ဆီလုံရပ် ဆွစ္စလော့ဂ်ျမှ
အသော့မြန်စွာ ထွက်ခွာသိမ်း
စန့်ဂျိမ်းဟိုတယ် ပြောင်းခဲ့တယ်။
ဆူခုမ်ဗစ်လမ်းတဲ့
ယောက်လမ်းနဲ့ခပ်ဆင်ဆင်
အာရှအသွင်ဆိုင်တန်းကလေးတွေ
လမ်းနံဘေးမှာခင်း
ထမင်းအ၀စား
တက္ကဆီကားတွေ ဆိုင်ကယ်တွေနဲ့
မြိုင်လယ်ဗွေမှာ သစ်ပင်ပန်းမာန်
ဝေဝေဆောဆာ
ပျော်စရာစခန်းပါပဲ။
ကောင်းကင်လမ်းမှာ ရထားပြေး
အများငေးရတဲ့ အင်ပိုရီယမ်
ဆူညံညံ ကားသံတွေကြားထဲ
သမီးလက်တွဲ မြေးလက်ဆွဲလို့
မရဲတရဲနဲ့ လမ်းဖြတ်ကူး
မရောက်ဖူးတဲ့ဒေသမို့
ဆွေပြ မျိုးပြ အလည်ထွက်သလိုပါ။
အရှေ့တောင်အာရှမှာ
မြန်မာက နောက်ကျန်
ရန်ကုန်က သေးနုပ်
သိင်္ဂုတ္တရ ကုန်းမြေပေါ်က
ရွှေတိဂုံစေတီတော်သာ မရှိခဲ့ရင်
ဇာတိပျောက် မာန်ပျောက်
ခေါက်ရိုးကျေ ကျပ်တန်နွမ်းလို
မျက်နှာပန်းလှနိုင်မှာမဟုတ်။
ရွှေတိဂုံနဲ့ ပုဂံ
မြန်မာမှာ ကျန်သေးလို့
ဇာတိမာန်မစို့တစို့
နှစ်ချို့ကလေးတွေ့နိုင်သေးတယ်
ခေတ်အရေးမှာတော့
တစ် မပြေးနိုင်တော့ပါတကား။
အလျှံတောက်နေတဲ့
ဘန်ကောက်ဆိုတဲ့မြို့ကြီး
စစ်မီးလဲမလောင်ဖူး
စစ်ရူးတွေလဲ မလွှမ်းမိုး
ရှေးရိုးပဒေသရာဇ်
ဘုရင်စနစ်ပင်ဖြစ်သော်လဲ
ဒီခေတ်မှာအမှီလိုက်
အကြည်ဆိုက်နေနိုင်မှုကြောင့်
သာဓုခေါ်ခဲ့ရပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံချင်းတော့ တူပါရဲ့
ကံကြမ္မာမတူတော့
မြန်မာဟူသမျှ မှေးမှိန်
ဂုဏ်သိက္ခာ သေးသိမ်ပြီး
ခွေးအိမ်မှာ စံရတဲ့အဆင့်ပါကလား။
ငါတို့မြန်မာနိုင်ငံ
သယံဇာတ ပေါကြွယ်၀
ဥတုရာသီကလဲမျှတ
စိတ်နေလဲ လှပါရဲ့။
ဘဝပေး ကုသိုလ်
ဘာတွေများလိုနေလို့
မပုတိုက နွားသိုးမွေး
အကုသိုလ်က အကျိုးပေးနေရပါလိမ့်။
ဘုရားသာရှိပေမဲ့
အမှားအတိနဲ့
တရားမရှိတဲ့နိုင်ငံရယ်လို့
အမှန်အတိုင်း မှတ်ချက်ချကြလျှင်
ဒေါသအမျက်
ခံနိုင်ခက်ကြလေမလား မသိ။ ။
(တင်မိုး ၃၁၊ ၁၊ ၂၀၀၁)
Ngwe Gaing
Great Shwedagon Pagoda, 1962
Oil on canvas Painting
(တင်ပေးထားသူ ကျေးဇူး)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment