ဆရာ မင်းသုဝဏ် ရေးသားတဲ့ မြန်မာစာ မြန်မာမှု (၁၉၆၅) ထဲက ဖြစ်ပါတယ်။
အကြမ်းအားဖြင့် မြန်မာစကားကို သက္ကရာဇ် ၄၅၀ ခန့်တွင် အက္ခရာတင်သည်ဟု ယူဆမှတ်ကြပါစို့။ ထိုသို့ အက္ခရာတင်စဉ်က မွန်သုံး၊ ပါဠိသုံး ဌာန်ကရိုဏ်းများနှင့်အညီ မြန်မာစကားသံကို အိန္ဒိယ အက္ခရာတို့ဖြင့် ကိုယ်စားပြုကာ အက္ခရာတင်သည်ဟု ယူဆမှတ်ရန် ရှိပါသည်။
ပုဂံခေတ် ကျောက်စာ မင်စာတို့ကို လေ့လာကြည့်သောအခါ ပထမတွင် မြန်မာစာလုံးပေါင်းသည် ခိုင်မြဲသည်မရှိ။ ဗျည်းအရာတွင်၎င်း၊ သရအရာတွင်၎င်း ယိမ်းယိုင်နေသည်ကို တွေ့ရပါသည်။
ဥပမာအားဖြင့် ဆိုသော် ပုဂံပညာရှင်တို့သည် အစဗျည်း အရာတွင် (မင်ဂြီ၊ မင်ကြီ။ ဗြီ၊ ပြီ) စသည်တို့ကဲ့သို့ တတိယက္ခရာနှင့် ပထမအက္ခရာတို့ကို လက်ခုပ် လက်ဝါး ရေးကြပါသည်။
၁၃၆
အဆုံးဗျည်း၊ ဝါ၊ အသတ် အရာတွင် (အတ်ကို၊ အစ်ကို။ ချတ်၊ ချစ်) စသည်တို့ကဲ့သို့ တသတ်နှင့် စသတ်ကို လက်ခုပ် လက်ဝါး ရေးကြပါသည်။
အလယ်သရ အရာတွင် (ပ္လ၊ ပ္လိယ်၊ ရိ၊ ရိယ်။ ဖ္လော၊ ဖ္လူ။ ယော၊ ယူ) စသည်တို့ကဲ့သို့ ဣ နှင့် ဣယ်။ သြ နှင့် ဦ တို့ကို လက်ခုပ်လက်ဝါး ရေးကြပါသည်။
သို့သော်လည်း ယပင့်၊ ရရစ်၊ လဆွဲ သံယုတ်အရာတို့တွင် ၎င်း (စသတ်၊ တသတ် လျဉ်းပါးမှု အနည်းငယ်မှတပါး) ကျန်အသတ်အမျိုးမျိုးအရာတွင်၎င်း ပုဂံခေတ်စာလုံးပေါင်းသည် အတော်မြဲမြံသည်ဟု ယူမှတ်ရပါမည်။
အထက်ပါ အချက်တို့ကို ကြည့်လျှင် မြန်မာစကားကို အက္ခရာတင်ဦးအခါက ဗျည်းသံတို့ကို စာဖြင့် ကိုယ်စားပြုပုံသည် အတော်တည်မြဲ၍ သရသံတို့ကို ကိုယ်စားပြုရာတွင်မူ အတော် ဒယိမ်းဒယိုင် ရှိနေသည်ကို တွေ့ရပါသည်။ မွန်တို့ထံမှရသော သရသံနှင့် မြန်မာတို့ ပြောဆိုနေသော သရသံတို့ ကာရန်မသင့်သေးသကဲ့သို့ ရှိသည်။ သွားစိုက်ပြီးခါစ အံမကိုက်
၁၃၇
သေးသည်နှင့် တူပါလိမ့်မည်။ အချုပ်အားဖြင့်သော် ပုဂံခေတ် စာလုံးပေါင်း ပြဿနာသည် သရပြဿနာ ဖြစ်သည်ဟု ဆိုရပါလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား အနှစ် ၁၅၀ ခန့် မြန်မာစကားကို စမ်းတဝါးဝါးနှင့် ရေးခဲ့သောအခါ ပုဂံခေတ် စာလုံးပေါင်းသည် အတော်တည်ငြိမ်ခိုင်မြဲ စပြုလာ၍ သက္ကရာဇ် ၆၀ဝ မှ ၆၆၀ ကျော် ပုဂံခေတ် ကုန်ဆုံးသည် အထိပင် ဤအတိုင်း ဖြစ်နေသည်ကို တွေ့ရပါသည်။
ပုဂံခေတ် ကုန်ဆုံးပြီးသည့်နောက် ပင်းယခေတ်၊ အင်းဝခေတ်တို့တွင် မြန်မာတို့၏ စကားပြောသံသည် အချို့အချို့သော အရာတို့၌ အမှတ်မထင် ရွေ့လျော့ခဲ့ပုံရပါသည်။ အဘယ်ကြောင့်ဆိုသော် ပုဂံခေတ် အခါက မမေ့မလျော့ ရေးသားခဲ့သော လဆွဲ သံယုတ်သည် ယပင့်၊ ရရစ်အဖြစ်သို့ သင့်လျော်သလို ရွေ့လျော့သွားသည်ကို တွေ့ရသောကြောင့် ဖြစ်ပါသည်။ သက္ကရာဇ် ၇၂၉ ခုတွင် နန်းတက်သော မင်းကြီးစွာစော်ကဲ လက်ထက်မှစ၍ လိုက်နာကြသည်ဆိုသော သမ္ဗညတဏံချီ သတ် ပုံဟောင်းကြီးတွင် လဆွဲ သံယုတ်ကို မတွေ့ရပါ။ ဤတွင် သျှင်မဟာသီလဝံသ မျက်မှောက်၌ ရေးထိုးသည်ဟု ယူဆရသော ရတနာဗိမာန်ကျောင်းတော် ကျောက်စာကို မှတ်တိုင်တခုအဖြစ် ထုတ်ဆောင်ကိုးကားလိုပါသည်။
ယင်းကျောက်စာ မျက်နှာဘက်တွင် စာကြောင်း ၅၃ ကြောင်း ရှိပါသည်။ နောက်အကျဆုံး သက္ကရာဇ်မှာ ၈၇၁ ခု ဖြစ်ပါသည်။ ဤကျောက်စာကို ကြောင်းရေ ၁ မှ ၄၀ အထိ တပိုင်း၊ ကြောင်းရေ ၄၁ မှ ၅၃ အထိ တပိုင်းဟူ၍ စာလုံးပေါင်းပုံ ထူးခြားသည်ကို ထောက်ကာ ၂ ပိုင်းခွဲလိုပါသည်။
၁၃၈
ပထမပိုင်းသည် အင်းဝခေတ်၏ စာလုံးပေါင်း အမူအရာများ ဖြစ်သော (သျှင်ချစ် = ရှင်ချစ်၊ သျှင်သျှင် = ရှင်းရှင်း၊ သျှစ် = ရှစ်ခု၊ ငါစိသျှင် = ငါစီးရှင်ဟူသော အစဗျည်းထူးခြားချက်၊ အန္တုယ် = အမျိုးအနွယ်၊ အမှုန် = အမှုန်အဟတ်ဟူသော အလယ်ဗျည်းထူးခြားချက်၊ ကြေည် = ကြဉ်းဆောင်၊ စေည် = စဉ်စီဟူသော အလယ်သရထူးခြားချက်၊ ရသေိ = ရသေ့၊ စေိစေိ = စေ့စေ့ ဟူသော အဆုံးသရထူးခြားချက်) စသည်တို့ဖြင့် အင်းဝခေတ်ကို ကိုယ်စားပြုထားသည်ဟု ထင်ပါသည်။
ဒုတိယပိုင်းသည်ကား အင်းဝခေတ်ကို ကိုယ်စားမပြု၊ ပုဂံခေတ်၊ ပင်းယခေတ်ဆိုသည့် ရှေးဟောင်းခေတ်တို့၏ ရေးထုံး ရေးစံကို ကိုယ်စားပြုလို၍ တုပရေးသားသည့် စာဖြစ်သည်ဟု ထင်ပါသည်။ ဤအပိုင်းတွင် ပုဂံခေတ်၊ ပင်းယခေတ်သုံး အတိုကောက် (င်္တ = တော်) ကို တွေ့ရပါသည်။ လဆွဲ သံယုတ်ကိုလည်း အများအပြား တွေ့ရပါသည်။ ဤသို့ ပုဂံ၊ ပင်းယ အမူအရာတို့ကို တုပသော်လည်း တုကား မတူပါ။ စာလုံးပေါင်းပုံကပင် မူမမှန်ပုံကို တချက်တချက် ထုတ်ဖော်ပြလျက် ရှိသည်ဟု ထင်ပါသည်။ အဘယ့်ကြောင့် ဆိုသော် (မင်းကြီး ကို မက္လီ၊ ကြမ္မာ ကို က္လံမာ၊ ပြီးသည် ကို ပ္လိ၊ မြင်းမို ကို မ္လင်မို၊ ခြောက်ခု ကို ခောက်) ဟု ရေးထိုးသည်ကို တွေ့ရသောကြောင့် ဖြစ်ပါသည်။
၁၃၉
ဤသည်တို့ကို ထောက်ချင့်ခြင်းအားဖြင့် မြန်မာစာပေသမိုင်းတွင် အထွတ်အထိပ် ကာလဟု ယူဆအပ်သော အင်းဝခေတ် သက္ကရာဇ် ၈၀ဝ ကျော် ၉၀ဝ ဆီတွင် ပညာရှင်တို့သည် ရှေးထုံး ရေးစံကို ပယ်ရမည်လည်း တကဏ္ဍ၊ လက်တွေ့အဖြစ်မှန်ကို လျစ်လျူပြုရမည်လည်း တကဏ္ဍနှင့် ဇဝေဇဝါ ဖြစ်နေသည်ကို တွေ့ရပါသည်။
ဤသို့ ဇဝေဇဝါဖြစ်သည့် အစိတ်အပိုင်းရှိသည့် နည်းတူ မြန်မာစာလုံးပေါင်းကို စံကိုက်ဖြစ်အောင် ကြံဆောင်လုပ်ကိုင်ခဲ့သော အစိတ်အပိုင်း ရှိသည်ကိုလည်း တွေ့ရပါသည်။ ဤအစိတ်အပိုင်းတွင် ဦးဆောင်ပုဂ္ဂိုလ်မှာ သျှင်မဟာရဋ္ဌသာရ ဖြစ်ပါသည်။ သျှင်မဟာရဋ္ဌသာရသည် စာသင်ပဌမချီသတ်ပုံ ကို ပြုစုကြောင်း အဆိုရှိသော်လည်း၊ ယခုရှာဖွေတွေ့ရှိရသော စာသင်ပဌမချှသတ်ပုံ စာမူတို့သည်ကား သျှင်မဟာရဋ္ဌသာရ၏ လက်နှင့် မလျော်သော စာတို့ဖြစ်ပါသည်။ ဂဇဗလအမတ်နှင့် သျှင်ဥက္ကံသမာလာတို့ကလည်း မိမိတို့၏ သတ်ညွှန်းတို့တွင် သျှင်ရဋ္ဌသာရသတ်ပုံဟု တပိုဒ်တလေ ထုတ်ဆောင်ကိုးကားကြသေးသည်။ အပြည့်အစုံကို မတွေ့ရပြီ။ သို့သော်လည်း သျှင်မဟာရဋ္ဌသာရ၏ လေးလုံးစပ် လင်္ကာအမျိုးမျိုးတွင် ပါဝင်သော ကာရန်နှင့် ခွဲထားတို့သည်ကား သျှင်မဟာရဋ္ဌသာရ၏ စည်းစနစ်ကျ အရိုးကျ စာလုံးပေါင်းတို့ ဖြစ်ပါသည်။
ကိုးခန့်ပျို့၊ အပိုဒ် ၂ လာ-သံမြတ်သာအိန့်၊ ဤသို့မိန့်၏။ ကျော်ထိန်အံ့ဘွယ်-ဆိုသော စပ်ထုံး၊ ယင်းပျို့၊ အပိုဒ် ၂၇၉ လာ-သက္ကသကြားမင်းနှင့်-စသည့် သိကြားနတ်မင်း ရေးထုံး...
၁၄၀
သံဝရပျို့ အပိုဒ် ၁၅၄ မှ ၁၆၄ အထိ အချို့အရာတွင် ဖော်ပြထားသော သဝေထိုး ဝဆွဲအမြစ် ၁၁ မျိုး ရေးထုံးတို့သည်လည်း ထိုခေတ် ထိုအခါက စာလုံးပေါင်းနှင့် ဆိုင်ရာ ဇဝေဇဝါစိတ်ကို ပယ်ဖျောက်ရန် မြန်မာစာရေးထုံးကို အကျယ်အပြန့် အလေးအနက် စနစ်တကျ သုတေသနပြုလျက် စုံစမ်းစစ်ဆေး ပြဋ္ဌာန်းထားချက်တို့ဖြစ်သည်ဟု ယူဆမှတ်ရန် အကြောင်းရှိပါသည်။ ထို့ကြောင့်လည်း နှောင်းသတ်ပုံ သတ်ညွှန်းဆရာတို့သည် သျှင်မဟာရဋ္ဌသာရကို ယုံကြည်စွာ အားကိုးလျက် ပုဗ္ဗာစရိယ သီဟာနံထဲတွင် ထိပ်တန်းက တင်ထားခြင်း ဖြစ်ပေလိမ့်မည်။
ဤအပိုင်းတွင်ပင် ကျောက်ရေး အက္ခရာတို့၌ မလွှတ်တမ်း ရေးထိုးလျက်ရှိသည့် အချက်တရပ်မှာ အတိုကောက်ရေးနည်း ပင်ဖြစ်ပါသည်။ တချို့သော အတိုကောက် ရေးနည်းတို့မှာ ပုဂံမှ ဆင်းသက်လာ၍ အချို့တို့မှာ နှောင်းခေတ် တိုးပွားချက်တို့ဖြစ်ပါသည်။ ဥပမာအားဖြင့်ဆိုလျှင် သဝေထိုးရေးချ ရှေ့ထိုးအောက် ကာရန်ကို ရှေ့ထိုးသဏ္ဌာန် တံခွန်တင်ရုံမျှဖြင့် ကိစ္စပြီးစေခြင်း။ သည်၊ လည်း တို့ကို သျ် ၊ လျ် ဟု ရေးခြင်း။ အား၊ ကား ရန်ကို ရေးချဖြုတ်၍ အး၊ ကး ဟု ရေးခြင်း။ သော ကို ၆ ဂဏန်းဖြင့်၎င်း၊ ကိုဝ် ကို ၉ ဂဏန်းဖြင့်၎င်း ဖလှယ်၍ ရေးခြင်းတို့သည် ထိုခေတ်တွင် အသုံးများသော အတိုကောက်စာလုံးပေါင်းတို့ ဖြစ်ပါသည်။
ထို့နောက်တွင် သတ်ပုံသတ်ညွှန်းဆရာတို့ တခါ တခါ မှတ်ကျောက်သဖွယ် ထုတ်ဆောင် ကိုးကားကြသော စာသည်...
၁၄၁
၁၀၁၂ ခုနှစ်တွင် တောင်ဖီလာဆရာတော် ရေးထိုးသည့် ကုန်းဘောင်မြို့ ရာဇမဏိစူဠာ ကောင်းမှုတော်ကြီး ကျောက်စာ ဖြစ်ပါသည်။ ဤကျောက်စာလာ စာလုံးပေါင်းတို့သည် အဝခေတ် ရေးထုံး၏ ပဲ့တင်သံဖြစ်သည်ဟု ယူဆရန် အကြောင်းရှိပါသည်။ သို့သော်လည်း ဖဦးထုပ်နှင့် ဘကုန်းကို လက်ခုပ်လက်ဝါး ရေးခြင်းမှာ ဤကျောက်စာ၏ ယိမ်းယိုင်ချက်ဖြစ်၍ ကုန်းဘောင်ခေတ် ဘကုန်းရေးထုံးကို ကြိုဆိုနေသကဲ့သို့ ရှိပါသည်။ တနည်းအားဖြင့် ဆိုသော် လမ်းပြနေသကဲ့သို့ ရှိပါသည်။
တောင်ဖီလာဆရာတော် နောက်တွင် ထင်ရှားသော ပုဂ္ဂိုလ်မှာ သက္ကရာဇ် ၁၀၅၀ ခန့်တွင် စတင် ထင်ပေါ်လာသည်ဟု ယူဆထိုက်သည့် ရွှေယင်မျှော်ရွာကြီးသား သျှင်ဥက္ကံသမာလာ ဆရာတော် ဖြစ်ပါသည်။ ယင်းဆရာတော်၏ သတ်ညွှန်းနှင့် ဝဏ္ဏဗောဓနသတ်အင်းတို့မှာ အထင်အရှား ရှိနေသည်ဖြစ်၍ ဤတွင်မဆိုတော့ပါပြီ။ သို့သော်လည်း ဤဆရာတော်နှင့် ခေတ်ပြိုင်လောက်တွင်ဟု ဆိုရာသည့် သက္ကရာဇ် ၁၁၀ဝ ခန့်တွင် စကူးပြီးသော သဗ္ဗညာဏံချသတ်ပုံဟောင်း စာမူ၌ တွေ့ရသည့် စာလုံးပေါင်းပုံ အထူးအဆန်းတို့ကို ထုတ်ဖော်တင်ပြလိုပါသည်။ (ဤသတ်ပုံဟောင်းအကြောင်းကို အထက်တွင် ဆိုခဲ့ပြီ။)
ယင်းသတ်ပုံဟောင်းအဆုံးတွင်- မှတ်လေကျစ်လစ်။ ပညာသစ်တိုဝ့်။ တစ်နှစ်ပေါက်ထိုးဝ်။ ဗိန္ဒုမျိုးဝ်ကိုဝ်။ အကြိုပ်အကြား။ တွံင်သာထားလော့။ သီးခြားစတေ။ သဝေ...
၁၄၂
အသတ်။ ကင်းလွတ်အလျောက်။ ရှေ့ပေါ်ကဲလေ။ မြင်သမျှ။ အောက်ကလွတ်လိမ့်။ စာကိုဝ်ဝယ်လွှတ် — စသည်ဖြင့် ညွှန်းဆိုခဲ့သည်။ ညွှန်းဆိုတိုင်းလည်း အောက်ပါ အတိုင်း ရေးထုံးပြုသည်ကိုတွေ့ရပါသည်။
ေးဈနာစမ့်နှံ။ ရေားမစွံ။ ေးဝလံမဆစ်စွက်။
ဘုရားအ့စေး၊ ချေးေ့မြေ့မြ၊ ချစ်ေ့သအနိုင်တူကျင့်။
ယခုအခါ ဉကလေး သတ်ရေးနေသော အဉ် ကာရန် ရေးရာတွင် ညကြီးသတ်အထက်တွင် ဗိန္ဓုတင်သည်မှာလည်း ထူးခြားချက်တရပ် ဖြစ်ပါသည်။ အောက်ပါ သုံးပေါက်ကို ရှုပါရဟတ်စက်ယျာည်ံ။ လူဝိညာည်ံ။ ဖိတ်စည်ံ
ဖျင်ပေပါပါ်ည်။
ဘကြီးတော်လက်ထက်တွင်ပြုစုသော ယုဒသန်၏အဘိဓာန်တွင် ဤနောက်ဆုံးရေးထုံးကို လက်ခံထားသည်ကို တွေ့နိုင်ပါသည်။ ယခုအခါတွင် ဉကလေးသတ်ရေးနေသော အဉ် ကာရန်၏ဖြစ်စဉ်မှာ အတော်ပြောင်းလဲခဲ့ရသည်ကို သတိပြုနိုင်ပါသည်။ ဥပမာ ပုဂံခေတ်တွင် ပျန်ဟုရေးသည်ကို နှောင်းခေတ်တို့တွင် ပျဉ်း၊ ပျဉ်း ၊ ပျဉ်၊ ပျဉ်ဟု အမျိုးမျိုး ရေးကြသည်ကို တွေ့ရပါသည်။
လူမှုကိစ္စအရပ်ရပ်တွင် အရပ်ရပ်တွင် အရိုးအစဉ်ကို ဖျောက်ဖျက်၍ အထူးအဆန်းကို မြင်တတ် ကြံတတ် ပြောဟောတတ်သောသူတို့ ပေါ်ပေါက်တတ်ပါသည်။ မြန်မာစာပေလောကတွင်
၁၄၃
လည်း ဤသို့သော ပုဂ္ဂိုလ်တဦးသည် ဟံသာဝတီရောက်မင်းတရား လက်ထက်တွင် ပေါ်ပေါက်ခဲ့ပါသည်။ ဤပုဂ္ဂိုလ်သည် "ရှေးပညာရှိတို့ စကားကို ပြစ်မှားလွန်းမည်ထင်သည်။ ယခုပညာရှိတို့နလုံးကို နှောင့်ရှက်သည်" ဟူ၍ စိန္တကျော်သူဦးဩက လေးလေးနက်နက် အပြစ်တင်၍ တွင်းသင်းမင်းကြီးဦးထွန်းညိုက ယင်းပုဂ္ဂိုလ်၏ ဝါဒသတ်ကို ချေပပယ်ဖျက်သောအားဖြင့် သတ်ညွှန်းသစ်တစောင်ရေးသားရသည်အထိ မြန်မာစာပေလောကကို ချောက်ချား တုန်လှုပ်စေခဲ့ လေသည်။ သို့သော်လည်း ယင်းပုဂ္ဂိုလ်၏အထူးအဆန်း တွေးတောချက်၊ အထူးအဆန်း ရေးသားချက်တို့သည် ကွယ်ပျောက်သွားသည်မရှိ။ အထူးအဆန်းကို ကြိုက်တတ် လိုက်တတ်သော သူတို့၏လက်တွင် ကျန်ခဲ့၍ ပုဂံခေတ်သို့ပင် ကူးစက်ခဲ့ပါသည်။ ယင်းပုဂ္ဂိုလ်ကား အခြားမဟုတ်။ သျှင်ဝိစိတ္တာစာရဟူ၍၎င်း၊ သျှင်ဝိစိတ္တာလင်္ကာရဟူ၍၎င်း အမည် ၂ မျိုးဖြင့် မှတ်တမ်းတင်ခံရသော ရဟန်းတော်ပင် ဖြစ်ပါသည်။
၁၄၄
သျှင်ဝိစိတ္တာစာရသည် အသတ်ခြောက်ပါးကို ပြသည့် သတ်နည်းထူးကို ရေးခဲ့ပါသည်။ (၁) ပရမတ်သံ (၂) ပညတ်သံ (၃) ဂရုသံ (၄) လဟုသံ (၅) အလိုရှိအပ်သော အသံ (၆) အလိုမရှိအပ်သော အသံဟူ၍ အသံ ၆ ပါးနှင့်အညီ အသတ် ၆ ပါး ရှိကြောင်းကို ဆို၍ ပင်လယ်ရေငင်ခြင်းသည် အလိုမရှိအပ်သဖြင့် သေးသေးတင်နှင့် ရေးသည်။ တွင်းရေ ကန်ရေငင်ခြင်းသည် သုံး၍ရသေးသဖြင့် အလိုရှိအပ်သည်ဖြစ်သောကြောင့် နသတ်နှင့် ငင်ရသည်ဟူ၍ ညွှန်ကြားပါသည်။
သျှင်ဝိစိတ္တာစာရသည် ဤကဲ့သို့ အထူးအဆန်း စကားတို့ကို ဆိုခဲ့ရာတွင် အရိုးအစဉ်ကို ကာကွယ်လိုသော ဆန္ဒကိုလည်း ပြခဲ့ပါသေးသည်။ ယခု မျက်မှောက်ခေတ်တွင် များစွာသော အရပ်သားတို့သည် မိမိတို့ပြောဆိုနေသော စကားသံကိုလိုက်၍ စာလုံးကို ပေါင်းနေကြသည်။ ပြည်းပြည်းကို ဖြေးဖြေးဟု ရေးနေကြသည်။ ကျွန်တော်၊ ကျွန်မ ကို ကျနော်၊ ကျမ ဟု ရေးနေကြသည်။ အလင်္ကာစကားဖြင့် ပြောရလျှင် ဂမ္မဒေါသသင့်သော ရေးနည်းတို့ဖြစ်ပါသည်။ ထိုဟံသာဝတီရောက် မင်းတရားလက်ထက်တွင်လည်း ဤသို့ပင် အသံထွက်စာလုံးပေါင်းများ အတော် ခေတ်စားနေပုံ ရပါသည်။ ထို့ကြောင့် သျှင်ဝိစိတ္တာစာရက ပါဠိဝိဂြိုဟ် ဤသို့ဝေဖန် ဖြစ်တင်ထားမြစ်ခဲ့ခြင်း ဖြစ်ရာပါသည်။
ဝိုင်း - ပြေ့ - ကြေ့- ရှေ၊ လောကေနတ္ထိ။
အနက်မှာ မြန်မာစာလုံးပေါင်း လောကတွင် ဝန်းသည် ဟူ၍သာ ရှိသည်။ ဝိုင်းသည်ဟူ၍ မရှိ။ ပြည်သည်ဟူ၍သာ ရှိသည်။ ပြေသည် ဟူ၍ မရှိ။ ကြည်ရှုသည် ဟူ၍သာရှိသည်။ ကြေရှုသည် ဟူ၍မရှိ။ ရှည်လျားသည် ဟူ၍သာ ရှိသည်။ ရှေလျားသည် ဟူ၍ မရှိ။
အခြားအခြားသော သတ်ပုံဆရာ သတ်ညွှန်းဆရာတို့၏ သတ်ပုံ သတ်ညွှန်း ကျမ်းများနှင့် ဝါဒများ အကြောင်းကို မြန်မာသတ်ထုံးအစဉ်အလာ ဟောပြောချက်တွင် တင်ပြထားပြီး ရှိပါသည်။
၁၄၅
မြန်မာစာလုံးပေါင်းသည် တခါဘူးမျှ အရာခပ်သိမ်းတွင် ခိုင်မြဲခဲ့သည် မရှိခဲ့။ နေပြည်တော်တွင်တမျိုး၊ တောကျေးလက်တွင်တမျိုး၊ လွှတ်တော် ရုံးတော်တွင် တမျိုး၊ ရဟန်းကျောင်းတွင်တမျိုး၊ အမျိုးမျိုး ဖြစ်ခဲ့ပါသည်။ အသွားအလာလာ မလွယ်ကူသောခေတ်၊ ပုံနှိပ်တိုက်မရှိ ပေပုရပိုက်တွင် စာရေးရသောခေတ်၊ ပညာကိုနှုတ်တိုက် အာဂုံဆောင်သော ခေတ်တွင် ဤသို့စာလုံးပေါင်း မခိုင်မြဲခဲ့သည်မှာ မထူးဆန်းလှဟု ထင်မှတ်ဖွယ် ရှိပါသည်။ ယခု အနုမြူခေတ်တွင်ကား ခိုင်မြဲတန်သလောက် ခိုင်မြဲမှ သင့်လျော်ပါမည်။ ခိုင်မြဲအောင်လည်း ကြိုးစားရည့် အခါသို့ ရောက်နေပါပြီ။
ယနေ့ မြန်မာစာလုံးပေါင်းပြဿနာသည် ရှေးရှေးခေတ်က ပြဿနာတို့ထက် ရှုပ်ထွေးခက်ခဲလျက် ရှိပါသည်။ ရှေးရှေးခေတ်တို့က လဆွဲသံယုတ်သံ ပြောကြသည်။ ပြောသည့်အတိုင်းရေးကြသည်။ စံကိုက်သည်။ ယပတ်လက်နှင့်ရကောက်ကို ခွဲခြား၍ဆိုကြသည်။ ဆိုသည့်အတိုင်းရေးကြသည်။ စံကိုက်သည်။ တသတ် ပသတ်၊ နသတ် မသတ် စသည်တို့ကို မိမိတို့၏ ဆရာများဖြစ်သော မွန်တို့နည်းတူ ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုခဲ့ကြရသည်။ ရွတ်ဆိုသည့် အတိုင်း ရေးခဲ့ကြပုံ ရသည်။ စံကိုက်သည်။ ယခုအခါတွင်ကား ထားဝယ်နယ်နှင့် အင်းလေးအရပ်တို့တွင် မှတပါး လဆွဲသံယုတ်သံကို မဆိုကြတော့ပြီ။ ရခိုင်နယ်တွင် မှတပါး ယပတ်လက်နှင့် ရကောက်သံတို့ကို မခွဲခြားတော့ပြီ။ မွန်တို့မှတပါး မြန်မာတို့သည် အသတ်ဆုံးသံကို ဌာန်ကရိုဏ်းနှင့်အညီ မဆိုကြတော့ပြီ။ ဤအထဲတွင်...
၁၄၆
ပါဠိသက္ကတ အလေ့အလာသည်လည်း တနေ့တခြားနည်းပါးလျက်လာလေပြီ။ မြန်မာစကားသံသည်လည်း အမှတ်မထင် ရွေ့ပါးလျက်သာရှိပါသည်။ ရှေးခေတ်အသီးသီးတွင် ရေးဆရာအသီးသီးတို့သည် ရှေးမူအသီးသီးနှင့် တပိုင်းစီ တစစီ ညှိနှိုင်းပြဋ္ဌာန်းခဲ့သော မြန်မာစာလုံးပေါင်း အမျိုးမျိုးအထွေထွေ အစိတ်စိတ်ကို တကျမ်းတည်း တစည်းတကမ်းတည်း ဖြစ်အောင် ညှိနှိုင်းပြဋ္ဌာန်းရမည့် တာဝန်သည် အလွန်ကြီးလေးသောတာဝန်ဖြစ်ပါသည်။ ကိစ္စသည်လည်း အလွန်ကျယ်ပြန့်နက်နဲသောကိစ္စဖြစ်ပါသည်။ ရာဇဝင်သမိုင်းကိုလည်း ဆင်ခြင်ရန်ရှိပါသည်။ ခေတ်ကာလ၏ လိုအင်ဆန္ဒကိုလည်း ဆင်ခြင်ရန်ရှိပါသည်။ ဘာသာစကားတို့၏ သင်္ခါရသဘောကိုလည်း ဆင်ခြင်ရန် ရှိပါသည်။ အဖက်ဖက်ကို ဆင်ခြင်၍ ညှိနှိုင်းပြဋ္ဌာန်းနိုင်မှ ယခုလူတို့လည်း လက်ခံနိုင်ကြပေမည်။ နောင်လာ နောက်သားတို့လည်း လက်ခံနိုင်ကြပေမည်။ [၁၉၆၄။]
မှတ်ချက်
ဒီစာကို ပုံရိုက်ပို့ပြီး AI ကို စာသားပို့ပေးခိုင်းရတယ်။ ကျေးဇူး။
ပြန်ပြင်ရတာတွေ မနည်းပါ။ လိုတာ ရှိသေးဦးမလားလည်း မပြောတတ်ပါ။ တွေ့ရင် ပြင်ပါမယ်။
မြန်မာစာဟာ ခေတ်တွေအရ ပြောင်းလဲပါတယ်။ ခေတ်သစ်ဆိုတိုင်းလည်း မှန်ချင်မှသာ မှန်ပါတယ်။
ပညာတတ်၊ ပညာရှင်တွေ ထွန်းကားတဲ့ခေတ်မှာ စာဟောင်းတွေကို သန့်စဉ်၊ တည်းဖြတ်၊ မွမ်းမံကြတာက ပိုပြီး မှန်ကန်၊ ရှင်းလင်း၊ လွယ်ကူတယ်။
ပညာတန်ဖိုးကို တမင်တကာနှိမ်ချလာတဲ့ ၁၉၆၀ ခုနှစ်ကျော်ကတည်းက မြန်မာစာဟာ ရောထွေး၊ ကျဆင်းလာပါတယ်။
ပညာရှင်၊ ပညာရှိနဲ့ အရာရှိ မတူပါ။
ရာထူး၊ တာဝန်၊ အာဏာရှိသူတွေကိုသာ အထင်ကြီး၊ ကိုးကွယ်၊ ယုံစားသူ များလှတဲ့ အခုခေတ်မှာ မြန်မာစာကို အလေးထားသူ၊ တန်ဖိုးသိသူ နည်းပါးလာတယ်။
အသစ်ဆိုတိုင်းကို မျက်စိမှိတ်၊ ဦးနှောက်ပိတ်ပြီး အမှားတွေကို အမှန်လို့ ထင်မှတ်မှားသူတွေ များလာတယ်။
ဆရာမင်းသုဝဏ်တို့ခေတ်မျိုး ပြန်လည်ရောက်ရှိလာနိုင်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment