- တင်ပါဦးဆိုလို့
စတဲ့ အသုံးစကား အရေးအသားမျိုးကို မကြာခဏ ဖတ်ရတယ်။
တကယ်ကို မေးလွန်းတာလား မသိပါ။
စကားပြောတဲ့အခါ နှုတ်ကျိုးတောမျိုး ရှိတယ်။
"စောစောကပြောခဲ့သလိုဘဲ" တဲ့။
အမှန်က စောစောက ဘာတခွန်းမှ မပြောသေးပါ။ အကျင့်ပါလို့ စကားပလ္လင်ခံတာ။
ကျွန်တော့ ကျန်းမာရေးမေးခွန်းတွေ တခုချင်းမှာ နေ့စွဲသာမက အချိန်နာရီပါ ရှိတယ်။
တခါတလေမှာ နေ့ရက်အတူမှာ ရောဂါတူမေးတာမျိုး လာတတ်တယ်။ ခုနှစ်တော့ မတူ။
အရပ်ဒေသအလိုက် စကားအသုံးတွေ တူကြလေ့ရှိတယ်။
ချင်းလူမျိုးတွေက သူတို့ဘာသာရေးအသုံး သုံးကြလေ့ရှိတယ်။ "ဘုရားသခင်"
အခုနေရတဲ့အရပ်မှာ စကားပြောဆိုတာ နားထောင်တာနဲ့ မလေးရှားကနေလာသူလို့ ထင်ရင် မှန်တာ များတယ်။ သူတို့က လူချင်းခွဲခါနီး နှုတ်ဆက်တဲ့အခါ "နောက်ကျမှတွေ့ကြမယ်" လို့ ပြောလေ့ရှိတယ်။
မေးကြည့်တော့ မလေးလူမျိုးတွေ နှုတ်စကားကို မြန်မာလို ပြောင်းပြောတာတဲ့။
ကျွန်တော်တို့လို နယူးဒေလီကလာတဲ့လူတွေကတော့ တမျိုး။ "နာမာစတေး"
ဆိုရှယ်မီဒီယာမှာ ရေးနေကြတယ်။ Hi par တဲ့။ Hi နဲ့ မပြီးဘူးလား။
Good night par တဲ့။ Good night နဲ့ မပြီးဘူးလား။
တချို့ကလည်း "မင်္ဂလာပါနော်" တဲ့။ "ပါ" နဲ့ "နော်" တွေက အပိုတွေ။
ယူအက်စ်အေကိုနေတာကြာပြီး အသက်ကြီးလူကြီးတဦးကတော့ အင်္ဂလိပ်လိုနှုတ်ဆက်ရတာကို သဘောကျပုံမရ။ ခွဲခါနီးရင် "ဂွတ်နိုက် ပေါ့ဗျာ" တဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment