(ကန်တော့)
ရှမ်းလူမျိုး ဆရာဝန်သူငယ်ချင်းတယောက် ဖိတ်စာတစောင်ပို့ပြီး ရေးပါတယ်။
မြန်မာစာကို ဤသို့ရေးကြပါ။ ရှည်ချင်သလောက်ရှည်။ "---အပ်ပါသည်" တခုထဲ ဆုံး။ မှတ်ကရော။
ဖိတ်စာတစောင်လုံး ဝါကျ တကြောင်းတည်းသာ။
၁၃၈၂ ခုနှစ်၊ ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့နှင့်တကွ အင်းလေးဒေသ (၂၁) ဌာနသို့ ဒေသစာရီ ကြွချီ လှည့်လည် အပူဇော်ခံ ကြွရောက်မည် မဟုတ်ကြောင်း အသိပေး ကြေညာခြင်း
နှစ်စဉ်ကျင်းပမြဲဖြစ်သော ညောင်ရွှေမြို့နယ်၊ နမ့်ဟူးကျေးရွာ၊ အင်းလေးဒေသ၊ ဖောင်တော်ဦး မြတ်စွာဘုရားများ ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လ၌ ညောင်ရွှေမြို့နှင့်တကွ အင်းလေးဒေသ (၂၁) ဌာနသို့ ကြွချီ လှည့်လည် အပူဇော်ခံနိုင်ရေး ကျင်းပရန် ဖြစ်သော်လည်း၊ ကမ္ဘာ့အနှံ့ ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်ပွားနေခြင်းကြောင့်လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လူစုလူဝေး များပြားရာ နေရာများနှင့် ပွဲလမ်းသဘင်များရှိရာ နေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန်၊ ပွဲတော်များကို ရက်ရွှေ့ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်ရန် ထုတ်ပြန်ထားခြင်းကြောင့်လည်းကောင်း၊ ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့နှင့်တကွ အင်းလေးဒေသ (၂၁) ဌာနသို့ ကြွချီ လှည့်လည် အပူဇော်ခံရေး ကျင်းပပြုလုပ်ရန် မဖြစ်နိုင်၍ (၁၆.၈.၂၀၂၀) ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပသည့် ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီ ကြွချီ လှည့်လည် အပူဇော်ခံနိုင်ရေး ကိစ္စညှိနှိုင်း အစည်းအဝေးတွင် ဖောင်တော်ဦး မြတ်စွာဘုရား ထိန်းသိမ်းစောင့်ရှောက်ရေး ဩဝါဒါစရိယ ဆရာတော်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့တို့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ “၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လ ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့နှင့်တကွ အင်းလေးဒေသ (၂၁) ဌာနသို့ ဒေသစာရီ ကြွချီ လှည့်လည် အပူဇော်ခံပွဲတော်ကို ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း” အသိပေး ကြေညာအပ်ပါသည်။
ဖောင်တော်ဦး မြတ်စွာဘုရား ထိန်းသိမ်းစောင့်ရှောက်ရေး
ဩဝါဒါစရိယ ဆရာတော်များနှင့် ဂေါပကအဖွဲ့
ပြန်စာ
အေးဗျ ရသစာတွေလည်း ရေးတဲ့ ဝင်းဦးကလည်း စာရေးရင် ဝါကျရှည်လေ့ရှိတယ်။
နမူနာလေး တခု တင်ပြဦးမယ်။
မိန်းမလှအမုန်း (၀င်းဦး)
- အပိုင်း (၂)
ဆန်ရိုးကျချောင်းမှ တဖြည်းဖြည်း တစစ ခုတ်မောင်းထွက်လာခဲ့ပြီးလျှင် ကုလားတန်မြစ်အတွင်းသို့
ချိုးကွေ့၀င်လိုက်သည်နှင့် လှိုင်းကြက်ခွပ်တို့ မြူးခုန်လှုပ်ရှားမှုကြောင့် ကျွန်တော်စီနင်း လိုက်ပါ လာသော “မတောင့်တ” အမည်ရှိ မော်တော်ဘုတ်ငယ်သည် အလူးအလှိမ့် အခုန် အဆောင့်များ ကြားတွင် မနည်းကြီး ထိန်းကိုင်မောင်းနှင်ရသောကြောင့် အရှိန်အတန်ငယ်နှေး၍ သွားလေ၏၊ စစ်တွေ ပင်လယ်၀ လေးချိုင့်တောင် (Salvage Island) မီးပြတိုက်ဆီမှ တစုတရုံး အစာရှာထွက်၍ လာကြသော ဇင်ရော်တသိုက်သည် မြစ်၀များ ပေါင်းဆုံရာ နေရာဖြစ်သောကြောင့် တောင်ပံတဖျတ်ဖျတ် လည်တဆတ်ဆတ်ဖြင့် မတောင့်တ၏ ဘေးတ၀ိုက်တွင် ပတ်ချာလည်ပျံ၀ဲပြီး ရုတ်တရက် မော်တော်အရှိန် နှေးသွားသည် ကို မိမိတို့အားအစာကျွေးရန် ဆိုင်းငံ့လိုက် လေသလောဟု ထင်မှတ် မှားကြသည့်အလား၊ တကျီကျီတကျာကျာ အစာတောင်းခြင်းအမှုကို ပြုလေရာ ကျွန်တော်လည်း လက်ထဲမှ စားလက်စပေါင်မုန့်ချပ်မှ အစအမှုန်ကလေးများ ဖဲ့ချွေကာ မြောက်လွှင့်ကျွေးလိုက် မိပါသည်။
ခေါင်းပြာပြာ မျက်လုံးနီနီဖြင့် ရဲရဲတင်းတင်း ရှိလွန်းလှသော ဇင်ရော်တကောင်သည် ကျွန်တော့် လက်ပေါ်သို့ ဗြုန်းကနဲနားလိုက်ကာ ကျွန်တော့် မျက်လုံးများကို ထိုးဆိတ်ရန်ကြံလေရာ၊ ကျွန်တော် လည်း ရုတ်တရက်မို့ ရောင်ရမ်း ပုတ်ထုတ်မိလိုက်၏။ ထိုအခါ အားလွန်၍ရေထဲသို့ ကျမည်ကဲ့သို့ ဖြစ်သွားရာ နောက်ဆီမှတစုံတယောက်က သန်မာသောလက်များဖြင့် ဆွဲထားလိုက်သောကြောင့်သာ ရေထဲသို့ ဂျွမ်းပြန်ကျမည့် ဘေးမှ သီသီကလေးေ၀း၍ သွားရပေသည်။
သို့သော် ကျွန်တော်သည် အသက်ဘေးမှ ကူညီသောသူအား ကျေးဇူးတင်စကားပြောရန် လှည့်ကြည့်မိ၏၊
သို့သော် ကျွန်တော်နောက်ပါး၌ မည်သူ့ကိုမှ မတွေ့ရဘဲ ဗလာအရှင်း ဟာလာဟင်းလင်း ဖြစ်၍နေသည်ကို အံသြစွာ တွေ့လိုက်ရပါ၏၊ ရေထဲသို့ကျမည်ပြုစဉ်က မည်သို့မှ ကြောက်လန့်စိုးထိတ်ခြင်း မဖြစ်ခဲ့သော ကျွန်တော်မှာ ထိုအခါကျမှပင် ကြက်သီးမွေးညှင်းများ ဖြာ၍သွားမိပြီး ရင်ထဲတွင် ထိတ်ကနဲဖြစ်၍ သွားမိပါသည်။ လူကိုရန်မမူတတ်သော ဇင်ရော်ငှက်ငယ်က ကျွန်တော့်ကို ရန်ပြုသည်ကတချက်၊ ရေထဲ အားသွန်ကျမည် ပြုသောအခါတွင် မမြင်ရသော လက်များက ကျွန်တော့်ကိုကျရောက်အံ့သောအန္တရယ်မှ ကာကွယ်လိုက်သည်ကတချက်၊ ကျွန်တော့်စိတ်အာရုံကြေးမုံပြင်ကို အက်ကနဲ သံသယ ကြောင်းထင်၍ သွားစေလေရာ ကျွန်တော့်ဦးနှောက်များ ဆူဝေလာသကဲ့သို့ ခံစားရသဖြင့် ထိုနေရာတွင် ကြာကြာမနေဘဲ မော်တော်ဦးပိုင်းသို့ ထွက်ခဲ့မိ ပြန်ပါ၏။
မိုးဦးသစ်စ ကုလားတန်မြစ်၏ အ၀ှန်းသည် ပြည့်တမ်းနေသယောင်ရှိ၍နေ၏။ ရေကတော့ရေ၀ဲ၊ ရေသင်ဖြူး ကျဲကျဲခင်း၍ ထားသည့်အသွင် ဆောင်၍ထားသောကြောင့် နေရောင်စွဲညိသော နေရာ ကွက်ကြားများ၌ နန်းပင်လိမ် ရွှေကြိုးမျှင်တိို့ ရောယှက်နိမ့်ဆင်း နေသည့်အလား ရှုမြင်ရလေသည်။
ရွက်ဖွင့်ကာ စုံဆန်သွားလာကြသော လှေကြီးလှေငယ် အသွယ်သွယ်တို့ကိုလည်း မပြတ်အောင်ပင် တွေ့မြင်နေရာတွင် ရခိုင်သူ ရခိုင်သားတို့၏ အရောင်ရွှင်ရွှင် ကြိုက်တတ်သော သဘောသည် ဝါနီပြာ ရောင်စုံကျားကျား ဆင်မြန်းထား တတ်သော လှေရွက်များကို ကြည့်ခြင်းဖြင့် သိရလေသည်။
မြစ်ပင်လယ်၌ ငါးပိုက်များချ၍ထားပြီး လှေငယ်ကလေးများက စောင့်ကြပ်နေသည် ဖြစ်ရာ ရွက်လှေကြီးများက အလိုက်သိစွာ ရှောင်ကွင်း လှည့်ပတ်သွားကြရာတွင် တဦးနှင့်တဦး ခေါ်ငင်နှုတ်ဆက် ကြပုံမှာလည်း ရခိုက်စိတ်၀မ်း ရိုးစင်းစင်းကို ဖော်ပြနေသကဲ့သို့ ထက်မြင်ရ လေသည်။ ခပ်မှုန်မှုန် မြင်၍နေရသော ကမ်းခြေတို့တွင်ကား အုန်းပျိုတောတို့ စိုးမိုးနေဟန်ရှိ၏။ တစိမ်းစိမ်း တယိမ်းယိမ်းဖြင့် မိုးကြိုးတေးတွင် ကသီနေသည့်အလား ခပ်ဝါးဝါး တွေ့ရပေသည်။ ဓည၀တီခရီးအစကား ယင်း သို့ရှုခင်းလှလှတွေဖြင့် ဝေဆာလှပါ၏။
အချုပ်
စာတွေ တိုတို ရှည်ရှည် သတ်ပုံမှန်ရင် ဖတ်လို့ကောင်းသဗျ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment