန်းသီးမှုန့် နိုင်နိုင်ဖြင့် စားကြသည်။ အချို့က ခေါပြင်သည် ရှမ်းမုံ့တမျိုးဟု ဆိုကြသည်။ မုံ့စိမ်းပေါင်းသည် မုံ့ညက်တွင် ထန်းလျက်ရောပေါင်းထားခြင်း ဖြစ်၍ မွမွကလေး နေသဖြင့် အုန်းသီးမှုန့်၊ နှမ်းထောင်းတို့ စွက်လိုက်လျှင် စား၍ တမျိုးအရသာ ရှိသည်။ မုံ့ဗိုင်းတောင့်၊ ဘီးမုံ့နှင့် ပဲမုံ့တို့သည် တွဲဖက်စားလေ့ ရှိကြသော မုံ့သုံးမျိုး ဖြစ်သည်။ ဗိုင်းတောင့် ကလေးများသဏ္ဌာန် ပြုလုပ်ထားသဖြင့် မုံ့ဗိုင်းတောင့်ဟူ၍လည်းကောင်း၊ ဘီး၏အသွားရာကလေးများ ထင်အောင် ပြုလုပ်ထား သဖြင့် ဘီးမုံ့ဟူ၍လည်းကောင်း ခေါ်ကြသည်။ ပဲမုံ့မှာ မုံ့ညက်တွင် ပဲလွန်းစေ့ပြုတ်များပြုတ်များ ရောနယ်ထား၍ အရောင်မှာ အညိုနုရောင် ဖြစ်သည်။
အုန်းသီးမှုန့်နိုင်နိုင်ဖြင့် စားလေ့ရှိကြသော ငှက်ပျောမုံ့၊ ထန်းသီးမုံ့၊ ကောက်လန်းတီမုံ့တို့သည် အနံ့ သင်းသော မုံ့များ ဖြစ်ကြသည်။ ငှက်ပျောသီးမှည့်ကို ဆန်နှစ်ရော၍ ပြုလုပ်သဖြင့် ငှက်ပျောမုံ့ ဖြစ်လာ၍ ထန်းသီးမှည့် အခွံမှ အနှစ်ကို ဆန်နှစ်ရော၍ ပြုလုပ်သဖြင့် ထန်းသီးမုံ့ ဖြစ်လာသည်။ လယ်တောကွင်းပြင်များ၌ ပေါက်လေ့ရှိ၍ လှပသော အပြာရောင်အပွင့် ကလေးများဖြစ်သည့် ကောက်လန်းတီကို ဆန်မုံ့နှစ်ဖြင့် ကောက်လန်းတီမုံ့သည် အဆင်း မည်းနက်သော်လည်း အရသာသည် စွဲမက်ဖွယ်ရာကောင်းသည်။
အချို့က မုံ့ဖက်ထုပ်ဟုလည်း ခေါ်သော မုံ့ထုပ်ကြီးသည် မုံ့လုံးအတွင်း အုန်းယိုဌာပနာ၍ ဖက်ဖြင့် သုံး ထောင့်ပုံနီးနီး ထုပ်ထားသည်။ မုံ့ရည်တွင် ထန်းလျက်ရည်ရော၍ မုံ့သားပါးပါးကို ပေါင်းအိုး အဝတ်ပေါ်၌ ဖြန့်ချ၍ ပေါင်းပြီးလျှင် အလိပ်ကလေး ဖြစ်အောင် လိပ်ရသော မုံ့ဖက်လိပ်ကို မုံ့ကြာလိပ်ဟုလည်းခေါ်သည်။ မုံ့လိပ်ပြာသည် မုံ့ဖက်လိပ်ကဲ့သို့ မုံ့သားပါးပါး ပြုလုပ်သော်လည်း မုံ့ရည်၌ ထန်းလျက်မရောပေ။ မုံ့အလယ်တွင် ပဲယိုထည့်၍ လေးထောင့်ပုံ နီးနီးခေါက်ရ သည်။ အုန်းသီးပေါသော ဒေသတို့တွင် အုန်းသီးမှုန့် ဖြူးစား ကြသည်။
မုံ့ကတော့သည် ထန်းလျက်ရည် ရောထားသော မုံ့ညက်ကို ဖက်ကတော့၌ ထည့်ပြီးလျှင် ထိပ်၌ အုန်းသီးစိတ် ကပ်ထားသည်။ စလူမုံ့ဆိုသည်မှာ ထန်းလျက်ရည် ရောထားသော ဆန်မုံ့ညက်ကို နယ်သားရအောင် ပြုကာ ဆီလူးထားသော စလူဖက်၌ ထည့်၍ အတောင့်ကလေး ဖြစ်အောင် ပြုပြီးလျှင် ထိပ်နှစ်ဖက်၌ ကြိုးဖြင့် စုချည်ထားသည်။ အုန်းသီးမှုန့် ဖြူးစားရသော မုံ့မျိုးပင် ဖြစ်သည်။ အညာသားကျောကုန်းသည် ဆန်နှင့် ကောက်ညှင်းရော၍ ပြုလုပ်ရသော မုံ့မျိုးဖြစ်သည်။ မုံ့ညက်၌ ထန်းလျက်ရည် ရောပြီးလျှင် ဆီသုတ်ထားသော တောင်စွန်ဖက်ဖြင့် လေးထောင့်ရှည်ရှည်ပုံ ထုပ်ရသည်။ မုံ့သား၏အလယ်တွင် ဖက်၏အလယ်ရိုးနှင့်အကြောပုံများ ထင်ရှားစွာ ပေါ်နေတတ်သည်။ အညာသားကျောကုန်းမုံ့ကိုလည်း မုံ့ဖက်ထုပ် ဟုခေါ်ကြသေးသည်။ သာကူစေ့ဖြင့် ပြုလုပ်သော သာကူ မုံ့ဖက်ထုပ်လည်း ရှိပေသေးသည်။ မုံ့ကတိုးဖွာဟုလည်း ခေါ်သော ကတတ်မုံ့ကို ကတတ်ဥဖြင့် ပြုလုပ်သည်ဟု ဆိုသည်။ ဆန်မှုန့်ကို ပန်းကန်ခွက်ခွက်၌ ထည့်ပြီးလျှင် ပေါင်း၍ ပြုလုပ်ရသော မုံ့ပေါင်းကို ဆီမွှေးမွှေး ဆမ်း၍ စားလေ့ရှိကြသည်။
ရေနွေးဖြင့် ပြုတ်ရသော မုံ့မျိုးတို့တွင် မုံ့လုံးရေပေါ်၊ မုံ့လုံးကြီး၊ မုံ့ပိန္နဲစေ့၊ မုံ့ကြာစေ့၊ ကောက်ညှင်းထုပ်၊ မုံ့ငါးကလေး၊ မုံ့လုပ်ဆောင်း၊ မုံ့ကြာရိုး၊ ကျူမုံ့တို့ ပါဝင်သည်။ မုံ့လုံးရေပေါ်မှ ကောက်ညှင်းထုပ်အထိ မုံ့မျိုးတို့သည် ကောက်ညှင်းမုံ့များ ဖြစ်ကြ၍ ကျန်မုံ့မျိုးတို့သည် ဆန်မုံ့များ ဖြစ်ကြသည်။ မုံ့လုံး ရေပေါ်သည် လူသိများပြား ထင်ရှားသော မုံ့ဖြစ်သည်။ မုံ့၏အရသာကို အစွဲပြု၍ ကျော်ကြားသည်ထက် သင်္ကြန်ကဲ့သို့ အခါကြီး ရက်ကြီးများတွင် လူစုလူဝေးဖြင့် တပျော်တပါး လုပ်ကိုင်၍ စတုဒိသာ ကျွေးမွေးလေ့ရှိခြင်းကြောင့် ထင်ရှားခြင်း ဖြစ်သည်။ မုံ့လုံးကြီးကြီး လုံးရသော မုံ့လုံးကြီးသည် အလယ်၌ အုန်းယိုဌာပနာပါသည်။ မုံ့ပိန္နဲစေ့၊ မုံ့ကြာစေ့တို့သည် မုံ့လုံးကြီးထက် အလုံး သေးငယ်၍ ဌာပနာ မပါချေ။ မုံ့လုံးကြီးကို အုန်းနို့ဆမ်းစားကြသည်။ မုံ့ကြာစေ့၊ မုံ့ပိန္နဲစေ့တို့ကို အုန်းနို့စိမ်းအပြင်၊ ထန်းလျက်ရည် စိမ်၍လည်း စားကြသည်။
ကောက်ညှင်းထုပ်ကို အချို့အရပ်ဒေသတို့၌ ကောက်ညှင်းဆိုင်းဟုလည်းခေါ်သည်။ ငှက်ပျောသီးမှည့် ဌာပနာသော ငှက်ပျောသီးထုပ်၊ ကောက်ညှင်းနှင့်ပဲလွန်းရော၍ထုပ်သော ပဲထုပ်၊ ကောက်ညှင်းချည်းသက်သက် ထုပ်သော အဖြူထုပ် ဟူ၍ အမျိုးမျိုး ရှိသည်။ ကောက်ညှင်းထုပ်ကို စလူဖက်၊ ဓနိဖက်၊ ငှက်ပျောဖက်၊ တောင်စွန်ဖက် စသည်တို့ဖြင့် ထုပ်ရသောကြောင့် ထုပ်ရာ၌ အသုံးပြုသောဖက်ကို လိုက်၍ ပုံသဏ္ဌာန် အမျိုးမျိုး ရှိရာ၊ အတောင့်များ၊ ပုဝိုင်းဝိုင်းထိပ်ချွန်များ၊ လေးထောင့် ရှည်ရှည်ပြားပြား အထုပ်များ ဖြစ်ကြသည်။
မုံ့ငါးကလေးနှင့် မုံ့လုပ်ဆောင်းတို့သည် မုံ့နှစ်ကို ရေနွေး ဆူဆူထဲ ဆန်ကာဖြင့် ဖိချရသော မုံ့များ ဖြစ်သည်။ မုံ့ငါးကလေးကို ထန်းလျက်ရည်၌ စိမ်ပြီးလျှင် အုန်းသီးမှုန့် ဖြူးစားကြသည်။ မုံ့လက်ဆောင်းကို အုန်းနို့ဖြင့် လည်းကောင်း၊ ထန်းလျက်ရည်ကျဲကျဲဖြင့်လည်းကောင်း စိမ်၍ သောက်စားကြသည်။ ဆန်မုံ့ညက်ကို အပြား ပြုလုပ်၍ ရေနွေး၌ ပြုတ်ပြီးလျှင် ပါးပါးလှီးစိတ်၍ ထန်းလျက်ရည်ဆမ်း၊ အုန်းသီးမှုန့်တို့ဖြင့် စားရသော မုံ့တမျိုးကို မုံ့ကြာရိုးဟုခေါ်သည်။ ကျူမုံ့သည် ထန်းလျက်ရည် ရောထားသော မုံ့ရည်ပျစ်ပျစ်ကို ကျူရိုးခေါင်းပွ၌ ထည့်၍ ထိပ်မှဖက်ရွက်ဖြင့် ဆို့ပိတ်၍ ပြုတ်ရသော မုံ့တမျိုးဖြစ်သည်။
(၂)
ကျိုရသော မုံ့များသည် များသောအားဖြင့် ဆန်မုံ့များ ဖြစ်ကြ၍ ကျောက်ကျော၊ သာကူစေ့၊ ရွှေကြည်မှုန့်တို့ဖြင့် ပြုလုပ်ရသော မုံ့မျိုးတို့လည်း ပါဝင်သည်။ မုံ့ဦးနှောက်သည် မုံ့နှစ်ထဲတွင် အုန်းနို့ ရောကျိုထားခြင်း ဖြစ်သည်။ ခွက်၊ လင်ဗန်း၊ ဖက် စသော ထည့်စရာတမျိုးမျိုး၌ ထည့်အအေးခံ၍ ခဲလျှင် သကြားဖြူးစား ရသည်။ မုံ့ကျွဲသည်းသည် ဆန်နှစ်တွင် ထန်းလျက်ရည် ရောကျို၍ အအေးခံထားပြီးလျှင် ခဲအောင် ပြုရသည်။ အုန်းသီးမှုန့် ဖြူးစားရသော မုံ့မျိုးပေတည်း။ အရောင်အဆင်းညို၍ ပျော့ပျော့အိအိမုံ့မျိုးနေသည်။ အုန်းနို့ကျောက် ကျောသည် ကျောက်ကျော၊ အုန်းနို့၊ သကြားတို့ဖြင့် ရောကျို၍ အအေးခံပြီးလျှင် ခဲအောင် ပြုရသည်။ နှင်းဆီရည်၊ သစ်ခွရည် စသည်တို့ထည့်ကာ လှပသော အရောင်ရရန်လည်း ပြုလုပ်ကြသည်။
သာကူ နနွင်းမကင်းသည် သာကူစေ့၊ အုန်းနို့သကြားတို့ကို ရောကျို၍ သာကူပွလာလျှင် နနွင်းမကင်းအိုးထဲသို့ လောင်းထည့်ပြီးသော် အအေးခံရသည်။ အုန်းသာကူ၊ ထန်းလျက်သာကူ၊ နို့သာကူတို့သည်လည်း သာကူ ပွအောင် ကျို၍ အုန်းနို့၊ ထန်းလျက်ရည်၊ နွားနို့တို့ကို လောင်းထည့်ရသည်။ အာလူး၊ ကန်စွန်းဥများကို အစိတ်ကလေးများပြု၍ ထည့်ကျိုကြသည်လည်းရှိသည်။ အုန်းနို့ထမင်း၊ နွားနို့ထမင်းတို့သည်လည်း ဆန်ကိုပြုတ်၍ အုန်းနို့၊ နွားနို့တို့ဖြင့် ကျိုရခြင်းဖြစ်သည်။ ရွှေရင်အေးသည် သာကူစေ့၊ မိုးသီးခေါ် သာကူစေ့ကြီးတို့ကို ကျို၍ အပျဉ်ဖြစ်အောင် မပြုဘဲ အအေးခံပြီးလျှင် အုန်းနို့၌ စိမ်၍ သောက်သောမုံ့မျိုးဖြစ်သည်။ အုန်းနို့မပါဘဲ ကျိုထားသော ကျောက်ကျောကိုလည်း ခြစ်ထည့်ကြသည်။ အစာမဝင်သော လူမမာများသည် အထူးပြုလုပ်ပေးလေ့ရှိသော မုံ့နှပ်သည် ကျိုမုံ့မျိုးဖြစ်သည်။ ဆန့်မှုန့်ကို လှော်၍ ထန်းလျက်နှင့် နှမ်းဆီ အနည်းငယ်စပ်ကာ ကျစ်အောင်ကျိုရ လေသည်။
ဖုတ်ရသော မုံ့မျိုးတို့၌ ကောက်ညှင်းကျည်ထောက်၊ ငွေထမင်း၊ ရွှေထမင်း၊ နနွင်းမကင်း (ရွှေကြည်၊ ဆန်၊ ပလောပီနံ၊) ဘိန်းမုံ့ (အထက်မီး အောက်မီး၊ အေးမုံ့၊ ရန်နိုင်မုံ့၊ ကောက်ညှင်းဘိန်းမုံ့)၊ ကြွေမုံ့၊ မန်းမရွေး၊ ဆန်ကြမ်းမုံ့လေပွေ တို့ ပါဝင်သည်။ ကောက်ညှင်းကျည်ထောက်ကို ခဲတံကျည်ထောက်ဟုလည်း ခေါ်ကြသည်။ ( ခဲတံကျည်ထောက်။) အခေါင်းပွဝါးအတွင်း ရေစိမ်ပြီး ကောက်ညှင်းဆန်ကိုထည့်၍ ဖုတ်ထားခြင်း ဖြစ်သည်။ ဝါး၏အတွင်း အမြှေပါးကလေးများ ဖြင့်ကပ်၍ အတောင့်ကလေးဖြစ်ကာ နပ်နေသော ကောက်ညှင်းကို ငါးကြော်၊ အုန်းသီးစိတ်၊ ထန်းလျက်ခဲတို့ဖြင့် တွဲဖက်စား ကြသည်။
ငွေထမင်းကို ကောက်ညှင်းရွှေကြည်ဟု လည်းခေါ်ကြသည်။ ပေါင်းပြီးသော ကောက်ညှင်းကို အုန်းနို့ဖြင့် နယ်၍ အထက် မီးအောက်မီးတင်ကာ ဖုတ်ရသည်။ အထက်မီးမတင်မီ ညှိထားသော မျက်နှာပြင်ပေါ်သို့ ဘိန်းစေ့ကလေးများ ဖြူးကြသည်။ ရွှေထမင်းသည် ငွေထမင်းနှင့် အမည်ချင်းဆင်ဆင် တူသော်လည်း လုပ်နည်းလုပ်ဟန် အနည်းငယ် ကွဲပြားသည်။ ရွှေထမင်းကို အုန်းနို့ဖြင့် မနယ်ဘဲ ထန်းလျက်ရည်ဖြင့် နယ်သည်။ မီးပေါ် ခေတ္တ ပြန်တင်ရသော်လည်း အထက်မီး အောက်မီးဖြင့် မဖုတ်ချေ။ ငွေထမင်းကဲ့သို့ သူ့ချည်း သက်သက် မစားဘဲ အုန်းသီးမှုန့် ဖြူးစားကြလေသည်။ နနွင်းမကင်းကို ရွှေကြည်မှုန့်၊ ဆန်၊ ပလောပီနံ တို့ဖြင့် ပြုလုပ်ကြသည်။ ယင်းတို့ တမျိုးမျိုးတွင် အုန်းနို့၊ သကြား၊ ဘဲဥ၊ ဆီတို့ကို အချိုးကျရောစပ်၍ ကျိုပြီးနောက် အထက် မီးအောက်မီး တင်၍ ဖုတ်ရသည်။ ဆန်နနွင်းမကင်း ကျိုလျှင် ဆန်ကိုကြိတ်၍၊ ပလောပီနံ နနွင်းမကင်းကျိုလျှင် ပလောပီနံကို ခြစ်၍ ထည့်ကြသည်။ ဆန်နနွင်းမကင်းနှင့် ပလောပီနံ နနွင်းမကင်းတို့ကို အုန်းနို့ချက်ဆမ်း၍ စားကြသည်။
ဘိန်းမုံ့၊ အထက်မီးအောက်မီး၊ အေးမုံ့၊ ကောက်ညှင်းဘိန်းမုံ့ နှင့် ရန်နိုင်မုံ့တို့သည် ဆင်တူရိုးမှား ဖြစ်ကြသည်။ ဘိန်းမုံ့၊ အထက်မီးအောက်မီး၊ အေးမုံ့ရန်နိုင်မုံ့တို့သည် ဆန်ကြမ်းမုံ့များ ဖြစ်ကြသည်။ ဘိန်းမုံ့နှင့် အေးမုံ့ ခြားနားချက်မှာ ဘိန်းမုံ့ကို အေးမုံ့ကဲ့သို့ နနွင်းမကင်းအိုးဖြင့် မဖုတ်ဘဲ၊ စောင့်တိမ်တိမ် အိုးငယ်ဖြင့် ဖုတ်သည်။ ဘိန်းမုံ့၏ မျက်နှာပြင်၌ ဘိန်းစေ့ ကလေးများပါ၍ အေးမုံ့အတွက် အုန်းသီးစိတ်ပါးပါးကလေးများ နှင့် နှမ်းစေ့ ဖြူးကြသည်။ အေးမုံ့ကို ယခင်က အထက်မီး အောက်မီးဟု ခေါ်ခဲ့ကြသော်လည်း ပူပြင်းသော အဓိပ္ပာယ် ပါသည်ဟူ၍ အေးမုံ့ဟု အမည်ပြောင်းခဲ့ခြင်း ဖြစ်သည်။
ကောက်ညှင်းဘိန်းမုံ့သည် ကောက်ညှင်းဖြင့် ပြုလုပ်၍ ဆန်ဘိန်းမုံ့နှင့်ခြားနားချက်မှာ ဆန်ဘိန်းမုံ့ကဲ့သို့ ပွပွရွရွ မရှိဘဲ ကျစ်လျစ်၍ ပြားကပ်ကပ် နေသည်။ ရန်နိုင်မုံ့သည် ဂျပန်ခေတ်ပေါ် မုံ့ဖြစ်၍၊ အေးမုံ့၊ ဘိန်းမုံ့တို့နှင့် ခြားနားချက်မှာ အုန်းသီးစိတ် မထည့်ဘဲ အုန်းသီးမှုန့်ကို သုံး၍ မြေပဲဆန်နှင့် နှမ်းလှော်တို့ကို ထည့်သည်။ အပေါ်မီး ခပ်ပြင်းပြင်းဖြင့် ဖုတ်ထားသဖြင့် အနံ့သင်း၍ ကြွပ်ကြပ်ရွရွ ဖြစ်နေလေသည်။ ဖုတ်ရသော မုံ့တမျိုးဖြစ်သည့် ကြွေမုံ့သည် ကောက်ညှင်းဆန်ကို ကြိတ်၍ အလုံးကလေးများ ပြုပြီးလျှင် သဲပူ၌ ဖုတ်ရသဖြင့် ပွပွမွမွ မုံ့မျိုးဖြစ်သည်။ မန်းမရွေးသည် ကြွေမုံဖုတ်သကဲ့သို့ ပြုလုပ်ပြီးလျှင် ထန်းလျက်ရည်လောင်းထားခြင်း ဖြစ်သည်။ ဆန်မုံ့လေပွေသည် ဆန်ကြမ်းမုံ့နှစ်ကို အပြားပါးပါး ဝိုင်းဝိုင်းကလေးများ ပြုလုပ်၍ အခြောက်လှန်းပြီးလျှင် သဲပွ၌ ဖုတ်ထားခြင်း ဖြစ်သည်။ ကြွပ်ကြွပ်ရွရွ ဆန်မုံ့လေပွေကို အတန်ငယ် ချေ၍ ဆီမွှေးမွှေး ဆမ်းထားလျှင် စား၍ကောင်း ဝါး၍ ကောင်းသော မုံ့တမျိုးပေတည်း။
ကောက်ညှင်း မုံ့လေပွေနှင့် ကောက်ညှင်းကင်တို့သည် ကင်ရသောမုံ့မျိုး ဖြစ်ကြသည်။ ကောက်ညှင်းမုံ့ လေပွေအပြားများကို ညှပ်၌ထည့်၍ ပြန့်ကား ကြွပ်ရွလာအောင် မီးကင်ရသည်။ လူစည်ကားသော ပွဲဈေးတန်းများ၌ ကောက်ညှင်းမုံ့ လေပွေ ဝယ်စားလျှင် လူတိုးမိက ကြွေကျကြွေမွသွားတတ် သဖြင့် ကလေးသူငယ်များအတွက် ငိုသူငိုရယ်သူရယ်ရသော မုံ့မျိုး လည်း ဖြစ်ပေသည်။ ကောက်ညှင်းကင်သည်လည်း ပွဲဈေးတန်း မုံ့တမျိုး ဖြစ်သည်။ ပေါင်းပြီး ကောက်ညှင်း၌ အုန်းသီးစိတ် အနည်းငယ်ထည့်၍ ဖက်ဖြင့်ထုပ်ကာ ညှပ်ဖြင့် မီးကင်ထား လေသည်။
မုံ့ဆန်း၊ မုံ့ဆန်းမရွေး၊ ပေါက်ပေါက်ဆုပ်တို့သည် အိုးကင်း၌ လှော်ရသော မုံ့မျိုး ဖြစ်ကြသည်။ ကောက်ညှင်းစပါးအရည် တည်စကို အိုးကင်း၌ လှော်ပြီးနောက် လက်ဆုံ၌ ထောင်းကာ ဖွဲကြမ်းကို ပြာထုတ်၍ ကျန်ရှိသော အပြားကလေးများကို မုံ့ဆန်းဟုခေါ်သည်။ မိုးကုန်၍ ဆောင်းဥတုသို့ ကူးပြောင်းစ ကောက်ဦး ပေါ်ချိန်၌ မုံ့ဆန်းကို ရေစင်စင်ဆေးပြီးလျှင် သကြား၊ အုန်းသီးမှုန့်တို့ဖြင့် နယ်၍ ဘုရားရှင်နှင့်တကွ ရဟန်း သံဃာတို့အား ကောက်ဦးဆွမ်း ကပ်လှူလေ့ ရှိကြသည်။
ကျေးလက်များ၌ လက်စွမ်းပြပွဲလည်း ဖြစ်သည်။ စုပေါင်း၍ မုံ့ဆန်းထောင်းခြင်း ပြုကြရာ၌ လူပျိုတို့က မုံ့ဆန်းထောင်း၍ လူရေးပြကြသကဲ့သို့၊ လုံမပျိုတို့ကလည်း မုံ့ဆန်းပြာခြင်းဖြင့် မိမိတို့၏လက်စွမ်းကို ဖော်ပြသည်။ မုံ့ဆန်းပြားများကို ဒယ်အိုး ပူပူ၌ လှော်၍ ဖောက်ခြင်းဖြင့် ထမင်းစေ့ကဲ့သို့ လုံးလုံးရွရွ ကလေး ဖြစ်လာသော မုံ့ဆန်းလှော်ကို ဆားအနည်းငယ် စွက်လိုက်ပါက စားမစနိုင်သော သွားရည်စာတမျိုး ဖြစ်လာသည်။ ထိုကဲ့သို့ ဖောက်ထားသော မုံ့ဆန်းလှော်ကို ထန်းလျက်ရည်ဖြင့်ရော၍ အပျဉ်ထူထူ ပြုလုပ်လျှင် မုံ့ဆန်းမရွေး ဖြစ်လာလေ သည်။ ပေါက်ပေါက်ဆုပ်သည် ကောက်ညှင်းစပါးကို အိုးကင်း၌ ထည့်၍လှော်ကာ ပေါက်ပေါက်ဖောက်ပြီးလျှင် ပေါက်ပေါက်ပွင့်များကို ထန်းလျက် ရည်ဖြင့်နယ်၍ အလုံးအဆုပ် ပြုလုပ်ထားခြင်း ဖြစ်လေသည်။
နှပ်၍ ပြုလုပ်ရသော မုံ့မျိုးတို့၌ နှမ်းမနှဲ(ထမင်းနှဲ)၊ ကောက်ညှင်းဆီထမင်း၊ ကောက်ညှင်းနန်းကထိတို့ ပါဝင်သည်။ ချမ်းအေးသော ပြာသို၊ တပို့တွဲလများတွင် နှမ်းမနှဲ(ထမင်းနှဲ) ထိုးလေ့ ရှိကြသည်။ ( ထမင်းနှဲ။) ထိုအချိန်အခါ ရာသီ ရောက်လျှင် မြန်မာတို့သည် နှမ်းမနှဲကို တောင့်တကြစမြဲ ဖြစ် သည်။ နှမ်းမနှဲထိုးပွဲ များကို စုပေါင်းလုပ်ကိုင်ကြ၍ ယာဂု နှမ်းမနှဲဆွမ်းလောင်းခြင်း၊ အရပ်သို့ ဝေငှလုပ်ကိုင် လေ့ရှိကြရာ တယောက်တလက် ဝိုင်းကူ လုပ်ကိုင်လေ့ရှိကြသော နှစ်သက်ဖွယ်ကောင်းသည့် မြန်မာတို့၏ ဓလေ့စရိုက်ကို နှမ်းမနှဲထိုးပွဲများ၌ တွေ့မြင်နိုင်ကြပေသည်။ ကောက်ညှင်းဆီထမင်းသည် ဆီသတ်၍ ကောက်ညှင်းထည့်ပြီးနောက် ရေအနည်းငယ် ထည့်ကာ နပ်အောင် ပြုယင်း ဂျိုးရအောင်လည်း ပြုလုပ်ကြသည်။ ကောက်ညှင်းဆီထမင်း၊ ဂျိုးကောင်းကောင်းကို ပုဇွန်မှုန့်၊ အုန်းသီးမှုန့် ဖြူးစားကြသည်။ ငါးကြော်၊ ကြက်သားကြော် အမဲသားကြော်တို့ဖြင့်လည်း တွဲဖက်စားကြသည်။ ကောက်ညှင်းနန်းကထိသည် ကောက်ညှင်းကို ချက်၍ နှပ်ပြီးနောက် အုန်းနို့ဆမ်းစားရသော မုံ့တမျိုး ဖြစ်လေသည်။
ခေါက်မုံ့၊ မုံ့ပျားသလက်၊ မုံ့အုပ်ကလေး၊ မုံ့သိုင်းခြုံ၊ ရေမုံ့၊ မုံ့ဆတ်သွားဖူး၊ ဒေါင်းဖန်ဝါမုံ့တို့သည် အိုးကင်းပူကပ်ရသော မုံ့များ ဖြစ်သည်။ ခေါက်မုံ့သည် ခပ်ပျစ်ပျစ် မုံ့ရည်ကို အိုးကင်း၌ဖြန့်၍ ထန်းလျက်ရည် တင်ပြီးသော် ပဲလွန်းစေ့ပြုတ် (စားတော်ပဲပြုတ်)နှင့် အုန်းသီးမှုန့်ဖြူးပြီးလျှင် မုံ့ပြားအဝိုင်းကို ထက်ဝက် ချိုးခေါက်ထားခြင်း ဖြစ်သည်။ မုံ့ပျားသလက်သည် ခေါက်မုံ့လုပ်ပုံလုပ်နည်းနှင့် ဆင်ဆင်တူသော်လည်း မုံ့ပြား အဝိုင်းငယ်ငယ်နှင့်ထူထူတွင် ထန်းလျက်ရည် တင်လိုက်သည့် အခါ အလယ်၌ အပေါက်ငယ်ကလေးများ ဖြစ်လာ၍ ပျားသလက်နှင့် ဆင်ဆင်တူသဖြင့် ထိုအမည်တွင်ခဲ့သည်။ ကျောက်ပေါက်မာ ထူသူများ၏ မျက်နှာကို မုံ့ပျားသလက်နှင့် နှိုင်းယှဉ်၍ နောက်ပြောင်လေ့ ရှိကြသည်။ မုံ့ပျားသလက်ကို ခေါက်မုံ့ ကဲ့သို့ မချိုးခေါက်ဘဲ အပြန့်အတိုင်း အုန်းသီးမှုန့် ဖြူးစားကြသည်။
မုံ့အုပ်ကလေးသည် အုန်းနို့ရောထားသော မုံ့ရည်ပျစ်ပျစ်ကို အချိုင့်အခွက်များပါသော အိုးကင်းထဲသို့ လောင်း၍ တခွက်လျှင် စလောင်းတခုစီ အုပ်ထားရသည်။ ကျက်လျှင် ကော်ထုတ်၍ သကြားဖြူးပြီးလျှင် မုံ့နှစ်ခုအပ်၍ ထားရသည်။
မုံ့သိုင်းခြုံသည် မုံ့ဖတ် ခပ်ပြားပြားကို လေးထောင့်ပုံ ခေါက်ချထားသော ပုံသဏ္ဌာန်ရှိသည်။ အိုးကင်း ပြန့်ပြန့်ပက်လက်၌ ဆီရွှဲရွှဲ ဆမ်း၍ မုံ့ရည်ပျစ်ပျစ်ကို ဖြန့် လောင်းပြီးလျှင် အလယ်၌ အုန်းယိုထည့်သည်။ အထုပ်ကလေး ပြုပြီးနောက်တွင် ရုတ်ခြည်း မဆယ်သေးဘဲ ဟိုဖက်သည်ဖက် လှန်၍ ခေတ္တ ထားသေးသည်။ ရေမုံ့သည်လည်း အိုးကင်း ပက်လက်၌ ဆီသုတ်ပြီးလျှင် မုံ့ရည်ကို အလွန်ပါးလှစွာ ဖြန့်ချ ပြုလုပ်ထား ခြင်းဖြစ်သည်။ မုံ့သားကို ဆီ အဝတ်ဖြင့် ရိုက်ပေး ပြီးလျှင် စားတော်ပဲပြုတ်၊ သို့မဟုတ် ပဲလွန်းပြုတ်၊ ကြက်သွန် မြိတ်၊ နံနံပင်တို့ကို ဖြူးရသည်။ မူလက မြေလတ်ပိုင်း၌ ကျော်ကြားသော မုံ့တမျိုး ဖြစ်သော်လည်း ယခုအခါ ရန်ကုန်၌ လူကြိုက်များသော မုံ့တမျိုး ဖြစ်နေလေပြီ။ မုံ့ဆတ်သွားဖူးသည် အိုးကင်းပက်လက်၌ အင်တွဲမှုန့်သုတ်ပြီးလျှင် အမှုန့်ထောင်းထားသော ကောက်ညှင်းဆန်မှုန့်တို့ကို ဘဲဥပုံသဏ္ဌာန် ပါးပါးဖြန့်ကာ အလယ်၌ အုန်းယိုထည့် ပြီးလျှင် ထိပ်မပိတ်ဘဲ လက်သုံးလုံးခန့် အလိပ်ခပ်ပြားပြားဖြစ်အောင် လိပ်ထားသည်။ ဒေါင်းဖန်ဝါမုံ့ ပြုလုပ်ရာ၌ မုံ့နှစ်ထဲတွင် ဘဲဥ၊သကြား၊ အုန်းနို့ရော၍ အိုးကင်းပက်လက်၌ ပါးပါးဖြန့်၊ ထိုနောက် ကြွပ်ရွ လာမည့်အချိန်၌ အလိပ်၊ သို့မဟုတ်၊ အခေါက် ပြုလုပ်ရသည်။ ကြက်ဥနှစ်ရောင် အဆင်းရှိ၍ အုန်းနံ့သင်းပြီးလျှင် ကြွပ်ကြွပ်ရွရွ ဖြစ်သော ဒေါင်းဖန်ဝါမုံ့ကလေးများသည် တော်ရုံ စား၍ မဝနိုင်ပေ။ ပသျှူးမုံ့တမျိုးဟုလည်း ဆိုကြ၍ မော်လမြိုင် ဒေါင်းဖန်ဝါမုံ့သည် လူကြိုက်များလှပေသည်။
နိုင်ငံခြားသားတို့က မြန်မာလူမျိုးတို့သည် အလွန်အကြော်အလှော် စားသည်ဟု ဆိုကြသည်။ မြန်မာမုံ့ပဲ သွားရည်စာများ၌လည်း အကြော်အလှော်များ ပါဝင်ရာ၊ မုံ့စလင်းထောင်ကြော် (မုံ့ကြာခွက်ကြော်)၊ မုံ့ဆီကြော်၊ မုံ့လုံးကြီးကျော်၊ မုံ့ချိုသွင်း၊ မန္တလေးပဲကြော်၊ မုံ့လက်ကောက်ကြော်၊ ပဲကပ်ကြော် စသည် တို့သည် မြန်မာဆီကြော်မုံ့များ ဖြစ်ကြပေသည်။
မုံ့စလင်းထောင်ကြော်ကို မုံ့ကြာခွက်ဟုလည်း ခေါ်ကြသည်။ ဆန်မုံ့နှစ်ကို အနည်းငယ်အချဉ်ခံ၍ ထန်းလျက်ရည်ရောပြီးလျှင် ကြာခွက်အရွယ် မုံ့ပြားကို အလယ်သားထူစေ၍ နှုတ်ခမ်းသား ပါးပါးကို ကြွပ်ကြွပ် ရွရွှကလေး ဖြစ်အောင် ကြော်ထားသည်။ မုံ့ဆီကြော်သည် ကောက်ညှင်းဆန်နှစ်တွင် ထန်းလျက်ရည် ရော၍ ပါးပါးပြားပြား ဖြန့်ကြော်ထားခြင်း ဖြစ်သည်။ မုံ့လုံးကြီးကြော်သည် ကောက်ညှင်းမုံ့လုံးအတွင်း အုန်းယို၊ သို့မဟုတ် ပဲယို ဌာပနာ၍ ကြော်ထားသည်။ မုံ့ကြက်အူဟုလည်း ခေါ်ကြသော မုံ့ချိုသွင်းသည် ကောက်ညှင်း ဆန်နှစ်ရည်ကို မုံ့ညှစ်၍ ထည့်၍ ဆီပူထဲ ညှစ်ချကာ ကြော်ပြီးလျှင် ထန်းလျက်ရည်၌ ထည့်၍ စိမ်ရသည်။ မန္တလေးပဲကြော်၊ သို့မဟုတ် ပဲလွန်းကြော်သည် ကောက်ညှင်းဆန်နှစ်တွင် ပဲလွန်းစေ့ပြုတ်နှင့် ချင်း အနည်းငယ် ထည့်နယ်၍ အပြားဝိုင်းငယ်များ ပြုလုပ်ပြီး ကြော်ထားသည်။ လက်ကောက်ပုံသဏ္ဌာန် ပြုလုပ်ထားသဖြင့် မုံ့လက်ကောက်ခေါ် မုံ့ကြော်သည် ကောက်ညှင်းဆန်ဖြင့် ပြုလုပ်၍ ကြော်ပြီး မုံ့ကို ထန်းလျက်ရည်ဖြင့် တို့စားရသည်။
ကောက်ညှင်း ဆန်နှစ်ဖြင့် ပြုလုပ်ထားသော မုံ့အပြားဝိုင်းထူထူတွင် ကုလားပဲခြမ်းစေ့များကပ်၍ ကြော်ထားသော မုံ့ကြော်ကို ပဲကပ်ကြော်ဟုခေါ်သည်။ ဘူးသီး၊ ငှက်ပျောသီး၊ ကြက်သွန်နီ၊ ဂေါ်ရခါးသီး၊ ပဲပင်ပေါက်၊ မြက်ကြွပ်ရွက် စသည်တို့ကိုလည်း ပဲမှုန့်၊ ကောက်ညှင်းမှုန့်၊ ဆန်မှု့န်နှစ်တို့ဖြင့် လူး၍ ကြော်စား ကြရာ လက်ဖက်ရည်ကြမ်းဖြင့် အလွန်လိုက်ဖက်သော မုံ့ကြော်များ ဖြစ်ကြလေသည်။
နေရာဒေသအလိုက် လူကြိုက်များပြား၍ ထင်ရှားသော မုံ့မျိုးတို့လည်း ရှိပေသေးသည်။ အောက်မြို့ ကျေးရွာတို့၌ မုံ့ဟင်းခါးကို လူတန်းစားမရွေး ကြီးငယ်ရွယ်လတ်မကျန် ကြိုက်နှစ်သက်ကြသည်။ မုံ့ဆန် နှစ်ရည် ပျစ်ပျစ်ကို မုံ့ညှစ် ပုံစံဖြင့် ရေနွေးဆူဆူထဲသို့ ညှစ်ချရသော မုံ့ဟင်းခါးမျှင်များကို ဆီချက်ဖြူး၊ ဟင်းရည်ဆမ်း၍ စားရသည်။ မုံ့ဟင်းခါးဟင်းရည် ဆိုသည်မှာ ငါးခူ၊ ငါးကျည်း၊ ငါးရံ့စသော ငါးတမျိုးမျိုးကို ပြုတ်၍ အသားထွင်ယူပြီးလျှင် စပါးလင်၊ ချင်း၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ဆန်လှော်မှုန့်စသည်တို့ အချိုးကျ ထည့်၍ စီမံချက်ပြုတ်ရပြီးလျှင် ငှက်ပျောအူဖတ်၊ ကြက်သွန်ဥ၊ ဘဲဥ တို့လည်း စွက်ထားသေးသည်။ မုံ့ဟင်းခါးနီးပါး လူကြိုက်များသော ဟင်းရည်မုံ့တမျိုးမှာ အုန်းနို့ခေါက်ဆွဲ ဖြစ်သည်။ ကြက်သားစသော အသား တမျိုးမျိုးကို ငရုတ်၊ ကြက်သွန် ထောင်း၍ ဆီသတ်ပြီးလျှင် အုန်းနို့၊ ကုလားပဲမှုန့်အရည်ဖျော်တို့ ခေါက်ဆွဲ၌ ဆမ်းကာ ပါးပါးလှီးထားသော ကြက်သွန်စိမ်း၊ မုံ့ကြွပ်ကြော်တို့ ဖြူးစားကြလေသည်။
အောက် မြန်မာနိုင်ငံ၌ မုံ့ဟင်းခါးနှင့် အုန်းနို့ခေါက်ဆွဲ တို့သည် နာမည်ကျော်သကဲ့သို့ အထက် မြန်မာနိုင်ငံတွင် မန္တလေးမုံ့တီသည် နာမည်ကြီးလှသည်။ ဆန်ကြာဆံ အလုံးကြီး၊ သို့မဟုတ် မုံ့ဟင်းခါး အမျှင် အလုံးကြီးကြီးကို ကြက်သား ဆီပြန်ချက်၊ မုံ့ကြွပ်၊ ပဲမုံ့၊ နံနံပင်စသော အသိုင်းအဝိုင်းတို့နှင့်ရော၍ နယ်ဖတ်ပြီးလျှင် ကြက်ရိုးပြုတ် ဟင်းရည်ဖြင့် တွဲဖက် စားရလေသည်။
မန္တလေးထိုးမုံ့သည် အထက်မြန်မာနိုင်ငံ၏ ကျော်ကြားသော အချို မုံ့တမျိုး ဖြစ်လေသည်။ ကောက်ညှင်းဆန်ကို ကြိတ်၍၊ သို့မဟုတ် ထောင်း၍ ရေနွေးဖြင့် နယ်သားရအောင် နယ်ရသည်။ ထိုနောက် ချက်ထားသောဆီကိုလည်း တဖြည်းဖြည်း ချင်းထည့်၍ မွေပြီးလျှင် မွှေသား အတော်ရလာလျှင် သကြားထည့် မွှေရထိုးရ ပြန်သည်။ မွှေသားထိုးသားရလျှင် ပါးပါး စိတ်စိတ် လှီးထားသော အုန်းသီးဆံ၊ ဗာဒမ်စေ့၊ သစ်ကြား သီးဆံတို့ကို ထည့်ရလေသည်။ ရက်ကြာကြာထား၍ စားနိုင်သော မုံ့တမျိုးဖြစ်လေသည်။
တနင်္သာရီ တိုင်းသည် အုန်းသီးနှင့်ဓနိသကြား ပေါများသောဒေသဖြစ်သဖြင့် အချိုအဆိမ့်မုံ့အမျိုးမျိုးကို လုပ်ကိုင် စားလေ့ ရှိကြသည်၊ မုံ့ဝမ်းသာခေါ် မုံ့သည် ကောက်ညှင်း မုံ့လုံးကလေးများတွင် ပေါက်ပေါက်ပါသော အုန်းယိုဌာပနာ၍ စားသည့်အခါ အုန်းသီးမှုန့် ဖြူးစားကြသည်။ ထို့ပြင် မုံ့ပတ်ဝန်းခေါ် မုံ့မှာ ဆန်နှစ်၊ ဓနိသကြားတို့ဖြင့် ပြုလုပ်သော မုံ့ကျွဲသည်းကို မုံ့ဖတ်အပြားငယ် အလယ်၌ ထည့်၍ ထိုမုံ့ဖတ် အပြားကို ခေါက်ချိုးချပြီး နှုတ်ခမ်းနှစ်ခု မကွာအောင် ကပ်ပေး ရသည်။ ထို့ပြင် မုံ့ခေါက်ပို၍ ခိုင်မြဲစေရန် လက်နှစ်သစ်ခန့် ဖက်ရွက်ဖြင့် မုံ့ခေါက်အလယ်၌ ပတ်ဝန်းပေးပြီးလျှင် ပေါင်းရသည်။
မြစ်ဝကျွန်းပေါ်ဒေသမှ မုံ့လုံးကြီးထက် အရွယ်သေး၍ မုံ့လုံးကြီးကဲ့သို့ အုန်းယိုဌာပနပါပြီးလျှင် အုန်းနို့ရည်ဆမ်းစား ရသော မုံ့ပုဇွန်ခေါ် မုံ့တမျိုးရှိသေးသည်။ မုံ့ငရံ့ဆိုသည်မှာ ကောက်ညှင်း အနည်းငယ်ရောသော ကမာကြည်ဆန်ကို ကြိတ်၍ ပျော့ပျောင်းအောင် နှဲပြီးလျှင် ပျဉ်ချပ် ချောချောပေါ်၌ နာနာလှိမ့်ထားသောမုံ့ပြားကို အရှည်သုံးလက်မခန့် အဖျားသွယ်သွယ် ဖြစ်အောင် ဖြတ်လိုက်လျှင် ငရံ့ပေါက်စကလေးများနှင့် ဆင်ဆင်တူသည်။ ထိုမုံ့ဖတ်များကို ရေနွေး၌ ပြုတ်ပြီးလျှင် အုန်းနို့ဆမ်းစားကြလေသည်။ မုံ့ပေါင်းနှင့် ဆင်ဆင်တူသော မုံ့တမျိုးကို တနင်္သာရီတိုင်း၌ မုံ့ဆားဟု ခေါ်ပြီးလျှင် နှမ်းထောင်းနှင့်အုန်းသီးမှုန့် ဖြူးစားကြသည်။
နာတာလူးပွဲတော်ချိန်တွင် ခရစ်ယန် အယူဝါဒီတို့ ပြုလုပ် လေ့ရှိသော ဒိုဒိုမုံ့နှင့်ဆင်တူသည့် မုံ့တမျိုးကိုလည်း တနင်္သာရီတိုင်းတွင် မုံ့ကုလားမည်းဟုခေါ်သည်။ ကောက်ညှင်း ငချိတ်နှင့် ဆန်ဆတူထည့်ကြိတ်၍ အုန်းနို့နိုင်နိုင်ဖြင့် မွှေပြီးလျှင် သကြား၊ နှမ်းဆီတို့ပါ ထည့်၍ အနည်းဆုံး ငါးနာရီခန့် ထိုးရသည်။ ကောက်ညှင်းငချိပ်ကြောင့် အရောင်မည်းသော်လည်း အရသာ ကောင်းလှသည်။
ထားဝယ်မုံ့ဟုခေါ်သော မုံ့မျိုးသည် ကောက်ညှင်းပေါင်းပြီးကို ညှက်စွာထောင်း၍ မုံ့လုံးကလေးများ ပြုလုပ်ရသည်။ ပြီးမှ နှမ်းထောင်းပါသော အုန်းယိုကို မုံ့လုံးကလေး၏ထိပ်ကို ဓားဖြင့် ခွဲ၍ သိပ်ထည့်ပြီး စားရသဖြင့် ထိုမုံ့ကို မုံ့ဖြုသိပ်ဟုလည်း ခေါ်ကြလေသည်။
ဌာနဒေသအလိုက် စားလေ့စားထရှိကြသော အခြားမုံ့အမျိုးအမည်များလည်း ရှိပေလိမ့်ဦးမည်။ တခါတရံ လုပ်ပုံလုပ်နည်း ဆင်တူယိုးမှား ဖြစ်သော်လည်း ဌာနဒေသလိုက်၍ အမည်တမျိုးစီ ဖြစ်နေသည်လည်း ရှိသည်၊။ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများအနက် ကရင်၊ မွန်၊ ဗမာ၊ ရခိုင်စသော မြေပြန့်သားများ၏ အစားအသောက်တို့သည် များသောအားဖြင့် အခြေခံတူကြသည်။ တောင်ပေါ်သားများတွင် ရှမ်းလူမျိုးတို့၏ အစားအသောက်မုံ့ပဲသွားရည်စာ များစွာတို့ကို မြေပြန့်သားတို့ ခံတွင်းတွေ့၍ မြန်မာမှု ပြုထားသည်များလည်း ရှိပေသည်။ ကချင် (ဂျင်းဖော)၊ ကယား၊ ချင်း စသော တောင်ပေါ်သားတို့၏ အနည်းနှင့်အများ ခြားနားပေသည်။ ယင်းသည်လည်း ရေမြေ အခြေအနေကို လိုက်၍ ဖြစ်ပေသည်။ မြေပြန့်သားတို့သည် ကာလဒေသကိုလိုက်၍ အစားအသောက် မုံ့ပဲသွားရည်စာတို့ကို အမျိုးမျိုး စီမံဖန်တီး စားသောက်နိုင်သော အခြေအနေရှိသဖြင့်လည်း စားသောက်ရေး၌ ဇယားချဲ့ခဲ့ကြသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသားတို့ ရောက်လာပြီးသည့် နောက်ပိုင်းတွင် ယင်းတို့၏ အစားအစာ ဗီစကွက်၊ ချောကလက် စသော မုံ့ပဲသွားရည်စာ အမျိုးမျိုးကို မြန်မာတို့ လျှာအရသာတွေ့အောင် ဖန်တီးခဲ့သဖြင့် နိုင်ငံခြား စားသောက်ဖွယ်ရာတို့သည် မြန်မာနိုင်ငံ၏ ငွေယိုပေါက်ကြီးတခု ဖြစ်ခဲ့လေသည်။ မြန်မာမုံ့ပဲသွားရည်စာတို့ကိုလည်း စနစ်တကျ ကောင်းမွန်စွာ လုပ်ကိုင်ပါက မြန်မာမုံ့များ၏ အရသာကို မခုံမင် မနှစ်သက်သော မြန်မာလူမျိုးကား ရှားပေလိမ့်မည်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)၊ စာမျက်နှာ ၃၀၈ မှ ၃၁၅။
မှတ်ရန်များ။
မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့ ရေးပါတယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ်၊ အတွဲ ၃၊ ၁၉၇၉ ထုတ်မှာ မုန့် လို့ရေးပါတယ်။
၃။ အကိုးအကားယူတဲ့အခါ မူရင်းပါ စာလုံးပေါင်းနဲ့ အချက်အလက်တွေကို တလုံးတပါဒမျှ မပြင်ရပါ။
၄။ ပြင်သုံးထားမိသူတွေ မူရင်းအတိုင်းသာ ပြန်ပြင်သင့်ကြပါတယ်။
၅။ ကိုယ်တိုင်ပြုစုတဲ့ စွယ်စုံကျမ်းဆိုရင်တော့ ကိုယ်ထင်ရာ ရေးနိုင်ပါတယ်။
၆။ IPR ခေါ် ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို လေးစားလိုက်နာကြရပါမယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment