Skip to main content

“သင်္ကြန်လက်ဆောင်"

သင်္ကြန်တော် ခါတန်ခူးမို့

တိမ်ဦးက သံဝါဝါ

မိုးဖြောက်ဖြောက်ရွာ

ကိုယ်တို့ဆီမှာ၊ ရွာပါစ မေး

မရွာလျှင် ရွှေလွန်ပွဲကို

နွှဲလိုက်ပါလေး။

ငွေမိုးရေ ချိုချိုသောက်လို့

ပိတောက်က ပင်ပေါ်မှာ

၀င်းထိန်လို့ဝါ

ကိုယ်တို့ဆီမှာ၊ ဝါပါစ မေး

မဝါလျှင် ရွှေတွေပိန်းအောင်

လိမ်းလိုက်ပါလေး။

ပိတောက်တွေ ရွှေဝါလူးတော့

ရွာဦးက ညံစာစာ

မောင်းဗုံကသာ

ကိုယ်တို့ဆီမှာ၊ သာပါစ မေး

မသာလျှင် ဗုံသမားကို

အားကူပါ့လေး။

ငွေမိုးရေ ချိုချိုသောက်လို့

ပိတောက်က ရွှေမျက်နှာ

မောင်းဗုံကသာ

ကိုယ်တို့ဆီမှာ၊ မာပါစမေး

မောင်မာအောင် စေတီဦးက

မယ်မာအောင် စေတီဦးက

နှစ်ကူးချိန် တာရေသွန်း

လွမ်းပါ့မယ်လေး။   ။  (ဇော်ဂျီ)


“အတာရေ” 

အတာ အတာ၊ ရေသီတာကို

သဟာ အပေါင်း၊ သွန်ကာ လောင်းအံ့

အကြောင်းသို့ ညွှန်၊ ကျွန်ုပ် ကျွန်ကို

လိုက်ရန် သူတို့ ခေါ်ဘိ၏။။

သဟာ သဟာ၊ မခေါ်လှာနှင့်

သံသာ လောက၊ ကျွန့်ဘဝ၌

ချမ်းမြ ကြည်လင်၊ ကျွန့် ရေစင်ကို

သွန်းချင် တယောက်တည်း ရှိ၏။။

ဘဇာ ဘဇာ၊ မေး သောခါဝယ်

ဝေးမှာ စံနေ၊ ကျွန့် သက်ဝေဟု

အဖြေ ပေးမည်၊ တွေးကြံစည်စဉ်

မတည် နှစ်ခွ၊ ကျွန့် ကြမ္မကြောင့်

နှုတ် အ ၍သာ နေမိ၏။   ။ (မင်းသု၀ဏ်)


“နှစ်သစ်မင်္ဂလာ” 

ပင် အပေါင်းလည်း

ရွက်ညောင်းချွေလှစ် ညှာနုသစ်နှင့်။

ဥသြပျို လည်း

တေးချိုခွန်းလှစ် လင်္ကာသစ်နှင့်။

အချိန်မှာလည်း

အတာကူးလှစ် အခါသစ်တည့်။

ပြည်သစ် စိတ်သစ်၊ ဗမာသစ်တို့

အသစ် သည်ချိန်၊ သစ် အရှိန်နှင့်

တည်ငြိမ်ဖို့ တွေး၊ လွတ်လပ်ရေးကို

ကူပေး ထူကြ၊ ဝိုင်းဝန်းကြမှ

ပြည်မ အောင်ချာ၊ မင်္ဂလာနှင့်

ဖြာဖြာ ငြိမ့်ရွှန်း၊ သရေထွန်း၍

မော်ကွန်း တည်လိမ့်မည် တကား။   ။ (ငွေတာရီ)


“တခုသော သင်္ကြန်အခါ"

လာလေလေ လိုက်ခဲ့တော့

တို့စရိုက် တို့ဘာသာ

နှစ်ဆန်းခါ ပိတောက်ကြွားချိန်မို့

ကစားကာ ရေကြည်ကြည်နဲ့

ပီပေသည် ဗမာမျိုးကိုလ

တိုးဆင့်၍ ချစ်ခဲ့တာ။

လာဟေ့ လာဟေ့

ဘုရားကုန်းက၊ တအုန်းအုန်းနဲ့၊ 

တရုန်းရုန်းလာကြ

ဘယ့်နှာပါလိမ့်

ထိန့်လိုက် တဲ့အိုးစည်၊ နှဲကလဲ ပီသနဲ့

သီသူက သီကြ၊ ကသူက ကလာ

နွားကြီးလည်း ပါသဟေ့

ကျောပေါ်မှာ ကော်ဇော၊ 

အမွှေးရော သနပ်ခါး

ချိုဖျားမှာ ပိတောက်ပန်းတွေက

တလျှမ်းလျှမ်း ရွှေအဆင်

နွားစိတ်ထဲ အခဲသား၀င်လိုက်ရ

ရွှင်လိုက်မည့်ဖြစ်ခြင်း။

သြော် ဝဋ်မကင်းသူကိုဖြင့်

လွှတ်ခြင်းမှာ ဝါသနာပါတဲ့

ရွှေဗမာ သည်လူမျိုးမှာလ

အကျိုး သည်လိုတူလိုက်ပါ့

ရွှေမဉ္ဇူ နှုတ်ချိုခွန်းရယ်နဲ့

သွန်းလိုက်မိပါ။

နှစ်သစ်ကူးတဲ့၊ တန်ခူးခါမှာ

ဒါနက တဝေ၀၊ ရေတွေက တရွှဲရွှဲ

ပျော်ပွဲက တ၀င့်၀င့်၊ ကဲလို့သာ ဆင့်ရော့

အရွယ်သင့် အရွယ်ငယ်

မြန်မာတွေ ထယ်လိုက်ကြ။

ဘယ်မြေဟာ စေတီပေါမယ်လဲ့

ဘယ်ပြေဟာ အပျော်ကြောမယ်လဲ့

စိတ်ဇော မြန်ဗမာမှာဖြင့်

သံသရာ ဂရုထားသူမို့

ပါးလိုက်ကြ ပျော်ပျော်သာ

အခါက နှစ်ဆန်း။

လကလဲ ရွှင်လန်း

ရွက်ဟောင်းကြွေ၊ ရွက်သစ်ကယ်ဝေ

လေပြေဖျန်းပြန်တော့

လွမ်းစရာပေါ့။

ဥသြငယ် သာ

ပင်မြင့်မှာ သံဝါ၀ါနဲ့

သင်္ကြန်ခါ သူက ညှင်းလေတော့

မလေးမောင် သည်ရင်တွင်းဆီသို့

သီချင်း သူ၀င်လာ၍

ဖြူစင်စွာ ဂူဆင်၍သာပါ့

တူယှဥ်ကာ သူရွှင်မွေ့ခဲ့ပေါ့

သြော် ဟိုနေ့ဟိုအခါက

ချိုကဗျာ ဧည့်သည်ကလေးတွေဖြင့်

ဖော်ရွှင်ရွှင် ဖော်ဖေမေးပါလို့

ဂူဘေးမှာ ဂူနေဖော်တဲ့

ပျော်စရာ နေဖို့ကောင်းတယ်လို့

အောင်းကြ ရွှင်လန်း။   ။ (ဇော်ဂျီ)


“ခါတော်သင်္ကြန်ပွဲတည့်လေ"

ကဗျာတခွက်၊ နံ့သာလက်ဖြင့်

စက်တော်ဗုဒ္ဓ၊ မိနှင့်ဖကို

ကြည်မြသဒ္ဒါ၊ ပူဇော်ပါသည်

ခါတော်သင်္ကြန်ပွဲတည့်လေ။

ပိတောက်၀င်း၀င်း၊ တမာသင်းခိုက်

ယမင်းသွယ်လျ၊ မယ်နှမကို

အေးမြသီတာ၊ သွန်းလောင်းပါသည်

ခါတော်သင်္ကြန် ပွဲတည့်လေ။

မြူခိုးဝေ၍

သည်နွေမဆုံး၊ တပြည်လုံးကို

ကြည်ပြုံးစေအောင်၊ မိုးလက်ဆောင်ဖြင့်

တောင်ပေါ်ကလာ၊ ငြိမ်းမိုးရွာသည်

ခါတော်သင်္ကြန် ပွဲတည့်လေ။   ။ (တင်မိုး)

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ