လောကသာရပျို့အဖြေ
စာမျက်နှာ ၃၄ -
နှလုံး — (စာပိုဒ် ၅-တွင်ကြည့်။)
အဓိပ္ပာယ်စကားပြေ။ ။ အတတ်အလိမ္မာ ဉာဏ်ပညာနှင့်တကွ လုံ့လဝီရိယကို ဆင်စွယ်စုံကဲ့သို့ ဆုံပါစေစုံ လက်ကိုင်ပြု၍ ကောင်းသော စိတ်အားသန်လျက် သေသပစွာ ကြံစည်လုပ်ကိုင်ရာသည်ဟူ၍ ယောကျ်ားမြတ်တို့ ထင်မှတ်ကြသည့်အတိုင်း (လုံ့လပညာကို အမှီပြု၍) ကြွယ်ဝချမ်းသာ စီးပွားဖြစ်ရာသည်။ လူညမ်း လူမိုက်တို့မှာမူကား လုံ့လ၊ ပညာမရှိဟု သူများကဲ့ရဲ့သော်လည်း မိမိကိုယ်ကို မိမိမချစ် အကျင့်ညစ်လျက် မည်သည့်မည်ဝါမည် တပျင်းရိရိ "ကံရှိသည့်အခါ ငါတို့စီးပွားဖြစ်လိမ့်မည်" ဟု ကံကြမ္မာကိုသာ ထင်မှတ်တတ်သည်ဖြစ်၍ အညံ့ဆုံး ကျင့်ဆောင်သော လူမိုက်တို့ထုံးကို နှစ်လုံးသွင်း၍ မငြိမတွယ်စေနှင့် ဟုဆိုသည်။
၂၀။ ကြောင်းပေါ်ခရီး၊ လမ်းအနီး၌၊ ပင်ကြီးပညောင်၊ မြစ်တထောင်နှင့်၊ ဖျားဖြောင်ခက်လက်၊ ရွက်လည်းစိမ်းစိမ်း၊ စေ့စေ့သိပ်လျက်၊ ရိပ်လည်းမြိုင်မြိုင်၊ လေမနိုင်လျှင်၊ ပွင့်ခိုင်သီးမှည့်၊ အပြည့်ကျေးငှက်၊ စားလျက်သောင်းသဲ၊ မှီဝဲလှိုင်ဗိုလ်၊ ရိပ်ခိုအများ၊ ခရီးသွားတို့၊ နေနားပျော်ရွှင်၊ ထိုသစ်ပင်ကား၊ ဝင်လာသသူ၊ ခပ်သိမ်းလူကို၊ ဆာပူငြိမ်းအောင်၊ စီးပွားဆောင်သို့၊ လူ့ဘောင်သူကြွယ်၊ လူကုန်သွယ်လည်း၊ ထို့နှယ်လည်းကောင်း၊ မျိုးပေါင်းဆွေဝါ၊ လူအများတို့၊ စီးပွားချမ်းသာ၊ နေ့တိုင်းရှာလျက်၊ မေတ္တာမကင်း၊ မ၊ စခြင်းဖြင့်၊ ထံရင်းမှီကိုး၊ ကွယ်စေမင်း။
ပင်ကြီးပညောင်-ဟူရာ၌ ပညောင်ပင်ကိုပင် ပညာဉာဏ်ကိုစွဲ၍ ညာပင်ဟူ၍၎င်း၊ ဉာဏ်ပင်ဟူ၍၎င်း ရှေး
စာမျက်နှာ ၃၅ - ၂၀။ ကြောင်းပေါ်ခရီး-ပုဒ်ရင်းအဖြေ
ပညာရှိသူတော်ကောင်းတို့ ခေါ်ဝေါ်ပြောဆိုကြသည်။ ကာလရှည်လျား စကားရွေ့သောကြောင့် ယခုအခါ ပညောင်ဟု ခေါ်ဝေါ်ကြသည်။ ရတနာပူရတွင် သက္ကရာဇ် ၁၀၇၆-ခုနှစ် နန်းတက်သော "သီရိပဝရမဟာ ဓမ္မရာဇာဓိပတိ" တံဆိပ်နာမံတော်ရှိသော ဟံသာဝတီရောက် မင်းတရားလက်ထက် ပိဋကတ်မဆရာတော် ဆက်သွင်းသော "သီရိမင်္ဂလာကျမ်း" တွင် "သဗ္ဗေမ္မေ ဇာနာတိ ဣတိ ညာဏံ" ဟူသောအဓိကရဏသာဓနနှင့်အညီ ဉေယျဓံတရားငါးပါးကို သိရာဌာနဖြစ်သောကြောင့် ဘုရားတို့ပွင့်ရာ ဗောဓိပင်သည် ညာကမည်၏။ ထိုသို့မည်သောကြောင့် ညာဏဋ္ဌ ညုကိုခွင်း၊ အစိတ်အကျိုး၊ ထိုကြေရာ၌ ဩအက္ခရာလာသည်။ ညာကို ဩသို့ကပ်၊ ကကြီးကို ကဝဂ္ဂန္တပြု၊ င-ပေါ်တွင် တံခွန်တင်၍ ပညောင်ဟု မြန်မာတို့ ခေါ်ဝေါ်ကုန်သတည်း ဟု မိန့်ဆိုသည်။ ပညောင်မျိုးကား ပညောင်ဗုဒ္ဓဟေ၊ ပညောင်သပြေ၊ ပညောင်ကြွက်၊ ပညောင်သင်းတွဲ၊ ပညောင်ပိန္နဲ၊ ပညောင်သဖန်းခါး၊ ပညောင်ခရား၊ ပညောင်စကား၊ ပညောင်သရက်၊ ပညောင်ချဉ် စသည်ဖြင့် ပညောင်မျိုးများစွာ ရှိသည့်အနက် ပညောင်ဗုဒ္ဓဟေမှာ ပညောင်မူရင်း၊ ကြွင်းသောပညောင်စုမှာ ဥပစာပညောင်ဖြစ်ကြောင်းနှင့် ပညောင်ဟူသော မြန်မာ့ဝေါဟာရဖြစ်ရင်း အခြေအမြစ်ပါ "အဘိဓာန်တ္ထဝိသောဓနီကျမ်း" ၌ လာသည်။
ဖျားဖြောင် — (စာပိုဒ် ၁၆-တွင်ကြည့်။)
ကျေး — (စာပိုဒ် ၂၆-တွင်ကြည့်။)
သောင်းသဲ — သောင်းသောင်းသဲသဲ၊ ညံညံစီစီ။
စာမျက်နှာ ၃၆ - လောကသာရပျို့အဖြေ
ဗိုလ် = ဗလ (ပါဠိ) — စစ်သည်၊ အစွမ်း၊ အကြီး၊ အများ ဟူ၍ "အဘိဓာန်" အနေကတ္ထဝဂ်တွင် ဗလသဒ္ဒါ အနက် ၃-ချက် ပြသည်။ (ဤ၌ အကြီးအများ ကိုယူ။)
ဆာပူငြိမ်းအောင် — ဟူရာ၌ "အောင်" သဒ္ဒါသည် နိုင်သည့်အနက်၊ ပြီးစီးသည့်အနက်၊ အဘို့ဟူသော အနက်၊ အပိုင်းအခြားဟူသော အနက်များကို ဟောကြောင်း တောင်တွင်းပုဂ္ဂိုလ်ကျော် ဆရာတော် စီရင်ရေးသားသည့် "မြန်မာဝိဘတ်စကားကျမ်း" တွင် ဆိုသည်။ (ဤ၌ ငြိမ်းချမ်းပြီးစီးသည့် အနက်ကိုယူ။)
မေတ္တာ — (စာပိုဒ် ၅-တွင်ကြည့်။)
အဓိပ္ပာယ်စကားပြေ။ ။ အကြောင်းပေါ်ပေါက်၍ သွားလာရသော ခရီးလမ်းအနီးတွင် အမြစ်များစွာနှင့် ခိုင်ခန့်စွာ ပေါက်လျက်ရှိသော ပညောင်ပင်ကြီး၌ များစွာသောအခက်၊ အလက်၊ အရွက်၊ သီးမှည့်၊ ပွင့်ခိုင်တို့နှင့် ပြည့်စုံ၍ အရိပ်ကောင်းသဖြင့် ကျေးငှက်အပေါင်းတို့ အပြည့်အတင်း ကျမ်း ညံညံစီစီ စားသောက်မှီဝဲရသည်သာမက ခရီးသွားလူအများတို့လည်း အရိပ်ခိုကာ ရွှင်လန်းစွာ နားနေရသည်ဖြစ်၍ ထိုသစ်ပင်သည် ဝင်ရောက်နားနေသူ အပေါင်းတို့ကို ပူပန်စေခြင်းမရှိဘဲ ငြိမ်းချမ်းအောင် အကျိုးဆောင်သကဲ့သို့ လူ့ဘောင်တွင် ကြွယ်ဝချမ်းသာသော သူတို့မှာလည်း ထိုအတူ ပေါက်ဖော်ဆွေမျိုးတို့နှင့်တကွ လူအများတို့အား စီးပွားချမ်းသာဖြစ်ရာ ဖြစ်ကြောင်းကို နေ့တိုင်းရှာဖွေ ကြံစည်လျက် မေတ္တာစိတ်နှင့် ကြည့်ရှုမစ၍ မိမိတို့ထံ မှီခိုကိုးကွယ်စေ-ဟူလိုသည်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment