သင်၏ လက်ဖဝါးကို ရင်ဘတ်ပေါ်သို့ အသာအယာ တင်ထားလိုက်ပါ။ ပြီးလျှင် ဖြည်းဖြည်းနှင့် မှန်မှန် အသက်ကို ငါးကြိမ်ခန့် ခပ်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ် ပြုလုပ်ပါ။ သင်၏ လက်ဖဝါးအောက်တွင် ရင်ဘတ်၏ နိမ့်တက်၊ မြင့်တက် လှုပ်ရှားမှုကို ခံစားကြည့်ပါ။
ဤရိုးရှင်းသော လုပ်ဆောင်ချက်သည် မှော်အတတ် တခု မဟုတ်သော်လည်း အင်မတန် အစွမ်းထက်လှပါသည်။
သင်သည် အသက်ကို ဖြည်းညှင်းစွာနှင့် နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်သည့်အခါ သင့်ခန္ဓာကိုယ်သည် စိုးရိမ်သောကများထဲမှ ရုန်းထွက်လာပါလိမ့်မည်။ သင်၏ အာရုံကြောစနစ်သည် စတင် တည်ငြိမ်လာပြီး နှလုံးခုန်နှုန်းမှာလည်း ညင်သာလာပါမည်။ သင်၏ စိတ်သည်လည်း လှုပ်ခတ်မှု နည်းပါးသွားပါလိမ့်မည်။
ရင်ဘတ်ပေါ်သို့ အသာအယာ ထိတွေ့ထားခြင်းသည် သင့်ခန္ဓာကိုယ်အပေါ် သတိမူမိစေရန် နောက်ထပ် အလွှာ တခုကို ထပ်ဆင့်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ၎င်းသည် သင့်ကို လက်ရှိ ပစ္စုပ္ပန်တည့်တည့်တွင် အခြေခိုင်စေပြီး မိမိကိုယ်ကိုယ် လုံခြုံမှုရှိသည်ဟူသော ခံစားချက်ကို အတွင်းစိတ်ထဲမှ ဖန်တီးပေးပါသည်။
ဗုဒ္ဓဘာသာ အဆုံးအမများတွင်မူ ဤသည်မှာ "သတိ" (Mindfulness) ၏ အနှစ်သာရပင် ဖြစ်ပါသည်။ မိမိ၏ ခန္ဓာကိုယ်ဆီသို့ ပြန်လည်ရောက်ရှိခြင်း၊ အသက်ရှူခြင်းဆီသို့ ပြန်လည်ရောက်ရှိခြင်းနှင့် ယခု "လက်ရှိ" ဆီသို့ ပြန်လည်ရောက်ရှိခြင်းပင် ဖြစ်ပါသည်။
သင်သည် မိမိ၏ ခံစားချက်များထဲမှ ထွက်ပြေးရန် ကြိုးစားနေခြင်း မဟုတ်ဘဲ ထိုခံစားချက်များ၏ လွှမ်းမိုးမှုကို မခံရစေဘဲ ၎င်းတို့နှင့်အတူ တည်ငြိမ်စွာ ယှဉ်တွဲနေထိုင်တတ်ရန် သင်ယူနေခြင်း ဖြစ်ပါသည်။
ထိုတိတ်ဆိတ် ငြိမ်သက်သော ဝန်းကျင်တွင် တစုံတရာ ပြောင်းလဲလာပါလိမ့်မည်။
သင်၏ အတွေးများ နှေးကွေးသွားပါမည်။
သင်၏ စိတ်ခံစားမှုများ နူးညံ့လာပါမည်။
သင်၏ တုံ့ပြန်မှုများမှာလည်း လျော့ပါးသွားပါလိမ့်မည်။
ထို့နောက်တွင် သင်သည် စိတ်အလိုလိုက် တုံ့ပြန်ခြင်းမျိုး မဟုတ်ဘဲ "သတိ" ဖြင့် ဆင်ခြင်တုံ့ပြန်နိုင်လာပါလိမ့်မည်။
သင်သည် အရာအားလုံးကို အမြဲတစေ ပြုပြင်နေရန် မလိုအပ်ပါ။ အချို့သော အချိန်များတွင် ခေတ္တရပ်နားရန်၊ အသက်ရှူရန်နှင့် မိမိကိုယ်ကိုယ်ဆီသို့ ပြန်လည်ရောက်ရှိရန်သာ လိုအပ်ပါသည်။
ငြိမ်းချမ်းမှုဆိုသည်မှာ ယခုကဲ့သို့ ရိုးရှင်းသော အရာလေးများမှ စတင်တတ်စမြဲ ဖြစ်ပါသည်။
A small gesture can calm a restless mind.
ဒေါက်တာတင့်ဆွေ

Comments
Post a Comment