Skip to main content

ကိုတံငါ လှေယာဉ်စီးပါလို့ ပိုက်ကြီးနဲ့ ရေချလာ

မေးခွန်းတခု = တငါနဲ့ တံငါ ဘယ်ဟာအမှန်လဲ

ပြန်စာ

(၁)

တံငါ = ငါးဖမ်းခြင်းဖြင့်အသက်မွေးသူ။

တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး

တံငါကွန်တိုင် 

တံငါတာရာ

မျောက်တံငါများကို အရှေ့တောင်အာရှတွင် တွေ့ရလေ့ ရှိသည်။

(၂)

တပေါင်းလဘွဲ့ (ဦးကြင်ဥ)

သြော်… ဂိမှာန်အတာ ချိန်အခါကို

စိန်ကြာညောင်လွ ရောင်ကြိုးကြွမှာ

အလှငယ် ထူးချွန်

သုံးရွေ့မှူး ကြော့ကြူးလွန်တို့

လွမ်းဝှန်ငယ် ရှည်ပြန့်

ဆည် မတန့်အောင်

ငွေနားပန့်ရှင် တောင်မီးခင်လည်း

မနှင်ထွန်တိုက် ချွန်စူးငယ်စိုက်လို့

အလိုက်ကယ် စာရေ

စဉ်ဆက်မျိုးလာ ကြက်ရိုးစာနှင့်

ဘာသာငယ် ပွေသည်

ခေါင်ရေပျော်ပွဲ ဖွဲ့ကြတယ်။   ။

တံငါလောင်းလှေ

တပုံတသီး ဒေါင်ဒင်တီးလို့

ယဉ်စီးငယ် တွေသည်

ကြည်ရေညိုလဲ့ စိမ်းမြတယ်။   ။

ပြဘင်္ကရု

ဖန်နေနန်းလဲ ပြင်ခန်းလုမို့

ဖဂ္ဂုမာသံ လအဖန်ကို

ဘယ်ဉာဏ်ပိုင်ရှင်

မလွမ်းအောင် ဆင်ပါ့မယ်။   ။

(၃)

ယမုန္နာ ပတ်ပျိုး 

ယမုန်နာ သီတာသောင်ခြေဦးမှာလလေ သနားဖွယ် လူနှယ်ခေါ်သံထူးလို့လေး ကြည်နူးဖွယ့် မယ့်တကိုယ် ရွှေဟင်္သာ မောင်နှံငှက်ကယ်တို့ ကြင်ဖေါ်မှာ ကြင်ဖေါ်ဘက်ကယ်နှင့် တူပျော်ပျော် ဘယ်ခါမှစက်ရပါ့ လည်ယှက်ကာ သူတို့လို 

မဖိုခေါ်သံ လူ့နှယ်သူ့ဟန် ဖေါ်ကွာသူဆွေးစေဘိ်ု့ဖန် သဲတဲ့သဲငွေလျှံ ဝဲတဲ့ဝဲကာပျံ 

အို ငကြင်းတွေဆန် ငတန်တွေ သောင်ရေစီးမှာလ ကိုတံငါ လှေယာဉ်စီးပါလို့ ပိုက်ကြီးနဲ့ ရေချလာ 

ဒေါင်ဒင်သံ သာသာနှင့် တံငါလှေလောင်းဆင်း 

အို နဒီတွင်းမှာလ နှင်းငွေ့ဆော် ချမ်းလို့တုန် မလုံကွေးတယ် ကိုယ်ရေးကြုံတော့နော် 

တပေါင်းတန်ခူး မိုးသားကျူး လေရူးဆော်လာပုံ 

နဒီတွင်းမှာလ ပိုက်တွင်းမှာသူတို့ခုန် 

လွမ်းလေ ပူပုံပွါးပါလို့ အားကကုန် 

သောင်ယံမှာ မောင်နှံငှက်ကယ်တို့ လည်ချင်းယှက်ပါလို့ နွှဲကာပျော်စံ ဆွေးစေဘို့ဖန် ကြင်ဖေါ်ကွဲသူထင့် ဝဲကာပျံတယ် သည်သောင်ယံက မခွါရက်တယ် ကြံခက်လို့ပန်း 

ရစ်သန်းငယ်ကာ ယမုန်နာ ငွေသောင်ခုံက လွမ်းပုံကို ဖြေမရွှင်ဘု ပွေအင်ပူမီး 

ငွေနှင်းငယ်မှုန် လေညင်းတသုန်သုန်နှင့် ရေဆင်းကာ ဂယက်ဝိုင်းငယ် လှိုင်းထလို့စီး။   ။

ယမုန္နာပတ်ပျိုး တီး - ဂီတလုလင်မောင်ကိုကို၊ ဆို - တင်တင်မြ https://www.youtube.com/watch?v=46Frdqfn0yM

ယမုန္နာ သီတာသောင်ခြေဘွဲ့ ပတ်ပျိုး - ရီရီသန့် https://www.youtube.com/watch?v=OfqL9W0p-Uo

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ