Skip to main content

"ဘုရားသာရှိ တရားမရှိ"

(တင်မိုး)

ဆီလုံရပ် ဆွစ္စလော့ဂ်ျမှ

အသော့မြန်စွာ ထွက်ခွာသိမ်း

စန့်ဂျိမ်းဟိုတယ် ပြောင်းခဲ့တယ်။

ဆူခုမ်ဗစ်လမ်းတဲ့

ယောက်လမ်းနဲ့ခပ်ဆင်ဆင်

အာရှအသွင်ဆိုင်တန်းကလေးတွေ

လမ်းနံဘေးမှာခင်း

ထမင်းအ၀စား

တက္ကဆီကားတွေ ဆိုင်ကယ်တွေနဲ့

မြိုင်လယ်ဗွေမှာ သစ်ပင်ပန်းမာန်

ဝေဝေဆောဆာ

ပျော်စရာစခန်းပါပဲ။

ကောင်းကင်လမ်းမှာ ရထားပြေး

အများငေးရတဲ့ အင်ပိုရီယမ်

ဆူညံညံ ကားသံတွေကြားထဲ

သမီးလက်တွဲ မြေးလက်ဆွဲလို့

မရဲတရဲနဲ့ လမ်းဖြတ်ကူး

မရောက်ဖူးတဲ့ဒေသမို့

ဆွေပြ မျိုးပြ အလည်ထွက်သလိုပါ။

အရှေ့တောင်အာရှမှာ

မြန်မာက နောက်ကျန်

ရန်ကုန်က သေးနုပ်

သိင်္ဂုတ္တရ ကုန်းမြေပေါ်က

ရွှေတိဂုံစေတီတော်သာ မရှိခဲ့ရင်

ဇာတိပျောက် မာန်ပျောက်

ခေါက်ရိုးကျေ ကျပ်တန်နွမ်းလို

မျက်နှာပန်းလှနိုင်မှာမဟုတ်။

ရွှေတိဂုံနဲ့ ပုဂံ

မြန်မာမှာ ကျန်သေးလို့

ဇာတိမာန်မစို့တစို့

နှစ်ချို့ကလေးတွေ့နိုင်သေးတယ်

ခေတ်အရေးမှာတော့

တစ် မပြေးနိုင်တော့ပါတကား။

အလျှံတောက်နေတဲ့

ဘန်ကောက်ဆိုတဲ့မြို့ကြီး

စစ်မီးလဲမလောင်ဖူး

စစ်ရူးတွေလဲ မလွှမ်းမိုး

ရှေးရိုးပဒေသရာဇ်

ဘုရင်စနစ်ပင်ဖြစ်သော်လဲ

ဒီခေတ်မှာအမှီလိုက်

အကြည်ဆိုက်နေနိုင်မှုကြောင့်

သာဓုခေါ်ခဲ့ရပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံချင်းတော့ တူပါရဲ့

ကံကြမ္မာမတူတော့

မြန်မာဟူသမျှ မှေးမှိန်

ဂုဏ်သိက္ခာ သေးသိမ်ပြီး

ခွေးအိမ်မှာ စံရတဲ့အဆင့်ပါကလား။

ငါတို့မြန်မာနိုင်ငံ

သယံဇာတ ပေါကြွယ်၀

ဥတုရာသီကလဲမျှတ

စိတ်နေလဲ လှပါရဲ့။

ဘဝပေး ကုသိုလ်

ဘာတွေများလိုနေလို့

မပုတိုက နွားသိုးမွေး

အကုသိုလ်က အကျိုးပေးနေရပါလိမ့်။

ဘုရားသာရှိပေမဲ့

အမှားအတိနဲ့

တရားမရှိတဲ့နိုင်ငံရယ်လို့

အမှန်အတိုင်း မှတ်ချက်ချကြလျှင်

ဒေါသအမျက်

ခံနိုင်ခက်ကြလေမလား မသိ။ ။

(တင်မိုး ၃၁၊ ၁၊ ၂၀၀၁)

Ngwe Gaing

Great Shwedagon Pagoda, 1962

Oil on canvas Painting

(တင်ပေးထားသူ ကျေးဇူး)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ