"မူယာကြော့ ကိုယ်ဟန်ချီ" ဆိုသည့် စကားစုသည် မြန်မာ့ဂန္ထဝင်ဂီတနှင့် စာပေလောကတွင် အမျိုးသမီးတို့၏ နွဲ့နှောင်းတင့်တယ်သော အမူအရာနှင့် သွားလာလှုပ်ရှားပုံကို အလွန်အနုပညာမြောက်စွာ ဖော်ပြထားသည့် စကားစုဖြစ်ပါတယ်။
အဆိုပါစကားစုကို အပိုင်းလိုက် ခွဲခြားကြည့်လျှင် အဓိပ္ပါယ် ပိုမိုထင်ရှားတယ်။
၁။ မူယာကြော့
မူယာ: အမူအရာ၊ ဟန်ပန်။
ကြော့: သန့်ပြန့်စင်ကြယ်ခြင်း၊ လှပတင့်တယ်ခြင်း၊ ထူးခြားတောက်ပြောင်ခြင်း။
ဆိုလိုရင်း: အမူအရာမှာ အလွန်တင့်တယ်လှပပြီး ကျော့ရှင်းနေသည်ဟု ဆိုလိုပါတယ်။
၂။ ကိုယ်ဟန်ချီ
ကိုယ်ဟန်: ခန္ဓာကိုယ်၏ တည်နေဟန်၊ ကိုယ်နေဟန်ထား။
ချီ: လှမ်းခြင်း၊ ကြွခြင်း၊ စတင်ခြင်း (ဥပမာ - ခြေလှမ်းချီသည်)။
ဆိုလိုရင်း: ကိုယ်နေဟန်ထားကို ကြွကြွရွရွဖြင့် လှပစွာ လှုပ်ရှားသွားလာခြင်းကို ဆိုလိုပါတယ်။
"မူယာကြော့"
တေရေး - ဦးဘသိန်း (မန္တလေး)
မူရင်းအဆိုတော် - ပြည်တော်စိုး (လိုက်ရှာရင် ပြန်ဆိုအမည်တွေသာ တွေ့ရတယ်။ ခေတ်ကလည်း မူရင်းတွေပျောက်၊ မူရင်းတွေပြင်၊ မူလွဲ မူမှားတွေ သင်။)
မူယာကြော့ ကိုယ်ဟန်ချီ
ရွှေချည်ငွေချည် မြကျောက်ပုလဲ အသွင်တူညီ
ပြုံးချိုချို မခို့တခို့နဲ့ ယဉ်ရှာသည်
စံတူမမှီ လှကိုလှသည်
ငွေဖလားလေးနဲ့ မနိုင့်တနိုင်ချီ
သင်းပျံ့ကြည် ကြည်စိုအောင်လောင်းမည်
မူယာကြော့ ကိုယ်ဟန်ချီ
ရွှေချည်ငွေချည် မြကျောက်ပုလဲ အသွင်တူညီ
ပြုံးချိုချို မခို့တခို့နဲ့ ယဉ်ရှာသည်
စံတူမမှီ လှကိုလှသည်
ငွေဖလားလေးနဲ့ မနိုင့်တနိုင်ချီ
သင်းပျံ့ကြည် ကြည်စိုအောင်လောင်းမည်
ထီးမူနန်းမူ မန်းသူနွဲ့ပလီ
အဆိုရော အကရောညီ
မရွေ့နိုင်သည်နန်း ငွေငန်းမောင်နေချင်သည်
ထီးမူနန်းမူ မန်းသူနွဲ့ပလီ
အဆိုရော အကရောညီ
မရွေ့နိုင်သည်နန်း ငွေငန်းမောင်နေချင်သည်
ပျော်မယ်ထင်ပါသည်
ချစ်ရေးကြည် ဆိုတေးသီ
ဝေဝေစီစီ သံသာညီ
မယ်တို့ဆီလည်း
နှစ်တိုင်းလိုပဲ ငွေငန်းအရောက်လာမည်
မူယာကြော့ ကိုယ်ဟန်ချီ
ရွှေချည်ငွေချည် မြကျောက်ပုလဲ အသွင်တူညီ
ပြုံးချိုချို မခို့တခို့နဲ့ ယဉ်ရှာသည်
စံတူမမှီ လှကိုလှသည်
ငွေဖလားလေးနဲ့ မနိုင့်တနိုင်ချီ
သင်းပျံ့ကြည် ကြည်စိုအောင်လောင်းမည်
မူယာကြော့ ကိုယ်ဟန်ချီ
ရွှေချည်ငွေချည် မြကျောက်ပုလဲ အသွင်တူညီ
ပြုံးချိုချို မခို့တခို့နဲ့ ယဉ်ရှာသည်
စံတူမမှီ လှကိုလှသည်
ငွေဖလားလေးနဲ့ မနိုင့်တနိုင်ချီ
သင်းပျံ့ကြည် ကြည်စိုအောင်လောင်းမည်
ထီးမူနန်းမူ မန်းသူနွဲ့ပလီ
အဆိုရော အကရောညီ
မရွေ့နိုင်သည်နန်း ငွေငန်းမောင်နေချင်သည်
ထီးမူနန်းမူ မန်းသူနွဲ့ပလီ
အဆိုရော အကရောညီ
မရွေ့နိုင်သည်နန်း ငွေငန်းမောင်နေချင်သည်
ပျော်မယ်ထင်ပါသည်
ချစ်ရေးကြည် ဆိုတေးသီ
ဝေဝေစီစီ သံသာညီ
မယ်တို့ဆီလည်း
နှစ်တိုင်းလိုပဲ ငွေငန်းအရောက်လာမည်။ ။
“ကြော့” နှင့် “ကျော့”
အသံထွက်ဆင်တူသော်လည်း အဓိပ္ပါယ်နှင့် အသုံးအနှုန်း လုံးဝကွဲပြားပါသည်။
၁။ ကြော့ (ကရစ်၊ တချောင်းငင်၊ အောက်ကမြစ်)
“ကြော့” ကို များသောအားဖြင့် အလှအပ၊ ကျော့ရှင်းမှုနှင့် သန့်ပြန့်မှု တို့တွင် သုံးပါသည်။
တင့်တယ်ခြင်း: ရုပ်ရည် သို့မဟုတ် အမူအရာ လှပကျော့ရှင်းသည်ကို ဆိုလိုသည်။
ဥပမာ - မူယာကြော့၊ ရုပ်ရည်ကြော့ရှင်းသည်။
သန့်ပြန့်စင်ကြယ်ခြင်း: ဝတ်စားဆင်ယင်မှု သပ်ရပ်သည်ကို ဆိုလိုသည်။
ဥပမာ - ဝတ်စုံအသစ်ဖြင့် ကြော့နေသည်။
ထူးခြားတောက်ပြောင်ခြင်း: အများထက် ထင်ရှားလှပသည်ကို ဆိုလိုသည်။
ဥပမာ - ကြော့ကြော့မော့မော့ နေထိုင်သည်။
၂။ ကျော့ (ကသတ်၊ ယပက်လက်၊ တချောင်းငင်၊ အောက်ကမြစ်)
“ကျော့” ကို များသောအားဖြင့် ဖမ်းယူခြင်း၊ ချည်နှောင်ခြင်း သို့မဟုတ် ထပ်မံပြုလုပ်ခြင်း တို့တွင် သုံးပါသည်။
ကျော့ကွင်းဖြင့်ဖမ်းခြင်း: သားကောင်ကို ကျော့ကွင်း (Noose/Snare) ဖြင့် ဖမ်းယူခြင်း။
ဥပမာ - သားကောင်ကို ကျော့သည်။
ပြန်လည်ပြုလုပ်ခြင်း: တခါပြီးသားကို နောက်တကြိမ် ထပ်မံပြုလုပ်ခြင်း (သို့မဟုတ်) နွေးခြင်း။
ဥပမာ - ဟင်းကို ပြန်ကျော့သည်။ (ဟင်းပြန်နွေးခြင်း)၊ အလုပ်ကို ပြန်ကျော့သည်။
ရစ်ပတ်ချည်နှောင်ခြင်း: ကြိုးဖြင့် ကျော့၍ ချည်ခြင်း။
ဥပမာ - ကြိုးကျော့သည်။
လှည့်ပတ်ဖြားယောင်းခြင်း: အကွက်ဆင်၍ ဖမ်းခြင်း။
ဥပမာ - ပရိယာယ်ဖြင့် ကျော့သည်။
အနှစ်ချုပ် ခွဲခြားပုံ
စကားလုံး အဓိပ္ပါယ်ရင်းမြစ် ဥပမာအသုံး
ကြော့ အလှအပ၊ သန့်ပြန့်မှု မူယာကြော့၊ ကြော့ရှင်းခြင်း၊ ကြော့မော့ခြင်း။
ကျော့ ဖမ်းယူမှု၊ ထပ်မံပြုလုပ်မှု ကျော့ကွင်း၊ ဟင်းပြန်ကျော့၊ ကြိုးကျော့။
- တကြော့နှစ်ကြော့ တေးကိုသီ ကဗျာ
- တကျော့နှစ်ကျော့ ရုပ်ရှင် အဟောင်း
- တကျော့နှစ်ကျော့ ရုပ်ရှင် အသစ်
- မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် တကျော့နှစ်ကျော့တေးကိုသီ
တကျော့နှစ်ကျော့ နဲ့ တကြာ့နှစ်ကြော့က မူကွဲစာလုံးတွေ။
တကျော့ နှစ်ကျော့ နဲ့ တကြော့ နှစ်ကြောတွေက မူမှားတွေ။
တကျော့ နှကျော့ နဲ့ တကြော့ နှကြောတွေကလည်း မူမှားတွေ။
လွဲတာမှားတာကို အမွှမ်းတင် လူကြိုက်များတဲ့ခေတ်မှာ ပြောရတာ ခက်တယ်။
"လွဲတာမှားတာကို အမွှမ်းတင်" နေကြတဲ့ ဒီနေ့ခေတ် အခြေအနေမှာ - ၁။ အသိပညာအားနည်းမှု: စာလုံးတလုံးရဲ့ မြစ်ဖျားခံရာ (Etymology) ကို ဂရုမစိုက်ဘဲ အသံထွက်နောက်ကိုပဲ လိုက်ကြခြင်း။ ၂။ ခေတ်ရေစီးကြောင်း: လူကြိုက်များတာကို အမှန်လို့ ယူဆလာကြတဲ့ "Popularity over Accuracy" ဖြစ်စဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment