Skip to main content

"မနောမယ လက်စွပ်"

(မင်းသုဝဏ်)

ရှေးရှေးတုန်းက သူဌေးကြီး တဦးမှာ သား တယောက်ရှိသတဲ့။ အဲဒီသား အရွယ်ရောက်တော့ သူဌေးကြီးက ငွေအသပြာ သုံးရာပေးပြီး "ကဲ ငါ့သား၊ တတိုင်း တနိုင်ငံ သွားပြီး ကုန်ကူးပါချေ" လို့ ခိုင်းသတဲ့။ အဲဒီတော့ သူဌေးသားဟာ ငွေကိုယူပြီး ခရီးထွက်တာပေါ့။

ခရီးအတော်သွားမိတော့မှ လမ်းမှာ လူတစုဟာ ခွေးတကောင်နဲ့ စကားများနေကြတာကို တွေ့ရတယ်။ တချို့က ခွေးကို သတ်ပစ်မယ်လို့ ပြောတယ်။ တချို့က မသတ်ရဘူးလို့ တားတယ်။ သနားကြင်နာစိတ်ရှိတဲ့ သူဌေးသားကတော့ "ကဲဗျာ၊ ခင်ဗျားတို့ စကားများမနေကြပါနဲ့။ ဒီခွေးကို ကျွန်တော် ဝယ်ပါ့မယ်။ ရော့ ငွေတရာ" ဆိုပြီး ခွေးကလေးကို ခေါ်သွားသတဲ့။

နောက် ခရီးအတော်သွားမိပြန်တော့ လမ်းမှာ လူတစုဟာ ကြောင် တကောင်နဲ့ စကားများနေကြတာကို တွေ့ရပြန်တယ်။ တချို့က ကြောင်ကို သတ်ပစ်မယ်လို့ ပြောတယ်။ တချို့က မသတ်ရဘူးလို့ တားတယ်။ သနားကြင်နာစိတ်ရှိတဲ့ သူဌေးသားကတော့ "ကဲဗျာ၊ ခင်ဗျားတို့ စကားများမနေကြပါနဲ့။ ဒီကြောင်ကို ကျွန်တော် ဝယ်ပါ့မယ်။ ရော့ ငွေတရာ" ဆိုပြီး ကြောင်ကလေးကို ခေါ်သွားသတဲ့။

နောက် ခရီးအတော်သွားမိပြန်တော့ လမ်းမှာ လူတစုဟာ မြွေ တကောင်နဲ့ စကားများနေကြတာကို တွေ့ရပြန်တယ်။ တချို့က မြွေကို သတ်ပစ်မယ်လို့ ပြောတယ်။ တချို့က မသတ်ရဘူးလို့ တားတယ်။ သနားကြင်နာစိတ်ရှိတဲ့ သူဌေးသားကတော့ "ကဲဗျာ၊ ခင်ဗျားတို့ စကားများမနေကြပါနဲ့။ ဒီမြွေကို ကျွန်တော် ဝယ်ပါ့မယ်။ ရော့ ငွေတရာ" ဆိုပြီး မြွေကလေးကို ခေါ်သွားသတဲ့။

သူဌေးကြီးပေးလိုက်တာက ငွေသုံးရာ။ ခွေးကိုဝယ်တော့ ငွေတရာ။ ကြောင်ကိုဝယ်တော့ ငွေတရာ။ မြွေကိုဝယ်တော့ ငွေတရာ။ အဲဒီတော့ သူ့အိတ်ထဲမှာ ငွေမလာဖြစ်တာပေါ့။ ဒါကြောင့် သူဌေးသားလည်း တတိုင်း တနိုင်ငံကို ခရီးဆက်မသွားတော့ဘဲ မိဘအိမ်ကို ပြန်တာပေါ့လေ။ အိမ်ကိုရောက်လို့ အဖြစ်အပျက်တွေကို ပြန်ပြောပြတော့ သူဌေးကြီးက ဆူတာပေါ့။ "ကဲ၊ မင်း ဒီလောက်မိုက်တဲ့ အကောင်၊ ငါ့အိမ်ပေါ်မှာ မနေနဲ့။ နွားရုံထဲမှာ သွားနေ" လို့ နှင်ချလိုက်လေရော။ သူဌေးသားလဲ ခွေးကလေး၊ ကြောင်ကလေး၊ မြွေကလေးကို ခေါ်ပြီး နွားရုံထဲ သွားနေတာပေါ့။ သူ့အိပ်ရာက ကောက်ရိုးပုံ။ သူ့အိပ်ဖော် အိပ်ဖက်တွေက ခွေးရယ်၊ ကြောင်ရယ်၊ မြွေရယ်။ အဲသည်သတ္တဝါတွေက သူ့ကို အင်မတန် ချစ်ကြသတဲ့။ အိပ်တဲ့အခါဆိုရင် ခွေးကလေးက ခေါင်းရင်းက အိပ်သတဲ့။ ကြောင်ကလေးက ခြေရင်းက အိပ်သတဲ့။ မြွေကလေးက ယှဉ်ပြီး အိပ်သတဲ့။

တနေ့ကျတော့ သူတို့တစု စကားစမြည်ပြောကြရင်း မြွေကလေးက သူ့သခင် သူဌေးသားကို ပြောသတဲ့။ "သခင်၊ ကျွန်တော်ဟာ မြွေမင်းကြီး နာဂရာဇာရဲ့ သား ဖြစ်ပါတယ်။ တနေ့သောအခါ ကျွန်တော် လူ့ပြည်ကို လာတုန်း လူတစုက ဝိုင်းဖမ်းပြီး သတ်တော့မယ်လုပ်နေခိုက် ကံကောင်းထောက်မလို့ သခင်က ကယ်ဆယ်လိုက်တဲ့အတွက် ကျွန်တော် အသက်ချမ်းသာရာ ရပါတယ်။ ကျွန်တော့်မှာ မိမွေးတဲ့အသက်၊ ဖမွေးတဲ့အသက် မရှိပါဘူး။ သခင်ကယ်တဲ့ အသက်ပဲ ရှိပါတယ်။ သခင်ကျေးဇူးကို ကျွန်တော် ဆပ်ချင်ပါတယ်။ ကျွန်တော့်ဖခင် နာဂရာဇာကြီးကလည်း သခင့်ကို အင်မတန် ကျေးဇူးတင်မှာပဲ" လို့ ပြောသတဲ့။ ဒီတော့ သူဌေးသားက "နာဂရာဇာကြီး ဘယ်မှာနေသလဲ။ ကျုပ်လဲ တွေ့နိုင်ရင် တွေ့ချင်ပါတယ်" လို့ ပြောသတဲ့။

ဒီတော့ မြွေကလေးက ဆက်ပြီးပြောတယ်။ "ဟောဟိုက တောင်ညိုညိုကြီးကို မြင်ပါသလား သခင်။ အဲဒီတောင်ညိုညိုကြီးရဲ့ ခြေရင်းမှာ နတ်ရေတွင်း၊ နတ်ရေထွက်တခု ရှိပါတယ်။ အဲဒီ နတ်ရေတွင်း၊ နတ်ရေထွက်ထဲကို ငုပ်ဆင်းလိုက်ရင် ကျွန်တော်တို့ တိုင်းပြည်ကိုရောက်တာပါပဲ။ သခင် လိုက်မယ် ဆိုရင် ကျွန်တော် ခေါ်သွားပါ့မယ်။ ကျွန်တော့်ဖခင် မြွေမင်းက ကျေးဇူးဆပ်မှာတော့ အမှန်ပါပဲ။ ဘာကိုလိုချင်သလဲလို့မေးရင် မြွေမင်းရဲ့ လက်ယာလက်က လက်စွပ်ရယ်၊ ရွှေထမင်းအိုးနဲ့ ရွှေယောက်မရယ် ပေးပါလို့ တောင်းပါ။ အဲဒီလက်စွပ်က မနောမယလက်စွပ်ပါ။ ရွှေဗိမာန်ကြီး ဖန်ဆင်းပေးနိုင်ပါတယ်။ ရွှေထမင်းအိုးနဲ့ ရွှေယောက်မကလည်း တောင်တလုံး ရှိရင် နတ်ထမင်း နတ်ဟင်းကို ပေးနိုင်ပါတယ်" လို့ ပြောပြတယ်။

အဲဒီအခါ သူဌေးသားလဲ သူ့မိတ်ဆွေ သုံးယောက်နဲ့အတူ တောင်ညိုညိုကြီးဆီကို သွားတာပေါ့။ တောင်ခြေရင်းကိုရောက်လို့ နတ်ရေတွင်း နတ်ရေထွက်ကို တွေ့တော့ "ကဲ၊ မင်းတို့ ဒီမှာခဏနေခဲ့ကြ။ ကျုပ် နာဂရာဇာကြီးနဲ့ သွားတွေ့ဦးမယ်" လို့ ခွေးကလေးနဲ့ ကြောင်ကလေးကိုမှာပြီး သူဌေးသားလည်း မြွေကလေးနဲ့အတူ ရေထဲ ငုပ်ဆင်းသွားပါရောတဲ့။

မြွေတိုင်းပြည်ကိုရောက်တော့ မြို့တံခါးကနေပြီး မြွေကလေးက သူ့ဖခင် နာဂရာဇာထံကို လူလွှတ်ပြီး လျှောက်ထားသတဲ့။ ဒီတော့ နာဂရာဇာက "လူသားနဲ့ သားတော်တို့ ရှေ့တော်ကို ဝင်ခဲ့ရမယ်" လို့ အမိန့်ပေးသတဲ့။

ါပေမယ့် မြွေကလေးက လျှောက်ထားသတဲ့။ "ကျွန်တော်ဟာ အခုအခါမှာ အသက်သခင်ဖြစ်တဲ့ လူသားရဲ့ ကျေးကျွန်ဖြစ်ပါတယ်။ မခည်းတော် ကိုယ်တိုင် လာရောက်ကြိုဆိုပြီး ကျေးကျွန်ဘဝက ရွေးယူပါမှ မခည်းတော်ရဲ့ ရှေ့တော်ကို ဝင်နိုင်ပါလိမ့်မယ်" လို့ လျှောက်သတဲ့။

မြွေကလေးက သူဌေးသားကို ကျေးဇူးဆပ်ချင်လို့ ဇာတ်ဆင်နေတာ ပေါ့လေ။ အဲဒီအခါမှာ နာဂရာဇာ မြွေမင်းကြီးဟာ မြို့တံခါးကို ထွက်လာပြီး သားတော်ကို ဖက်ယမ်းနမ်းရှုပ်သတဲ့။ သူဌေးသားကို နှုတ်ခွန်းဆက်သပြီး ခရီးဦးကြိုဆိုသတဲ့။ အဲဒီလိုနဲ့ သူဌေးသားဟာ မြွေတိုင်းပြည်မှာ အတော် ကြာကြာနေတုန်း နာဂရာဇာရဲ့ မနောမယလက်စွပ်ရယ်၊ ရွှေထမင်းအိုးနဲ့ ရွှေယောက်မရယ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ မြွေမင်းကပေးလို့ ရသတဲ့။

နောက်တော့ နတ်ရေတွင်း နတ်ရေထွက်လမ်းက လူ့ပြည်ကို ပြန်လာပြီး သူ့အပေါင်းအဖော် ခွေးတို့၊ ကြောင်တို့နဲ့ ပြန်တွေ့တာပေါ့။ မကြာခင်မှာပဲ သူဌေးသားက မနောမယလက်စွပ်ကို ကိုင်ပြီး တောင့်တလိုက်တဲ့အခါ အင်မတန်ခမ်းနားတဲ့ ရွှေဗိမာန်ကြီး ရောက်လာသတဲ့။ ရွှေဗိမာန်ထဲမှာ မင်းသမီးလေးတပါးလည်း ပါလာသတဲ့။ နောက်တော့ ရွှေထမင်းအိုးနဲ့ ရွှေယောက်မကိုကိုင်ပြီး တောင့်တလိုက်တဲ့အခါမှာလည်း စားကောင်း သောက် ဖွယ် နတ်ထမင်း နတ်ဟင်းတွေ ရောက်လာသတဲ့။ အဲဒီအခါ သူဌေးသား ဟာ မင်းသမီးကလေးနဲ့ လက်ထပ်ပြီး ရွှေဗိမာန်ကြီးထဲမှာ နေတာပေါ့။

တနေ့ကျတော့ မင်းသမီးလေးဟာ ဆံတော်ရှင်းရင်းနဲ့ ကျွတ်ထွက် လာတဲ့ ရွှေဆံပင်ကလေးတွေကို ကျည်းတောက်တခုမှာသွတ်ပြီး မြစ်ထဲ ပစ်လိုက်သတဲ့။ ကျည်းတောက်ကလေးလည်း မြစ်ညာကနေပြီး မြစ်ကြောင်းကို မျောလာ ပေါ့လေ။ တတိုင်း တနိုင်ငံကို ရောက် တော့ မင်းသားကလေးတပါး ရေကစားဆင်းရင်းနဲ့ အဲဒီကျည်းတောက်ကို တွေ့တာနဲ့ ဆယ်ကြည့်သတဲ့။ အင်မတန် လှပနူးညံ့တဲ့ ရွှေဆံပင်ကလေးတွေကို တွေ့တော့ မင်းသားကလေးဟာ မမြင်ရတဲ့ ဆံပင်ရှင် မင်းသမီးကို စွဲလမ်းပြီး မအိပ်နိုင် မစားနိုင်နဲ့ တငိုင်ငိုင် တတွေတွေ နေတော့တာပဲတဲ့။ အဲဒီအခါမှာ မင်းသားကလေးရဲ့ ခမည်းတော်ဟာ စိတ်ပူတော်မူတာနဲ့ မင်းသားကလေးရဲ့ အရီးတော် ဘီလူးမကြီးဆီမှာ အကြံဉာဏ်တောင်းရတာပေါ့။ သည်တော့ အရီးဘီလူးမကြီးက ပျားယောင်ဆောင်ပြီး တဝဲဝဲနဲ့ မြစ်ညာကို ဆန်ပြီး ပျံသတဲ့။ ဘီလူးမကြီးဟာ အဲဒီလိုပျံရင်း မင်းသမီးကလေးရဲ့ ရွှေဆံပင်ကို နမ်းကြည့်တယ်။ ရွှေဆံပင်ကလေးက ဆီအနံ့ကို သိတော့ ဒီအနံ့အတိုင်း ပျားယောင်ဆောင်ပြီး လိုက်တာကိုး။ နောက်ဆုံးတော့ မင်းသမီးဆီကို ရောက်တာပေါ့။ ရောက်တဲ့အခါ အမယ်အိုယောင်ဆောင်ပြီး တောင်ဝှေးကလေးကို တတောက်တောက်နဲ့ မင်းသမီးနေတဲ့ ရွှေဗိမာန်တွင်းကို ဝင်သွားသတဲ့။ မင်းသမီးကလေးနဲ့တွေ့တော့ လိမ်တာပေါ့လေ။ "မင်းသမီးကလေး၊ ကျုပ်ဟာ အခြားသူ မဟုတ်ဘူး၊ မင်းသမီးကလေးရဲ့ အရီးတော်ဖြစ်တယ်။ မင်းသမီးကလေး မွေးကာစက ကွဲသွားလို့ မမှတ်မိတာပါ" လို့ လိမ်ပြောပြီး မင်းသမီးကလေးကို ပွေ့ဖက်နမ်းရှုပ်လုပ်သတဲ့။ မင်းသမီးကလေးကလည်း ခပ်ရိုးရိုးဆိုတော့ အဟုတ် မှတ်ပြီး ရွှေဗိမာန်ထဲမှာ အရီးတော်အဖြစ်နဲ့ ထားတာပေါ့။ သုံးလေးရက်လောက် ရှိတော့ ဘီလူးမက မနောမယလက်စွပ်အကြောင်း မေးသတဲ့။ သူဌေးသား လက်မှာ ဝတ်ထားတယ်လို့ မင်းသမီးက ပြောတော့ "ယူထားပါလား သမီးရယ်၊ မောင်တော်က ခဏခဏ သမင်လိုက်ထွက်နေတာ မတော်တဆများ တောမှာ ကျပျောက်ရင် မခက်ပေဘူးလား" လို့ အကျိုးလိုယောင်နဲ့ ပြောသတဲ့။ အဲဒါကို အဟုတ်မှတ်လို့ မင်းသမီးက သူ့ယောကျာ်းဆီက လက်စွပ်ကို တောင်းယူထားလိုက်တာပေါ့။

နောက်တနေ့ကျတော့ ဘီလူးမက မနောမယလက်စွပ်ကို ကိုင်ကြည့်စမ်းပါရစေလို့ ပြောသတဲ့။ ရိုးသားတဲ့မင်းသမီးကလည်း ချွတ်ပေးသတဲ့။ အဲဒီအခါ ဘီလူးမဟာ ပျားယောင်ဆောင်ပြီး လက်စွပ်ကို ခိုးပြေးပါလေရော။ သူ့တူတော်နေတဲ့ အိမ်တော်ကိုရောက်တော့မှ လက်စွပ်ကို တူတော်ရဲ့ လက်ထဲကို ထည့်လိုက်သတဲ့။ ဒီအခါ တူတော် မင်းသားလဲ ရွှင်ပြုံးလာပြီး လက်စွပ်ကိုကိုင်လို့ တောင့်တတာပေါ့။ တောင့်တလိုက်တယ်ဆိုရင်ပဲ မြစ်ညာက ရွှေဗိမာန်ကြီးဟာ မင်းသမီးကလေးနဲ့အတူ နန်းတော်ဝင်းထဲကို ရောက်လာတာပဲတဲ့။ မင်းသားလည်း ဗိမာန်ထဲကိုဝင်ပြီး မင်းသမီးကို အတင်းအဓမ္မ သုံးခွန်းသောစကား ပြောပါလေရောတဲ့။ မင်းသမီးလည်း အတန်တန် ငြင်းသတဲ့။ ငြင်းသော်လည်း မရနိုင်တဲ့အဆုံးရောက်တော့ တလ လေးသီတင်း ဆိုင်းငံ့ရင် မင်းသားနဲ့လက်ထပ်ပါ့မယ်လို့ ကတိပေးလိုက်ရသတဲ့။

အဲဒီ အတောအတွင်းမှာ သူဌေးသားဟာ သမင်လိုက်ရာကပြန်လာပြီး ရွှေဗိမာန်ကို မတွေ့တော့ ရင်ကွဲပက်လက်နဲ့ ဝမ်းနည်းပူဆွေးရတာပေါ့။ နောက်ဆုံး အကြံကုန်တဲ့အခါ သူ့အသက်ကို သူ သတ်သေမယ်ဆိုပြီး ဓားကို ကိုင်သတဲ့။ အဲဒီအခါ ခွေးကလေးနဲ့ ကြောင်ကလေးက ပုန်းနေရာက ပြေးထွက်လာပြီး "အို သခင်၊ သည်းခံပါ။ သည်းခံပါ။ ကျွန်တော်တို့ကို တလ လေးသီတင်း အချိန်ပေးရင် မင်းသမီးကို ရအောင်ရှာပေးပါ့မယ်" လို့ ပြောကြသတဲ့။ အဲဒီလိုပြောပြီး ခွေးနဲ့ ကြောင်ဟာ သတင်း တမေးမေးနဲ့ လိုက်ရှာလိုက်တာ မင်းသမီးကလေး စံစားနေတဲ့ နန်းတော်ထဲကို ရောက်သွားပါလေရောတဲ့။ ညအချိန်ရောက်တော့ မင်းသမီးဟာ လေသာပြတင်းပေါက်ကို ဖွင့်ပြီး သူဌေးသားကို မျှော်မှန်း လွမ်းဆွတ်နေတုန်း ကြောင်ကလေးက ထဲက တက်သွားသတဲ့။ ကြောင်ကလေးကိုမြင်တော့ မင်းသမီးလေးလည်း မှတ်မိပြီး ဝမ်းသာအားရနဲ့ အဖြစ်အပျက်တွေကို ပြောပြတာပေါ့။ နောက်တော့ ကြောင်ကလေးက မနောမယလက်စွပ် ဘယ်မှာရှိသလဲလို့ မေးသတဲ့။ ဘီလူးမကြီးရဲ့ ဝမ်းဗိုက်ထဲမှာ ရှိတယ်လို့ မင်းသမီးက ပြန်ပြောတော့ "ကောင်းပြီ၊ ကျွန်တော် ရအောင်ယူမယ်၊ လက်စွပ်ကိုရရင် အားလုံး ကိစ္စ ပြီးတာပဲ" လို့ ပြောပြီး ကြောင်ကလေးဟာ ထရံကပဲ ဆင်းသွားသတဲ့။

အဲဒီနေ့မှာပဲ ကြွက်မင်းကြီးရဲ့ သားတော်အကြီးရဲ့ လက်ထပ်ပွဲရှိတယ် ဆိုကိုး။ ဒါကြောင့် ကြောင်ကလေးဟာ ကြွက်တွင်းဝမှာ သေချင်ယောင် ဆောင်နေသတဲ့။ ကြွက်ပရိသတ်ကြီး ထွက်လာတဲ့အခါ ကြောင်ကလေးက ကြွက်သတို့သားကို ဖမ်းလိုက်တာပေါ့။ အဲဒီတော့ ကြွက်မင်းကြီးက မျက်ရည် တဆူဆူကျပြီး သူ့သားတော်ကို လွှတ်ဖို့အကြောင်း တောင်းပန် တာပေါ့။ အဲဒီအခါ ကြောင်ကလေးက ပြောသတဲ့။ "ဘီလူးမကြီးရဲ့ ဝမ်းဗိုက် ထဲမှာရှိတဲ့ မနောမယလက်စွပ်ကို ရအောင်ယူပေးရင် သားတော် ကြွက် မင်းသားကို လွှတ်မယ်" လို့ ပြောလိုက်သတဲ့။

ညကျတော့ ကြွက်တွေဟာ ဘီလူးမရဲ့အခန်းထဲကို တန်းစီပြီး သွားကြတာပေါ့။ ဘီလူးမကြီးဟာ ပါးစပ်ကြီး အပြဲသားနဲ့ တခေါခေါ ဟောက်ပြီး အိပ်ပျော်နေတာတွေ့တော့ ကြွက်ကလေးတကောင်က မျက်နှာ ပေါ်ကို အသာတက်တိုးပြီး အာခေါင်ထဲကို ကြွက်မြီးကလေးနဲ့ မွှေလိုက် သတဲ့။ အဲဒီအခါမှာ ဘီလူးမကြီးလည်း လည်ချောင်းယားပြီး ချောင်းဆိုး လိုက်တာ ဝမ်းဗိုက်ထဲက မနောမယလက်စွပ်ဟာ စဉ်ထွက်သွားပါလေ ရော့တဲ့။ ဒီတော့ ကြွက်တွေဟာ လက်စွပ်ကိုချီပြီး ကြောင်ရှိရာကို ပြေးကြ တာပေါ့။ အဲဒီအခါ ကြောင်ကလေးက လက်စွပ်ကိုယူပြီး ကြွက်မင်းသားကို လွှတ်လိုက်သတဲ့။

အဲဒီတော့မှ ကြောင်ကလေးနဲ့ ခွေးကလေးဟာ လက်စွပ်ကိုယူပြီး သူဌေးသား ရှိရာကို ပြန်ကြတာပေါ့။ သူဌေးသား လက်စွပ်ကိုရတော့ တလ လေးသီတင်းပြည့်ဖို့ တညနေပဲ ရှိတော့သတဲ့။ အဲဒါကြောင့် ချက်ချင်းပဲ လက်စွပ်ကို ငုံ့ပြီး တောင့်တလိုက်တာ ရွှေဗိမာန်ကြီးနဲ့ မင်းသမီးကလေး တခါတည်း ရောက်လာတာပေါ့။ အဲဒီတော့မှ ခွေးကလေးရယ်၊ ကြောင်ကလေးရယ်၊ သူဌေးသားရယ်၊ မင်းသမီးရယ် ပျော်ပျော်ပါးပါးနဲ့ ရွှေဗိမာန်ကြီးထဲမှာ အေးချမ်းစွာ နေကြပါလေရောတဲ့။

[ အိန္ဒိယပုံပြင် ။ ။ ဧပြီ၊ ၁၉၆၀ ]

ဆရာကြီး မင်းသုဝဏ် ပြန်ဆိုရေးသားခဲ့သော "မနောမယ လက်စွပ်" ပုံပြင်၏ မူရင်း အိန္ဒိယပုံပြင်ကို ရှာဖွေကြည့်ရာတွင် အောက်ပါအတိုင်း တွေ့ရှိရပါသည်။

ဤပုံပြင်သည် အိန္ဒိယရိုးရာပုံပြင်များ (Indian Folk Tales) ထဲတွင် အလွန်ထင်ရှားသော "The Magic Ring" (သို့မဟုတ်) "The Ring of Luxury" ဟု လူသိများသည့် ပုံပြင်အမျိုးအစား ဖြစ်ပါသည်။ အထူးသဖြင့် ကက်ရှ်မီးယားဒေသ (Kashmir) ၏ ရိုးရာပုံပြင်စုစည်းမှုများတွင် "The Magic Ring" အမည်ဖြင့် အကျယ်တဝင့် ဖော်ပြလေ့ရှိပါသည်။

အမည်: The Magic Ring (သို့မဟုတ်) The Enchanted Ring.

ဇာတ်လမ်းဆင်တူမှု: မူရင်းအိန္ဒိယပုံပြင်တွင်လည်း သူဌေးသား (သို့မဟုတ်) ဆင်းရဲသားကလေးသည် မိဘပေးလိုက်သော ငွေဖြင့် အသတ်ခံရတော့မည့် ခွေး၊ ကြောင်နှင့် မြွေ (တခါတရံ ကြွက်ပါဝင်တတ်သည်) တို့ကို ကယ်တင်ခဲ့ပါသည်။ ထိုမြွေမှာ မြွေမင်းသားဖြစ်နေပြီး ကျေးဇူးဆပ်သည့်အနေဖြင့် ဆန္ဒရှိရာကို ဖန်ဆင်းပေးနိုင်သည့် "Magic Ring" (မနောမယ လက်စွပ်) ကို ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

မှတ်တမ်း: ဤပုံပြင်ကို အနောက်တိုင်းသား သုတေသီများက "Folk-tales of Kashmir" (J. Hinton Knowles, ၁၈၈၈) စာအုပ်တွင် စနစ်တကျ မှတ်တမ်းတင်ခဲ့ဖူးပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ