Skip to main content

မီ နှင့် မှီ



ဪ ကရမက်ပန်းတွေက လက်လှမ်းလို့ မမိတမီ

ကွန်မင့်ကနေ မီ နဲ့ မှီ ထောက်ပြပါတယ်။

ထောက်ပြတာ မှန်တယ်။ ကျေးဇူး။

ယင်းစကားလုံး၏ ဆိုလိုရင်းမှာ အချိန်အမီ ရောက်ရှိခြင်း (သို့မဟုတ်) လက်လှမ်းမီခြင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။

မမှီတမှီ: ယနေ့ခေတ်တွင် "မီ" ကို "မှီ" (မှီခိုခြင်း၊ မှီဝဲခြင်း) နှင့် မှားယွင်း ရေးသားလေ့ ရှိကြပါသည်။

မမိတမီ: အချိန် "မီ" သည်သာ လိုရင်းဖြစ်သောကြောင့် "မမိတမီ" သည်သာ အမှန်ကန်ဆုံး ဖြစ်ပါသည်။

အဓိပ္ပာယ် ဖွင့်ဆိုချက်

အရာ တခုခု၊ အချိန် တခုခုကို အမီလိုက်ရာတွင် ကပ်သီးကပ်သတ်လေး ဖြစ်နေသည့် အခြေအနေ၊ လုယက်ပြီး လုပ်ဆောင်ရသည့် အခြေအနေကို ဆိုလိုပါသည်။

ဥပမာ -

"ရထားထွက်ခါနီး မမိတမီ အချိန်လေးတွင် ဘူတာသို့ ရောက်သွားသည်။"

"နေဝင် မမိတမီ အိမ်အရောက် ပြန်ခဲ့ရသည်။"

သတ်ပုံ မှတ်သားရန်

မြန်မာစာ အဖွဲ့အစည်း၏ သတ်ပုံကျမ်းများအရ -

၁။ မှီ = မှီခိုခြင်း၊ အားကိုးခြင်း (ဥပမာ - နံရံကို မှီသည်။)

၂။ မီ = အချိန်ကာလ (ဥပမာ - အချိန် မီ ရောက်သည်။)

မမိမကမ်း - ကြိဝိ / မမိမကန်း / ၁၊ မိလုနီးလျက်နှင့် မမိနိုင်ဘဲ။ ၂၊ မမိသာသည်ကို မိအောင် အထူးအားထုတ်ကြိုးစားလျက်။ မိလုမိခင်။

မီ

မီ - စည်း / မီ / တစုံတခုသော ပြုလုပ် ဆောင်ရွက်မှုထက် စောသော အင်္ကြီကာ လမ်းညွှန်ပြရာ၌ (ပဋိသေပုဒ် "မ" နှင့် တွဲ၍) သုံးလေ့ရှိသော စကားလုံး။ (မလာမီ၊ မပြောမီ၊ မသိမီ စသည်ဖြင့် သုံးသည်။)

မီ - ကြံ / မီ / တစုံတရာကို ထိနိုင်စွမ်းသည်။ ကာလ၊ ပမာဏ စသည် ထပ်တူကျသည်။

မှီ

မှီ - ကြိ / မှီ / ၁၊ တစုံတခုကို မတ်ရပ်တည်သော အရာဝတ္ထု၌ အားပြုယှဉ်ကပ်၍ တည်စေသည်။ ယှဉ်ကပ် စိုက်ထောင်သည်။ "တခုပေါ် တခု မှီလျက်ရှိလေသည်။" ကာယ။ နိဒါန်း။ (က)။ ၂၊ ဆည်းကပ်အားထားသည်။ "ရှင်သူဌေးကြီးကို မှီရမှ လွတ်ပါမည်။" ကိဏ္ဏရီ။ ၃၈၂။ ၃၊ အထောက်အထား အခြေခံပြုသည်။ အစွဲမူလပြုသည်။ "ဤနည်းကို မှီ၍ ထိုထိုသော ဇာတ်တို့၌။" ကိဏ္ဏရီ။ ၁၄၇။ ၄၊ စွဲဝင်ပူးကပ်သည်။ "ဘီလူးသဘက်၊ နှောင်ယှက်ကပ်မှီ၊ ဝေသလီဝယ်။" ဓမ္မ။ ၁၁။ "အပမှီသည်။"

မှီခို - ကြိ / မှီခို / ၁၊ ဆည်းကပ် အားထားသည်။ အားကိုး ရပ်တည်သည်။ "အစားလုပ်သား တယောက်တွင် မှီခိုသူ နှစ်ဦးရှိသည်ဟု။" လုပ်ဒေ။ ၄၇။ ၂၊ အထောက်အထား အခြေခံပြုသည်။ "ကျမ်းပေစာဖြင့်၊ နည်းနာမှီခို၊ လေ့ကျင့်ဆိုလည်း။" ဝဲ။ ၅၆။

မှီခိုရာ - န / မှီခိုရာ / အားကိုးရပ်တည်ရာ။ အမှီပြုရာ။

မှီငြမ်းပြု - ကြိ / မှီညွန်းပြု / အထောက်အထား အခြေခံပြုသည်။ ကိုးကားထောက်ဆသည်။

မှီတင်း - ကြိ / မှီတင်း / ခိုလှုံရာအဖြစ် စွဲရပ်အခြေပြုသည်။ "လေးဖြာသပထ၊ မျှတမှီတင်း၊ သီတင်းသုံးခါ၊ နေထိုင်ပါ၍ သာလျှင်။" ဓမ္မသာရ။ ၁၇၈။

မှီဝဲ - ကြိ / မှီဝဲ / ၁၊ အာဟာရအဖြစ် စားသုံးသည်။ "မှီဝဲလိုက်သော အစာသည် သွေးသားဖြစ်၍။" ပါဏာဝု။ ၂၁။ ၂၊ သာယာမှု ရယူခံစားသည်။ မေထုန်မှုပြုသည်။ "သူတပါးတို့ မယားကို မှီဝဲ၏။" သံဝိ။ ၇၇။ ၃၊ ပေါင်းယှဉ်ဆည်းကပ်သည်။ "ထိုသူတော်ကောင်းတို့ကိုသာ မှီဝဲ ဆည်းကပ်၍၊ သူတော်တရားကိုသာ နှစ်သက်သောကြောင့်။" ဓမ္မ။ ၄၂။

မှီအုံး - န / မှီအုန်း / ခေါင်းအုံးကဲ့သို့သော ကျောမှီစရာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ