ဟိုဘက်အိမ်က နွားစာစဉ်းသံ
ပျင်းရိပျင်းတွဲ လှည်း၀င်ရိုးသံ
ဖန်ရောင် မှန်ရောင် နေကလဲပြင်း
သက်ငယ်မိုးတဲအိမ်တွင်း
ရေချိုးရင်း ဖုံသိပ်
တရေးအိပ်ပြီးစ အဖေ
ညနေချမ်း လက်ဖက်ရည်တအိုးသောက်
စည်းကလေး ခေါက်နေတဲ့အသံ
ပုံမှန်ကြားနေကျ နွေဂီတသံပါ။
အဖေက အင်္ကျီပုံစံတချပ်ချပ်ညှပ်
ငါက နွေဂိမှာန်ဖွဲ့ကဗျာစပ်
အမေကအင်္ကျီကြယ်သီးတပ်
တရှပ်ရှပ်နဲ့ ဖိနပ်သံကြား
အမလား… ညီမလေးလား
ရွာထဲမှာ ကြွေးတောင်းသွားသတဲ့။
ဘုရားတကာကြီးတယောက် အလည်လာရင်း
ရှေးစာတွေ ရှေးကဗျာတွေ ရွက်ပြ
ဗုဒ္ဓစကားတွေလဲ တပိုင်းတစ
သြ၀ါဒစကားတွေလဲ မြွတ်ကြားရင်း
လက်ဖက်တရိုး ဝါးသွားသေးရဲ့။
ဒီလိုနဲ့ …
မနက်ကနေ မိုးချုပ်
လက်တလှုပ်လှုပ် စက်ချုပ်ရင်း
အလုပ်သိမ်းပြီး ဖီးလိမ်းပြင်
ပျိုခင်တို့ရဲ့ ရေခပ်လမ်း
ငါ့အဖော်တွေနဲ့ ကြွမြန်းလို့
အလှပန်းတွေရဲ့ အလယ်မှာ
စကားတွေ ကြွယ်ခဲ့တယ်။
ညချမ်းရောက်တော့
ဗိုလ်ဆံတောက်နဲ့ ကာလသားတသိုက်
မယ်ဒလင်နဲ့ ဘင်ဂျိုပိုက်ပြီး
ခေတ်ကြိုက်သီချင်းတွေဆို
လူပျိုဘ၀ ကုန်ခဲ့တယ်။
အဖော်အပေါင်းတွေနဲ့
မပျော်စတောင်း ပျော်တဲ့ရွာ
အိမ်မက်မှာပဲ တွေ့နိုင်တော့တယ်။ (တင်မိုး)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment