ဦးသန်းထွန်း၊ မဟာဝိဇ္ဇာ
နှင့်
ဒေါ်နုနုရီ၊ မဟာဝိဇ္ဇာ
ကြည့်ကြပ်ပြီး
ဦးတင်မောင်လွင်၊ ဝိဇ္ဇာ (ဂုဏ်ထူး)
ပြုစုသည်
သူရဲကောင်းသုံးယောက်နှင့် ခရီးသည်
ခရီးလမ်းပန်း ခက်ခဲသော တောအလယ်တွင် ခရီးသွားယောက်ျားသည် သွားလာလျက်ရှိသည်။ ခရီးသွားကို မြင်သော စာဆိုက၊ အဖော်မပါ တယောက်တည်း ထီးထီး သွားလာရသည်ကို မကြောက်ဘူးလားဟု မေးသည်။ စာဆို၏ အမေးကို ခရီးသွားက ပြုံး၍ ဤသို့ဖြေသည်။ မိမိတွင် ကြောက်စရာသည်မရှိ။ မိမိတွင် အဖော်ညှိလာသော သူရဲကောင်းသုံးယောက် ပါပါသည်။ တယောက်သည် ရဲရင့်သော သတ္တိဖြစ်သည်။ တယောက်သည် ငယ်ငယ်ကတည်းက ပေါင်းဖော်လာသော ခံနိုင်ရည်ရှိသည့် ဇွဲ ဖြစ်သည်။ ကျန်တယောက်ကား အဖန်တလဲလဲ ကြိုးပမ်းအားထုတ်တတ်သည့် လုံ့လ ဖြစ်သည်။ ဤသုံးယောက်နှင့် အတူလာရ၍ မိမိသည် မကြောက်၊ အဖော်မလို၊ မိမိခရီးသည် မပျက်အောင်မြင်ရမည်ဟု ခရီးသွားက ပြောသည်။ သည်တော့မှ စာဆိုသည် ခရီးသွားကို လူတော်လူမော်ပွဲတိုင်းကျော်ဟု ချီးကျူးကာ၊ သတ္တိ၊ ဇွဲ၊ လုံ့လ တို့နှင့်သာ ခရီးသွားလျှင် အမြဲတမ်း အောင်မြင်မည်ဟု ပြောပြလိုက်သည်။
စာဆိုသည် ဖတ်သူ နားသူ တို့အား တကိုယ်တည်းဘဝကို တင်ပြ၏။ အဖော်မပါ တကိုယ်တည်းဘဝသည် အားငယ်ဖွယ် ပင်ဖြစ်၏။ သို့သော် အားမငယ်သင့်။ အားမငယ် သင့်သော အဖော်ကောင်းတို့ကို တကိုယ်တည်း ဘဝမှာပင် ရှာဖွေနိုင် ကြောင်း သတ္တိ၊ ဇွဲ၊ လုံ့လ တို့ဖြင့် ပုံဆောင်ပြသည်။
အကြောင်းအရာ အနေနှင့် ထူးခြားမှု မရှိသော်လည်း၊ တခါတရံ မေ့လျော့ နေတတ်သော သတ္တိ၊ ဇွဲ၊ လုံ့လ တို့ကို သတိရအောင် ဖော်ထုတ်ပေး၍ ကျေနပ်ဖွယ်ကောင်းလှပါသည်။ အရေး အသား ပြေပြစ်သည်။ စာဆိုတင်ပြချက်သည် ဖတ်သူ နားသူ နားလည်အောင် ဆွဲဆောင် နိုင်သည်။ ယင်းသည်ပင် ချီးကျူးဖွယ်ဖြစ်၏။
ခြုံကြည့် လျှင် အား တက်ဖွယ် ဝီရ ရသကို တွေ့ရ သည်။ ဆွေကောင်း လုံ့လ ဟူ၍ ရူပက အလင်္ကာ အဖွဲ့ကို မြင်ရ သည်။ သတ္တိ၊ ဇွဲ၊ လုံ့လ တို့ကို သူရဲ ကောင်း သုံး ယောက်နှင့် တင်စားထား၍ သမာဓိဂုဏ်မြောက်သည်။ ရိုးစင်း သော အကြောင်းအဖွဲ့ကိုပင် သိပ်သည်းလေးနက် လာအောင် တင်ပြထား၍ သြဇာဂုဏ်ရှိသောအဖွဲ့ဟု ပြောမည် ဆိုကလည်း ပြောနိုင်ပေသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment