ဘကြီးတော်မင်းတရားလက်ထက်တွင် အင်းဝနေပြည်တော်၌ ထင်ရှားသော မိတ္ထီလာကန်အောက်၊ ရေဝေရွာသား ဖိုးသူတော်ဦးမင်းသည် ဆယ့်နှစ်ရာသီဘွဲ့ လေးဆယ် ကဗျာများကို စီကုံးခဲ့သည်။
တန်ခူးလကို ဤသို့ စီကုံးခဲ့၏။
စိန်ပန်းမြိုင် စာပေတိုက်။
ဖိုးသူတော်ဦးမင်း၏ သဘာဝပြက္ခဒိန်
ဟောင်းရွက်ညှာ ခါလှစ်လို့
တသစ်ကယ်တဲ့ နုမြိုင်။
သုတ်ဖြူးလေဆော်က
ပန်းကံဇော် ဝတ်မှန်ကျင်း
သင်းပျံ့လိုလှိုင်။
ကြယ်နှစ်ဖြိုင်
သွယ်ဆိုင် ပဝင်း။
မိဂသီယုဒ်နှင့်
ငွေလ သော်တာတို့
ယုဂန်ချာ တောင်တော်စွန်းမှာ
ထွန်းထိန်လို့လင်း။ ။
ခါလှစ်
ဟောင်းရွက်ညှာ ခါလှစ်လို့— ဆိုသည်ကို အရပ် စကားနှင့် သာမန်ပြန်ပြောရမည်ဆိုလျှင်—ရွက်ဟောင်းများ အညှာမှ ကြွေကျကြကုန်ပြီ—ဟု ဖြစ်ပေသည်။ ခါလှစ်ကို ကြွေသည်ဟု ပြန်လေသည်။ ခါသည်ကို လှစ်သည်၊ လှစ်သည်ကို ဖွင့်သည်ဟူ၍သာ ကြားဖူးပါသည်။ ကြွေသည်ဟု မကြားဖူးပါဟူ၍ ငြင်းငြားအံ့၊ ဟုတ်ပါသည်။ ဝန်ခံရပေမည်။ သို့သော်လည်း အရပ်သားတွေးပုံ မြင်ပုံနှင့် ကဗျာဆရာ တွေးပုံ မြင်ပုံမှာ မတူပါ။ အရပ်သား ပြောပုံ ဆိုပုံနှင့် ကဗျာဆရာ ပြောပုံ ဆိုပုံမှာ မတူပါ။ ဤတွင် အရပ်သားက—ရွက်ဟောင်းတွေ ကြွေလို့ဟေ—ဟု ပြောမည်ကို ကဗျာဆရာက ဟောင်းရွက်ညှာ ခါလှစ်လို့ ဟု ဖွဲ့ထားပါသည်။
ဖိုးသူတော်ဦးမင်းသည် ခါလှစ် ဟု ဘာအကြောင်းကြောင့် ရေးပါသလဲ။ အကြောင်းအမျိုးမျိုး ရှိပေမည်။ ရုတ်တရက် တွေးမိသည်များကို ကောက်ယူဖော်ပြပါအံ့။
(၁) လာလတ္တံ့သော တသစ်—ကို ငဲ့မျှော်၍ ကိုယ်တွင်း ပြည့်ကာရန် ခါလှစ်—ကို သုံးသည်။
(၂) စကားလုံးလှ၍ အသံသာပြီးလျှင် အသစ် သစ်သောကြောင့် ခါလှစ်—ကို သုံးသည်။
(၃) ယင်းစကား ၂ လုံးတွင် ကိန်းအောင်းနေသော အနက်အဓိပ္ပာယ်တို့ ကြွယ်ဝမှုနှင့် စပ်လျဉ်း၍ ခါလှစ်ကို သုံးသည်။
ဤအကြောင်း ၃ ပါးအပြင် အခြား အကြောင်းတို့လည်း ရှိပေဦးမည်။ ဤအကြောင်းတို့ကို ဖိုးသူတော်ဦးမင်းသည် တမင်တကာ သတိမူ တွေးတော လက်ချိုး ရေတွက်ကာ ဤသို့ ဖွဲ့ဆိုလိုက်သည် ဟူ၍ကား မယူဆအပ်ပါ။ ကဗျာဆရာတို့၏ ကွန့်မြူးသော ဉာဏ်သည် ဆန်းကြယ်သည်။ မိမိတို့၏ ရင်ထဲတွင် သိုဝှက် မထားနိုင်လောက်အောင် အကြောင်းတရပ် ပေါ်ပေါက်လာပါက ထိုအကြောင်းကို လူ့တပတ်သား သဘောကျအောင် သင့်လျော်သော စကားတန်ဆာ ဆင်ယင်၍ ဖော်ပြနိုင်သည်။ ထိုစကား တန်ဆာကို သူတို့ဘယ်က ရှာလာသည်ဟူ၍ကား မပြောတတ်ပေ။ ဖွဲ့ဆိုရန် ကိစ္စပေါ်လာလျှင် ဖွဲ့ဆိုရန် စကားလည်း စိမ့်ယိုထွက်ပေါ်လာတော့သည်။ သားငယ်ကို မြင်လျှင် မိခင်၏သားမြတ်မှ နို့ရည်ကြည် စီးထွက်လာသကဲ့သို့ပင် ဖြစ်သည်ဟု ဆိုရမည်ထင်သည်။
အထက်ပါအကြောင်း ၃ ချက်တွင် တတိယအကြောင်းကို အနည်းငယ်ချဲ့ထွင်ပြောပြလိုပါသည်။ ခါသည် ဆိုသော ကြိယာတွင် လှုပ်သည် ဆိုသော အနက်တပါး သက်ဆိုင်ရာ အခြားအဓိပ္ပာယ်တို့ ကိန်းအောင်းလျက်ရှိသေးသည်။
တောခြေမြိုင်စွန်း၊ သစ်အမျိုးတွင်
မြတ်နိုးစရာ၊ ဩဇာပြည့်နှက်
ညောင်းသစ်ရွက်လည်း၊ ဆောင်းရက်နွေရှင်
ဘယ်ခါတွင်မျှ၊ ဝင်မဝေဝါ
ကျလာမစဲ၊ ဒီတောင်လဲဖြင့်
ကြွေမြဲစေသော်၊ တိမ်ညိုငွေ့နှင့်
အရှေ့လိုက်ဘက်၊ ဥယျာဉ်ထက်တွင်
သရက်နှစ်ပင်တို့ ပေးတည်း။
လှစ်သည် ဆိုသော ကြိယာတွင်လည်း ဖွင့်သည် ဆိုသော အနက်တပါး သက်ဆိုင်ရာ အခြားအဓိပ္ပာယ်တို့ ကိန်းအောင်းလျက်ရှိသေးသည်။ ပိတ်ထားသောတံခါးကို လှုပ်လိုက်လျှင် အလင်းရောင်ဝင်လာ၍ လင်းသွားသည်။ ပိတ်ထားသော စလောင်းဖုံးကို လှုပ်လိုက်လျှင် အိုးအတွင်းရှိ ပစ္စည်းတို့ကို ထင်ရှားစွာမြင်ရသည်။ ထို့ကြောင့် လှုပ်သည်ဆိုသော စကားနှင့် လင်းသွားသည်၊ ရှင်းသွားသည်၊ ထင်ရှားစွာ မြင်နိုင်သော အဖြစ်ကို ပေါ်လွင် သိမြင်နိုင်ကြစေအောင် ဦးမင်းက ရွက်ညောင်းရွက်ဟောင်းတို့ လှစ်ကြသည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။ ဦးကြင်ဥကလည်း တပို့တွဲလရာသီတွင် ပေါ်သစ်အညွှန့်အကျက် အဖူးပုရစ်တို့ကို လေပြေလေရူးကလေးက တိုက်ခတ်လှစ်ဖွင့်ပြနေပုံကို ဤသို့ ဖွဲ့ဆိုထားချက် ရှိသည်။
ဟေမန်အဆုံး
ကိုက်ဖူးပုရစ် ရွှေချပ်စစ်ကို
လေလွင့်တုန်းမို့။
နွေရာသီအခါသစ်ရွက်များ ညှိုးခြောက် ကြွေကျ၍ တောတောင်အတွင်း၌ လင်းလင်းချင်းချင်းရှိပုံကို သျှင်ဥတ္တမကျော်သည် တောလားကြီး၌ ဤသို့ ဖွဲ့ထားသည်ကိုလည်း တွေ့နိုင်သေးသည်။
သဘင်ဂိမှာန်၊ တသမိန်ဟု
လေပြန်လွှင့်ကူ၊ ဘုံသစ်ထူ၍
ဥက္ကူရနတ်၊ မန်ရာတတ်လည်း
ယဟဿရောင်၊ ခြည်တထောင်ဖြင့်
ပြောင်ပြောင်ဝင်းထိန်၊ အာကာမှိန်လျက်
မြင်းရှိအန္တာ၊ ကုန်းခွန်းမြေသက်
လေခခြေသက်၊ ဈာန်ဒီပက်သို့
သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်
ဆီမီးတဝက်၊ ဖက်၍ဆေစုံ
ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း
တောလုံးလင်းသား၊ ဆီးကင်းနုစ။
အတာသကြင်္န်ကျသည့် တန်ခူးလတွင် နေမင်းပူပြင်း၍ လေပြန်က တိုက်ခတ်သောအခါ သစ်ရွက်တို့သည် မြစိမ်းရောင်မှ ရွှေဝါရောင်သို့ ပြောင်းကူး ခြောက်သွေ့ကြပြီးလျှင် ရေသေရဟန်းတို့ ဈာန်ပျံရာမှ ဈာန်လျှောကာ ငြိမ်ငြိမ်သက်သက် မြေသို့ ကျဆင်းသကဲ့သို့ ကြွေကျသောကြောင့် တောကြီးတခုလုံးသည် လင်းလျက် ရှိလေတော့သည်—ဟု အကျဉ်းအားဖြင့် ဆိုလိုပေသည်။
ထို့ကြောင့် ခါလှစ် ဆိုသော စကားနှစ်လုံးကို သာမန်အားဖြင့် ကြွေသည် ဟု ပြန်ဆိုရသော်လည်း ထိုစကားတို့ အထဲတွင် အနက်အဓိပ္ပာယ် မျိုးစုံကို ဦးမင်းသည် ထည့်သွင်း ပေါင်းစပ်ကာ အမြုတေ သဖွယ် လိပ်ထားသည်ကို နှိုင်းဆ ပိုင်းခြားထိုးကြည့်သည့် နည်းဖြင့် သိနားလည်ရပေမည်။
ကဗျာဆရာတို့ ကျွမ်းကျင်လိမ္မာစွာ ဖွဲ့ဆိုထားသော အသုံးအနှုန်းတို့သည်ကား အလွန် ဆန်းကြယ်ကြပေသည်။ ကောင်းကင်က မိုးတိမ်နှင့်တူကြပေသည်။ မိုးရာသီအခါ မုဿန်လေနှင့် ရော၍ ကောင်းကင်သို့ တက်လာသော မိုးတိမ်တို့ကို ငေးမျှော် စောင့်ကြည့်ပါလျှင် ခါး၊ ခရုသင်း၊ ခရုသင်းနှင့် အသွေးအရောင် ဖမ်းရခက်ဘိတောင်း။ ခုနက ရုပ်၊ ခုနက ရုပ်၊ ခုသစ်သစ်၊ ခုသစ်ပွင့်နှင့် အဆင်းသဏ္ဌာန် ဖမ်းရခက်ဘိတောင်း။ သစ်ပင်တမျိုးတမည်တည်း ပြောင်းလဲနေလင့်ကစား မိုးတိမ် မိုးသား၏ အခြေခံ သဘောကား မပျောက်ပေ။ ထိုနည်းတူစွာ ကဗျာဆရာ၏ စကားအနက်ကို ဖမ်းရခက်ဘိတောင်း။ အသွေးအမျိုးမျိုး၊ အစားစားပြောင်းလဲနေတတ်သည်။ သို့သော် အခြေခံအနက်ကား မရွေ့မရား၊ မပျောက်မပျက်ပေ။ ဤတွင် မိုးသားတိမ်တောင် အသွေးပြောင်းပုံ၊ အဆင်းပြောင်းပုံကို သျှင်ဥတ္တမကျော် ဖွဲ့သည်မှာ သတိပြုဖွယ်ရာတရပ် ဖြစ်သဖြင့် အောက်တွင် ဖော်ပြပါအံ့။
တိမ်ညိုမိဂ္ဂ၊ တိမ်မူဂတနှင့်
တိမ်ပြာရောယှက်၊ မရမ်းဖက်၍
တိမ်သက်ရောင်၊ အဝါဇော်ရောင်
ပြောင်ပြောင်ဝင်းထိန်၊ အာကာမှိန်လျက်
မြင်းရှိအန္တာ၊ ကုန်းခွန်းမြေသက်
လေခခြေသက်၊ ဈာန်ဒီပက်သို့
သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်
ဆီမီးတဝက်၊ ဖက်၍ဆေစုံ
ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း
တောလုံးလင်းသား၊ ရုက္ခဒင်းနေ။
ထိုတိမ်တောင်တိမ်လိပ်တို့နည်းတူ ခါလှစ် ဆိုသော စကားသည်လည်း အနက်အမျိုးမျိုး ပြောင်းလျက်ရှိပေသည်။ သစ်ရွက်ခြောက်များ လေပြည့်လေရူးတွင် လှုပ်ခါ နေကြသည်။ ကြွေကျပုံပျံနေကြသည်။ သစ်ရွက်များ ကြွေ၍ သစ်ပင်များ အရိုးကျဲတဲရှိကြသည်။ တောကြီးလင်းလျက်ရှိသည်။ ရှင်းလင်းရှိသည်။ ဖုံးကွယ်နေသော အရာတို့ကို ထင်ရှားစွာမြင်ရသည်။ ဆိုသော အနက်တို့သည် တဦးထွက် တဦးဝင်နှင့် ပြောင်းလဲရွေ့သွားလျက်ရှိလေသည်။ သို့သော်လည်း အခြေခံအနက်ကား သစ်ရွက်ကြွေသည့်အနက်ကား တည်တံ့လျက်ပင်ရှိလေသည်။
တာသစ်
တာသစ်ကို အသစ် ဖြစ်သော အတာသကြင်္န်ကျသည့် တန်ခူးလရာသီဟု ပြန်ဆိုရပေမည်။ ဤတွင် အသစ်ဆိုသော စကားသည် လွန်ခဲ့သောနှစ်က အတာဟောင်း၏ဆန့်ကျင်ဘက် အတာသစ်ဟူ၍လည်း ဆိုနိုင်သည်။ ကူးပြောင်း လုမ္မသော နှစ်သစ်ကို ရည်ရွယ်သည်ဟုလည်း ဆိုနိုင်သည်။ ရွက်ဟောင်းကြွေ၍ ရွက်သစ်များဖြင့် စိမ်းလန်း စိုပြည်နေသော တောသစ်မြိုင် သစ်ကိုဖွဲ့သည်ဟုလည်း ဆိုနိုင်သည်။ ဦးမင်း၏ ဆန်းကြယ်သော အသုံးအနှုန်းကို စာပတ်သူက ယူတတ်အကုန် ဆောင် အမိ ပုဂ္ဂိုလ် အမျိုးမျိုးကောက်ယူနိုင်လျှင် ဆန်းကြယ်သော အရသာအမျိုးမျိုးကို ခံစားရ ပေမည်။ ကဗျာဆရာ၏ ဉာဏ်ကား ပိဏ္ဍတ္ထ အခြေဆရာ၏ ဉာဏ်၊ အာယတ္တ အခြေဆရာ၏ ဉာဏ်တို့ထက် အဆပေါင်းများစွာ ကျယ်ပြန်နက်နဲ သိမ့်မွေ့ သည်ကို အမြဲ သတိချပ်ကြရမည်။
နံ့ကြိုင်
တာသစ်ကယ်တဲ့ နုမြိုင် ကို တန်ခူးလ ရာသီဝယ် မွေးပျံ့ သောရနံ့ဖြင့် ကြိုင်လှိုင်ရှိသည်ဟု သမန်အားဖြင့် ပြန်ဆိုရ ပေမည်။ မွေးပျံ့သောရနံ့ကား အဘယ်ဝတ္ထုပစ္စည်း၏ ရနံ့ ပါနည်း။ တောပန်း တောင်ပန်းတို့၏ ရနံ့ ပင် ဖြစ်ပါသည်။
ရာသီပန်း၏ ရနံ့ဟု ပြောနိုင်ပါသည်။ သို့သော်လည်း ပန်းကံဇော်ဝတ်မှန်ကျင်း၊ သင်းပျံ့လိုလှိုင် ဆိုသော အပိုဒ်တို့က ထိုတောပန်း တောင်ပန်း ရနံ့တို့ရှေ့တွင် ရှေ့နေလိုက်ထားလျက်ရှိပေပြီ။ ထိုပန်းတို့မှာလည်း သင်းပျံ့သော ရနံ့တမျိုး ရှိရပေဦးမည်။
ရာသီပန်း၏ ရနံ့ဟု ပြောနိုင်ပါသည်။ သို့သော်လည်း ပန်းကံဇော်ဝတ်မှန်ကျင်း၊ သင်းပျံ့လိုလှိုင် ဆိုသော အပိုဒ်တို့က ထိုတောပန်း တောင်ပန်း ရနံ့တို့ရှေ့တွင် ရှေ့နေလိုက်ထားလျက်ရှိပေပြီ။ ထိုပန်းတို့မှာလည်း သင်းပျံ့သော ရနံ့တမျိုး ရှိရပေဦးမည်။ အဘယ်အနံ့ပါနည်း။ တန်ခူးလ၊ ကဆုန်လတို့သည်ကား အလွန်ပူပြင်းသော လများဖြစ်ပေသည်။ ပူပြင်းလွန်း၍ မဟာပထဝီမြေကြီးသည် မြေကျက်တုံးကြီးမဟဖြစ်ကာ မိုးစက်မှန်လျှင် မြေခိုးနှံ့ကလေးများ ထွက်ပေါ်လာသည်ကို ခံစားနိုင်ပါသည်။ ထိုပြင်လည်း တောမီးလောင်၍ ကျွမ်းနေသော မြေကျက်ခဲတို့သည် သင်္ကြန်မိုးပေါက်နှင့် ထိတွေ့လျှင် သင်းပျံ့မွှေးကြိုင်လာစေတော့သည်။ ထိုမြေနံ့ရနံ့၊ သင်းပျံ့ကို သျှင်အဂ္ဂသမာဓိသည် ဘုံခန်းပျို့၌ ဤသို့ဖွဲ့ဆိုခဲ့ဖူးပါသည်။
ခါလည်ရုတု၊ ရတုသစ်သစ်
အသစ်ပေါ်ပေါ်၊ သာပျော်ရွှန်းရွှန်း
ကိန်းခန်းသင့်ပေး၊ ရွက်ရင့်လျော၍
ရွက်ကျော်နုလှ၊ ရွက်သစ်ပြန်တည့်
ပန်းမန်ငုံအုံ၊ သုတ်လေညင်းနှင့်
မြေနံ့နံ့၊ တဖျဉ်ဖျဉ်
မင်းလွင်ဖြိုးလျက်၊ တန်ခူးလည်းကုန်
လကဆုန်သည်
ပုဇွန်ရှိုက်မြည် ချုန်းချုန်းတည်း။ ။
ထို့ကြောင့် တာသစ်ကယ်တဲ့ နုမြိုင်— ကို နှစ်သစ်ကူးပြောင်းခါနီး အတာသင်္ကြန် အခါတွင် မြေနံ့ရနံ့သည် လှိုင်ပျံ့ လျက်ရှိပါပေသည်ဟု ပြန်ဆိုနိုင်ကြောင်းရှိပေသည်။
စိတြ
စိတြကား တန်ခူးလ၏ နက္ခတ်ပင်ဖြစ်ပါသည်။ ကြယ်မင်းဖြစ်သော လင်းမန်နှင့် စိတြနက္ခတ်တို့ကို ရည်ရွယ်၍ ကြယ်နှစ်ဖြိုင်ဟု ဦးမင်းဆိုထားပေးသည်။
စကားပြေ
အဦးအသစ်ဖြစ်သော အတာကူးသည့် တန်ခူးလရာသီတွင် ရွက်အို ရွက်ဟောင်းတို့သည် အညှာမှ ညွှန် ကြွေကျကြလေပြီ။ မြေနံ့ရနံ့သည် သင်းပျံ့လျက်ရှိလေပြီ။
လေပြည့်လေရူး သုတ်ဖြူးတိုက်ခတ်လာသောအခါ ဝတ်မှန်များကို ကျင်းပလျက်ရှိသည့် ကံ့ကော်ပန်းတို့၏ ရနံ့သည် မွှေးလှိုင်လျက်ရှိပါသည်။
စိတြနက္ခတ်နှင့် လမင်းသည် ယုဂန်တောင်၏ ထိပ်ဆီတွင် အတူယှဉ်ပြိုင်ကာ ထွန်းလင်းတောက်ပလျက်ရှိပါတော့သည်။ ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment