Skip to main content

နိုင်ငံတော့် မျက်နှာ

(တက္ကသိုလ်မောင်မောင်ကြီး)

နွေဦးပေါက်၏ နေ့တနေ့ ညနေတွင် ခြေခင်း လက်ခင်းသာသော ကြောင့် လမ်းလျှောက်ရန် ကျွန်တော် နေအိမ်မှ ထွက်ခဲ့သည်။ ရှေးဦးစွာ ပြည်လမ်းမကြီးအတိုင်း

တောင်ဘက်စူးစူးသို့ လျှောက်ခဲ့ သည်။ လမ်းနှစ်ဖက်နှစ်ချက်မှ ခြံကြီး ဝင်းကြီးများသည် ကြည်နူးစဖွယ်ပင် ဖြစ်သည်။ ခြံစည်းရိုးများမှ ဗိုကေဗီလာအပင်တို့သည် နီနီရဲရဲတမျိုး၊ မရန်းရောင်တမျိုး၊ နှာမောင်းနှာညွန့် အခွေခွေတို့ဖြင့် အလွန်ပသာဒရှိသည်။ ဝင်းအတွင်းမှ သစ်ပင်ကြီးငယ်တို့လည်း ရွက်ဟောင်းခါ၍ ရွက်သစ်လှန်ချိန်ဖြစ်သဖြင့် နုနုပျိုပျို သစ်သစ်လန်းလန်း ရှိသည်။ နေလည်းနိမ့်ပြီဖြစ်သဖြင့် ဖျော့တော့တော့ နေရောင်ခြည်သည် ကောင်းကင်တွင် အနှံ့အစပ် ဖြာယှက်နေသည်။ ပြာနှမ်းနှမ်း မိုးပြင်တွင် ဖြူမျှင်မျှင်တန်းနေသော တိမ်ဝမ်း တိမ်လျားများကို နေရောင်ခြည် တို့ ထိပိုက်ထွေးနေသော အရောင် မှာ နီလာသား၊ စိန်သားတို့ကဲ့သို့ တဖျတ်ဖျတ် ဝင်းနေသည်။ သဘာဝအလှသည် ဤကဲ့သို့ စိုးမိုးယုယသောကြောင့် လမ်းလျှောက်ရခြင်းပင်လျှင် အရသာရှိလှသည်။ တရံတခါ လေဝန်းသည်ကိုယ်ပေါ်သို့ တိုးဝှေ့ မွေ့ယမ်းသွားတတ်သည်။ တခါတရံ ပါးပြင် နဖူးပြင်ပေါ်သို့ ညံ့ညံ့သက်သက် ပွတ်သပ်သွားတတ်သည်။ ညဉ့်ယံ၏ ရှေ့ပြေးဖြစ်သော အအေးဓာတ်လည်း တစိမ့်စိမ့် တက်လာလေပြီ။ နေခြည်နွေးနွေးနှင့် စိမ့်စိမ့်အေးအေး ခံစားနေရခြင်းမှာ လမ်းလျှောက်သူအဖို့ ခြေကို ပို၍သွက်စေသည်။ လူရော စိတ်ရော ပိုမိုလတ်ဆတ်လာလေသည်။

 လျှောက်ရင်း လျှောက်ရင်း ဟံသာဝတီအဝိုင်းသို့ ရောက်ခဲ့သည်။ ဘယ်ဘက်တွင် နိုင်ငံတော်အစိုးရ ဝန်ကြီးများနေထိုင်သော ဝင်း၊ ညာဘက်တွင် နိုင်ငံတော် ဘာသာပြန်စာပေအသင်း၊ မျက်နှာတည့်တည့်တွင် ဖြူးဖြောင့်နေသော ဦးဝိစာရလမ်း၊ တန်းနေသော ပြည်လမ်း လမ်းဆုံလမ်းခွသို့ရောက်ခဲ့သည်။ ဘယ်ဘက်တွင်ရှိသော ဝန်ကြီးများဝင်းအတွင်းတွင် နီနီတွတ်တွတ် ဖြူဖြူဖွေးဖွေး တိုက်သစ်ကလေးများကို ဆောက်နေသည်။ အဆောက်အအုံများမှာ ဆောက်လျက်နေစဉ်၌ပင် ချစ်စရာ့တိုက်တာများ ဖြစ်သည်။ နွေဦး နှင့် အလားတူပင် နိုင်ငံတော် ပြန်လည်ထူထောင်ရေး၏ ရုပ်လုံးဖော်များ ဖြစ်သည်။ အုပ်ချုပ်ရေးယန္တရား၏ မပြောပလောက်သော ဖန်တီးချက်များလည်း ဖြစ်သည်။ တဖန် ညာဘက်တွင် ဘာသာပြန်စာပေအသင်းလည်း အဆောက်အအုံများကို တိုးချဲ့နေသည်။ ဆောက်ပြီးနေသော အသစ်စက်စက် တိုက်တန်း နှစ်လုံးရှိသည်။ ဆောက်နေဆဲ တိုက်များလည်း ရှိသည်။ လွတ်လပ်သော နိုင်ငံ၏ လုပ်ငန်း၊ လွတ်လပ်သော လူမျိုးတို့၏တာဝန်ကား ဤကဲ့သို့ပါ

တကားဟု အားရမိသည်။ 

 ရှေ့သို့ မျက်စိတဆုံး မျှော်ကြည့်လိုက်သောအခါ တောအုပ် ညို့ညို့ ကုန်းမို့မို့အပေါ်တွင် ရွှေတိဂုံစေတီတော်ကြီးကို လှမ်း၍ ဖူးမြော်ရသည်။ ညနေခင်း နေရောင်ခြည်ကြောင့် စေတီတော်ကြီးသည် ရွှေရောင်ဖြင့် ဖိတ်ဖိတ်တောက်နေသည်။ နောက်ကျောခံ ပြာနှမ်းနှမ်း မိုးပြင်ကြောင့် ရွှေရောင်မှာ ပို၍ ဝင်းနေသည်။ ကျွန်တော်လည်း စေတီတော်ကြီးကို အာရုံပြုမိသည့်အလျောက် ခြေလှမ်းတို့လည်း ဦးဝိစာရလမ်းအတိုင်း လိုက်လာကြပေသည်။ မြို့ပတ်လမ်းအဝိုင်းသို့ ရောက်လျှင်ပင် စေတီတော်ကြီးကို နီးနီးကပ်ကပ် ဖူးရပြီ။ အဝေးမှ တောအုပ်ညို့ညို့သာ မြင်ရသော ကုန်းမို့မို့မှာ အနီးတွင် အောက်ခြေ၌ ထန်းတောကြီးများ၊ အပေါ်ရင်ပြင်၌ လင်းလွန်း၊ မရန်း၊ ညောင် စသော အပင်များဖြင့် အုပ်နေသော ပန်းတည်ခုံကို ဖူးရသည်။ ပန်းတည်ခုံ အမြှောင့်မြှောင့်တို့မှာ အထင်ကရ သစ်ပင်ကြီးတို့မှ မြစ်ပျဉ်းကြီးများတမျှ အမြှောင်း မြှောင်းထနေသည်။ ပန်းတည်ခုံအထက် ခေါင်းလောင်းပုံလည်း အလွန်ပြေပြစ်၍ လုံးပတ်မှာ လှသည်။ ခေါင်းလောင်းပုံထိပ်တွင် ကြာညွန့် ကြာစွယ်တို့သည် တွဲရရွဲ စီရရီ ပတ်ပတ်လည်ကျနေဟန်ကို ဖူးရသည်။ ခေါင်းလောင်းပုံမှ အထက်သို့ ဖောင်းရစ်များသည် အရစ်ရစ်ခွေပတ်နေသည်။ အခွေခွေ အထက်မှ ငှက်ပျောဖူးကြီးတည်း။ အလုံးအဖန် အချိုးကျလှသည်။ ခေါင်းလောင်းပုံနှင့် ငှက်ပျောဖူးကြီးတို့၏ လုံးပတ်မှာ အလွန် ပနံရသည်။ အပေါ်သို့ သွယ်သွယ်မြင့်မြင့်တက်သွားပုံမှာ ပိုအဆင်ပြေလှသည်။ အလယ်တွင် ဖောင်းရစ် ခွေထားပုံမှာလည်း နေရာသင့်လှသည်။ ဖောင်းရစ်နှင့် တစပ်တည်း ကြာမှောက်ကြာလှန်၊ ချရားသီး ဖုဖုလုံးလုံးများကို ထည့်သွင်းထားပုံမှာလည်း အနုပညာလက်ရာ ပီသလှပေ သည်။ ငှက်ပျောဖူးကြီးတွင် ရွှေသားရွှေချပ်များကို အကွက်အကွက် အပြည့်ရိုက်ထားသဖြင့်လည်း စင်းစင်းချောချောမဟုတ်ဘဲ မျဉ်းပြိုင် မျဉ်းကန့်ချထားသကဲ့သို့ အကွက်ကျကျ ညီလှပေသည်။ ငှက်ပျောဖူးကို ထီးတော်အုပ်ထားသည်။ ထီးတော်နှင့် ငှက်ပျောဖူး၊ ငှက်ပျောဖူးနှင့် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံနှင့် ပန်းတည်ခုံတို့မှာ တခုနှင့်တခု တဆင့်နှင့်တဆင့် အလိုက်အဖက် သင့်ပေသည်။ ထီးတော်ပုံသဏ္ဌာန်မှာလည်း လူ့လည်ပင်းနှင့် ဦးခေါင်းကဲ့သို့ သွယ်သွယ်သပ်သပ် လုံးလုံးဝန်းဝန်း ရှိလှသည်။ အထွတ်ဆုံးတွင်ကား စိန်ဖူးနှင့် ငှက်မြတ်နားသည် သာသနာ့တံခွန်ကို လွှင့်နေပေသည်။ 

 သစ်ပင်အစိတ်အပိုင်းတို့မှ သင့်ရာ သင့်ရာကို ပုံတူယူ၍ ဆံတော်ဓာတ်တော်များကိန်းဝပ်ရာ စေတီအဖြစ် တည်ဆောက်ထားနိုင်ပုံမှာ ဗမာလူမျိုးအဖို့ ဂုဏ်ယူစရာ ဖြစ်သည်။ ဗမာ့ပန်းရန် အတတ်၊ ဗမာ့ပန်းချီ မျက်စိကိုလည်း ချီးကျူးစရာဖြစ်သည်။ ဗမာ့လက်ရာကို သက်သေတိုင်ကြား စံထားခြင်းလည်း ဖြစ်သည်။ ဗမာမှုလည်း ပီသလှသည်။

 ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်သူအဖြစ်နှင့် ကြည့်ပါလျှင်လည်း ထိုစေတီတော်ကြီးသည် တရားကို ညွှန်ပြပေသည်။ သတ္တဝါတို့၏အခြေခံမှာ အဝိဇ္ဇာနှင့် တဏှာ အရင်းခံသည်။ ထိုအမြစ်များကို ခုတ်ထွင်ပစ်မှ တဖြည်းဖြည်း ချောမွေ့သန့်စင်မည်။ အဆင့်ဆင့် တက်နိုင်မည်။ ရုပ်နှင့် နာမ်ကို အကြိမ်ကြိမ် စင်ကြယ်အောင်ပြုမှ နောက်ဆုံးတွင် နိဗ္ဗာန်ဟူသော အထွတ်သို့ရောက်နိုင်မည်။ နိဗ္ဗာန်တံခွန်ကို ထူနိုင်မည်။ ကြီးရာမှ သေး၊ နိမ့်ရာမှ မြင့်၊ အရင်းမှ အထွတ် တက်ရောက်နိုင်စေခြင်းငှာ နိမိတ်ယူ၍ ပြသသော တရားဗိမာန်ဟု ဆိုချင်ကလည်း ဆိုထိုက်ပေသည်။

 ဤသို့ တွေးရင်း၊ တောရင်းနှင့်ပင် စေတီတော်ကြီး၏ မြောက်ဘက်ခြေရင်းသို့ ရောက်လာသည်။ သိလာပထဝီ ကျောက်မြေဟု ဆိုရလောက်အောင် ကျောက်စိုင် ကျောက်ပြားကြီးများသည် ခြေတော်ရင်းအောက် ချောက်ကြီးနံဘေးမှ အလျားလိုက်၊ အပြားလိုက် ငေါထွက်နေသည်ကို မြင်ရသည်။ စေတီတော်ကြီး၏ အောက်ခြေခံကား ကျောက်စိုင် ကျောက်သားများပါတကားဟု အသိဉာဏ်ဝင်လာသည်။ ထိုအသိဉာဏ်နှင့်ဆက်၍ ရှေးက မည်သူ မည်ဝါများ ဤစေတီတော်ကြီးကို တည်ခဲ့ကြပုံ၊ ရာစုနှစ်ပေါင်း များစွာပင် ရွှေတိဂုံစေတီတော်ကြီးကို ယခုအခြေအနေအထိ သပ္ပာယ်အောင် ဒါယကာအဆက်ဆက်၊ ခေတ်အဆက်ဆက် ပြုစုတည်ထောင်ကြပုံတို့ကို ပြန်တွေးကြည့်မိသည်။

 ဖူးမြော်နေသော စေတီတော်ကြီးအသွင်တွင် ရှေးနှစ်ပေါင်းများစွာမှ မှုန်ရီနေသော အခြေအနေများသည် ထင်မြင်လာသည်။ ဤနေရာ ဤဒေသတွင် ရှေးနှစ်ပေါင်း ၂၅ဝဝ နီးပါးခန့်က ရွှေတိဂုံ စေတီတော်မြတ်ကြီးသည် မရှိသေးချေ။ ရန်ကုန်မြို့သည်လည်းကောင်း၊ ပဲခူးမြို့သည်လည်းကောင်း ပင်လယ်ကမ်းခြေပေါ်၌ တည်ရှိပေသည်။ ရန်ကုန်မြို့သည် မွန်လူမျိုးတို့ နေထိုင်ရာမြို့ ဖြစ်သဖြင့် "လဂုင်" မြို့ဟု တွင်ပေသည်။ အုပ်စိုးသောမင်းကြီးမှာ မင်းဆက် ၃၂ ဆက်မြောက် ဥက္ကလာပမင်းကြီး ဖြစ်သည်။ သိင်္ဂုတ္တရကုန်းဟု အမည်တွင်သော ဤကုန်းမို့မို့သည် ထိုစဉ်အခါက အခြားကုန်းပေါင်း ၉၉ နှင့်အတူ တောကြီးမျက်မည်းများဖြင့် ဖုံးအုပ်နေသည်။ တဖုဿနှင့် ဘလ္လိကညီနောင်တို့ မြတ်စွာဘုရား၏ ဆံတော်ကို ပင့်ဆောင်လာသောအခါ ဤသိင်္ဂုတ္တရကုန်းကို သုံးနှစ်တိုင် တိုင် ရှာဖွေရသည်။ နောက်ဆုံးမှ ကျောက်သားပကတိဖြင့် စည် မျက်နှာပြင်ကဲ့သို့ ညီညွတ်သော တောင်ကုန်းထိပ်ကို တွေ့ကြသည်။ သက္ကရာဇ် ၁၃၃ ခု၊ ဝါဆိုလဆန်း ၄ ရက်၊ အင်္ဂါနေ့တွင် တဖုဿနှင့် ဘလ္လိကညီနောင်တို့ ဥက္ကလာပသို့ ဆိုက်ရောက်သည်။ သက္ကရာဇ် ၁၃၆ ခု၊ ဝါဆိုလဆန်း ၁၂ ရက်၊ တနင်္ဂနွေနေ့တွင် ဓာတ်တော်များကို ရေသပ္ပာယ်သည်။ တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့ကျမှသာ ဆံတော်တွင်းတွင် ထည့်၍ ဌာပနာကြသည်။ ဥက္ကလာပ စတင်တည်ထားခဲ့သော စေတီတော်၏ဉာဏ်တော်မှာ အတွင်း သံတောင် ခုနစ်တောင်၊ အပြင် သံတောင် ၂၈ တောင်မျှသာ မြင့်သည်။ ယခုခေတ်အားဖြင့် ပေပေါင်း ၄၅ နှစ်ပိုင်းတပိုင်းမျှသာ မြင့်သေး သည်။ စေတီတော်တည်ပြီးသည့် နောက်ကာလများတွင် တပေါင်း လပြည့်နေ့တိုင်း ပွဲတော်ကို နှစ်စဉ် ကျင်းပကြသည်။ သန်လျင်မြို့မှလည်းကောင်း၊ ဟံသာဝတီမှလည်းကောင်း၊ လဂုင်မြို့မှလည်း ကောင်း မွန်လူမျိုးတို့သည် ပွဲတော်တိုင်လျှင် ရေကြောင်း၊ ကုန်းကြောင်း အသီးသီးမှ စည်စည်ကားကား လာရောက်ဖူးမြော်ကြသည်။ (

 ဒွတ္တပေါင်မင်းကြီး လက်ထက်တော်တွင် ရသေ့ပြည်မှ စစ်အင်္ဂါလေးပါးနှင့်ချီလာ၍ ဆံတော်ဓာတ်ကို ပင့်ဆောင်သွားရန် ကြံစည်ဖူးသည်။ ဆံတော်တွင်းကို တူးမည်ဟု တူးရွင်းကိုချသည့်ခဏ၌ လေမုန်တိုင်းကျရောက်လာသောကြောင့် အကြံအစည်ကို လျှော့၍ ရသေ့ပြည်သို့ပြန်လည်ချီတက်သွားရသည်။ အနော်ရထာမင်းစောသည်လည်းကောင်း၊ စည်သူမင်းကြီးသည်လည်းကောင်း၊ ဆံတော်မြတ်ကို ပုဂံပြည်သို့ ပင့်ဆောင်မည်ဟု ကြံကြဖူးသည်။ တူးရွင်းနှင့် ဆံတော်တွင်း ထိသည်နှင့် တပြိုင်နက် လေဆင်နှာမောင်းကျလာ သောကြောင့် ရွှေထီး၊ ငွေထီးများဖြင့် ပူဇော်၍ ပုဂံပြည်သို့ လက် လျှော့ပြန်ကြရသည်။ ဤသို့လျှင် 

လဂုင်မြို့၌ ခေတ်အဆက်ဆက် ကျော်စောထင်ရှားသော စေတီတော်မြတ်ကို သက္ကရာဇ် ၇၁၆ ခုနှစ်၌ နန်းတက်တော်မူသော ဟံသာဝတီဘုရင် ဗညားဦးသည် သက္ကရာဇ် ၇၃၄ ခုနှစ်တွင် ဆံတော်ရှင်စေတီကို သံတောင် ၂၈ တောင်မှ သံတောင် ၄ဝ ထိ မြှင့်၍ တည်ထားသည် (ပေပေါင်း ၆၅ ထိ မြင့်လာသည်။)

 သက္ကရာဇ် ၈၂၅ နှစ်တွင် ရှင်စောပုသည် ဟံသာဝတီပြည်ကို စိုးစံသည်။ ထိုဘုရင်မကြီးပင်လျှင် လဂုင်မြို့သို့ စုန်ဆင်းလာပြီးလျှင် ဆံတော်ရှင်စေတီမြတ်ကို ထပ်မံပြင်ဆင်သည်။ ရှေးက ဆံတော်ရှင်စေတီဝယ် ရင်ပြင်တော်ကျဉ်းနေသည်။ ဘုရင်မကြီးသည် စေတီရင်ပြင်ကို တိုးချဲ့သည်။ ရွှေ ၂၅ ပိဿာကို အပြားခတ်၍ ထီးတော်မှသည် ပန်းတည်ခုံတိုင် ရွှေပိန်းချတော်မူသည်။ ကျောက်ထီးအဆူဆူကိုလည်း ရင်ပြင်တော်ပတ်လည်၌ စိုက်သည်။ဆံတော်ရှင် ဘုရားသမိုင်းကိုလည်း မွန်ဘာသာ၊ မြန်မာဘာသာ၊ ပါဠိဘာသာတို့ဖြင့် ရေး၍ ကျောက်ထက်အက္ခရာ တင်ခဲ့သည်။ ယခုတိုင် အရှေ့ဘက်စောင်းတန်း အလယ်ပစ္စယာနှင့် လမ်းချင်းဆုံသော စောင်းတန်းအတက် လက်ယာဘက်တွင် ကျောက်စာကြီးများသည် အထင်အရှား တည်ရှိနေသည်။ ရှင်စောပုကိုဆက်ခံသော ဓမ္မစေတီမင်းလည်း ကြေးအချိန်ပိဿာ တသိန်းရှစ်သောင်းစီးသော အဝရှစ်တောင်၊ စောက် ဆယ့်နှစ်တောင်ရှိသည့် ခေါင်းလောင်းကြီးတလုံး၊ အချိန် ကြေးပိဿာ ၅ဝဝ စီးသော ခေါင်းလောင်းငယ် တလုံးကို ဆံတော်ရှင်စေတီတော်အား လှူဒါန်းခဲ့သည်။ ထိုခေါင်းလောင်းကြီးငယ်တို့ကို နောင်သောအခါ ပေါ်တူဂီလူမျိုး ငဇင်ကာ ဖျက်ဆီးသိမ်းယူသွားသောကြောင့် ကျွန်တော်တို့ ခေတ်တိုင်အောင် မတည်ရှိ၊ မမြင်ကြရတော့ချေ။

 သက္ကရာဇ် ၈၅၄ ခုနှစ်တွင် လေပြင်းမုန်တိုင်း ကြီးစွာကျသောကြောင့် စေတီတော်မှ ထီးတော်သည် လေတွင်ပါသွား၍ သန်လျင်မြို့ တောင်ကုန်းပေါ်တွင် ကျသည်။ ထီးတော်သစ်ကို ဗညားရံ ကိုယ်တော်တိုင် တင်တော်မူသည်။ သက်စေ့အတိုင်း စေတီရံ ၄၈ ဆူကိုလည်း ထပ်မံ တည်ထားတော်မူသည်။

 သက္ကရာဇ် ၆၃ဝ ပြည့်နှစ်အတွင်း ငလျင်ကြီးစွာလှုပ်သောကြောင့် ဆံတော်ရှင်စေတီတော်သည် ခါးလယ်မှပြတ်၍ ပြိုကျသည်။ သေနာပတိ ဝန်ကြီး ဗညားဒလသည် စေတီတော်ကို ပြုပြင်နေဆဲ သန်လျင်မြို့ကိုစီးသော ပေါ်တူဂီ ငဇင်ကာကြောင့် ဆံတော်ရှင်စေတီကြီးသည် ဘုရားငုတ်တိုအဖြစ် ဝဋ်ကြွေးခံနေရရှာသည်။သက္ကရာဇ် ၉၇၂ ခုနှစ်အထိ နှစ်ပေါင်း ၄၂ မျှ ဘုရားငုတ်တိုဘဝနှင့် တည်ရှိရပြီးနောက် အဝရွှေနန်းရှင်သည် ၉၇၅ ခုနှစ်တွင် ဟံသာဝတီကို အုပ်စိုးတော်မူသည်။ ၉၈ဝ ပြည့်နှစ်အတွင်းမှ ဆံတော်ရှင် ကို အသစ်တည်၍ ထီးတင်တော်မူသည်။ အနှစ် ၅ဝ တာမျှ ဆံတော်ရှင်စေတီတော်မြတ်သည် ဘုရားငုတ်တို ဖြစ်ခဲ့ဖူးသည်။

 သက္ကရာဇ် ၁ဝ၂၃ ခုနှစ်တွင် ငလျင်ကြီးစွာ လှုပ်ပြန်သည်။ ဆံတော်ရှင်စေတီ၏ မကိုဋ်တော်နှင့် အဆင့်သုံးဆင့် မြေသို့ ခ သည်။ ၁ဝ၂၅ ခုနှစ်တွင် မင်းရဲစည်သူသည် ကြီးစွာသော အစီအရင်ဖြင့် ပြန်လည်ပြုပြင် ထီးတော်ကိုတင်သည်။

 သက္ကရာဇ် ၁ဝ၂၆ အတွင်းလည်း ငလျင်ကြီးစွာ လှုပ်သောကြောင့် ဆံတော်ရှင်၏ မကိုဋ်တော်သည် မြေသို့ ခပြန်သည်။ ၁ဝ၂၈ ခုနှစ်မှ ပြန်လည်ပြုပြင် ထီးတော်တင်ရပြန်သည်။

 သက္ကရာဇ် ၁၁၃ဝ ပြည့်နှစ်တွင် တော်လည်းသံ ကြီးစွာပြု၍ ငလျင် ပြင်းထန်စွာ လှုပ်ပြန်သည်။ ဆံတော်ရှင်ဘုရား ဆပ်သွားဖူးကသည် ပထမဖောင်းတိုင်အောင် ပြို၍ ထီးလျှောကျသည်။ ဆင်ဖြူရှင် မင်းတရားသည် ခမ်းနားကြီးကျယ်စွာ အလှူဒါနပြု၍ ယခု ကျွန်တော်တို့ ဖူးမြော်ရသည့် ပုံပန်းနှင့် ဉာဏ်တော်အတိုင်း ပေ ပေါင်း ၃၂၇ ထိ သက္ကရာဇ် ၁၁၃၁ ခုနှစ်တွင် တည်ထားခဲ့ပေသည်။

 ကျွန်တော့်အာရုံတွင် ကျက်စားပြောင်းလဲနေသော ခေတ် အဆက်ဆက်၊ မင်းအဆက်ဆက်တို့အား နောက်ဆုံးတွင် ဆင်ဖြူရှင်မင်းတရားတည်၍ ယခု မျက်မြင် ဖူးတွေ့နေရသည်အထိ ကူးဆက်လာကာ ရှေးဖြစ်ဟောင်းပျောက်၍ မျက်မြင်တွင်ရစ်တော့သည်။

 နေလုံးလည်း ပျောက်ခဲ့ပြီ။ စေတီတော်တွင် အရစ်ရစ် ထွန်းထားသော မီးရစ်တို့သာ ထိန်နေတော့သည်။ စစ်မဖြစ်ခင်ကမူ စေတီတော်ကြီး၏ ကိုယ်ထည်တလျှောက်လုံးကို ထင်ပေါ်အောင် မီးမောင်းတို့ဖြင့် ပူဇော်ခဲ့၏။ ညဉ့်များတွင် အမှောင်ထုတွင်း၌ ရွှေတုံးရွှေစို့ကြီး တခဲနက် အစို့ပေါက်နေသကဲ့သို့ ကြည်ညိုခွင့် ရခဲ့၏။ ယခုမူ မီးရစ်ဝိုင်းဝိုင်းတို့ဖြင့်သာ ကျဲတဲတဲ မှိတ်တုတ်တုတ် ဖူးမြော်ရသည်။

 သို့ပါသော်လည်း ထိုမီးရစ်ရစ်ကိုပင် ပင်လယ်ဝမှ ရန်ကုန်မြစ်တလျှောက်လုံး မြင်ရပေမည်။ တွံတေးချောင်း တလျှောက် တွံတေးဝမှပင် ဖူးမြင်ရပေမည်။ မြောက်စူးစူး တလျှောက် မင်္ဂလာ ဒုံမှပင် ဖူးမြင်ရ၊ ဦးခိုက်ရပေမည်။ ရွှေတိဂုံစေတီတော်ဟု အသံကြားရုံဖြင့် ပြည်ထောင်စုသား ဗုဒ္ဓသာသနာ ကိုးကွယ်သူတိုင်း၊ ဖူးမြော်ခွင့် ရသူတိုင်းလည်း “ငါတို့ စေတီတော်ကြီးပါတကား” ဟု ပီတိရွှန်းရွှန်းကြွပေမည်။ လှိုက်လှိုက်လှဲလှဲ ဝမ်းသာရွှင်လန်းကြပေမည်။ ပင်လယ်ကြောင်းမှ ရောက်လာသော နိုင်ငံခြားသားများသည် လည်းကောင်း၊ လေကြောင်းမှ ပျံသန်းလာသော တိုင်းတပါးသား သည်လည်းကောင်း “ရွှေတိဂုံစေတီကြီးပါကလား၊ 'အံ့သြကြည်နူးစရာ ကောင်းပါကလား”၊ “တကယ့်လှပတဲ့ ဗမာ့ လက်ရာပါတကား” ဟု ရင်သပ်ငေးမော အံ့သြစွာ မချီးကျူးဘဲ မနေနိုင်။ ရွှေတိဂုံဘုရား အကြောင်းကို စကားရှာ၍ မပြောဘဲမနေနိုင်။

 ရွှေတိဂုံစေတီတော်ကြောင့် ရန်ကုန်မြို့သည် ကျက်သရေရှိသည်။ ရွှေတိဂုံစေတီတော်ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် မျက်နှာရှိသည်။ ရွှေတိဂုံစေတီတော်ကြီးကား နိုင်ငံတော်၏ မျက်နှာပါတကား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ