[ပထမပိုင်း]
၁
လူသတ်မှု အစ
ကျွန်တော်သည် ထိုသူ၏အဖြေကို ကြားရသောအခါ ဦးစံရှား၏ တွေးလုံး မှန်ပါပေသည်ဟု ချီးမွမ်းမိသော်လည်း တမင် ‘ချိတ်လုပ်’ ၍ ကျွန်တော့်အား နှိမ်ခြင်းဖြစ်လေသလောဟု မသင်္ကာသလို ဖြစ်မိသေး၏။ သို့ရာတွင် ကျွန်တော်ကဲ့သို့သော လူတယောက်ကို အပင်တပန်းခံ၍ နှိမ်လောက်အောင် အကြောင်းကိုမူကား ရှာမတွေ့ချေ။
ကျွန်တော်သည် ဦးစံရှား၏မျက်နှာကို လှမ်းကြည့်လိုက်သောအခါ ဦးစံရှားမှာ ထိုသူ၏ဘဝကို ဖတ်ပြီးပြီဖြစ်သဖြင့် စဉ်းစားတွေဝေဟန်နှင့် ရှိနေလေ၏။ကျွန်တော်။ ။ “ခုနင်ကလူကို ခင်ဗျား ဘယ်နှစ်ခါ တွေ့ဖူးသလဲ”
ရှား။ ။ “ဒီတခါဘဲ တွေ့ဖူးတယ်”
ကျွန်တော်။ ။ “ခင်ဗျားတွေးပုံနည်းလမ်း ပြောပြစမ်းပါဦးဗျာ”
ရှား။ ။ “နှစ်နဲ့နှစ်ပေါင်းရင် ဘာကြောင့် လေးဖြစ်တယ်ဆိုတာ ရှင်းပြစမ်းပါဆိုရင် အဖြေရခက်သလိုဘဲ။ ကျုပ်ဟာကလဲ သူတပါးကို ရှင်းပြဖို့ ခပ်ကြပ်ကြပ်ပါဘဲ။ ဘယ်သူမဆို ဆပ်ကျောင်းမှာနေပြီး သုံးလေးနှစ်
လောက် ပုလိပ်လုပ်လိုက်ရင် ကြည့်တတ်တဲ့လူ မျက်ထဲမှာ ပုလိပ်ရိုက်ကြီး ထင်ရှားလွန်းလို့”အောက်ခြေမှတ်စုပါ စာသားများ
ဤဝတ္ထု၏ ပထမမူသည် သူရိယမဂ္ဂဇင်း၊ ၁၉၁၇ အောက်တိုဘာ-နိုဝင်ဘာ၊ အတွဲ ၁ အမှတ် ၈-၉ လာ ‘မြို့ပတ်လမ်း လူသတ်မှု’ မောင်စံရှား စုံထောက်ပုံ ဖြစ်သည်။ ရှုမဝ မဂ္ဂဇင်း၊ ၁၉၅၄ မတ်-မေ၊ အတွဲ ၇ အမှတ် ၈၂-၈၄ တွင် ‘မြို့ပတ်လမ်း လူသတ်မှု’ အမည်ဖြင့် ပြန်လည်ရေးသားသည်။ သူရိယမဂ္ဂဇင်းမူကိုပင် မြန်မာပြည်စာအုပ်တိုက်မှ ပထမတွဲတွင်လည်းကောင်း၊ နှလုံးလှစာအုပ်တိုက်မှ ပထမတွဲတွင်လည်းကောင်း ‘ဘေကာဒီရလမ်း လူသတ်မှု’ အမည်ဖြင့် ဖော်ပြသည်။ မူရင်းမှာ A Study in Scarlet ဖြစ်သည်။ ယင်းသည် ကိုနင်ဒွိုင်းလ်၏ ရှားလော့ဟုမ်း ဝတ္ထုများတွင် ပထမဆုံး ဝတ္ထု(ရှည်) ဖြစ်သည်။ ထိုအတူ ဆရာကြီး ရွှေဥဒေါင်း၏ စုံထောက်ဦးစံရှားဝတ္ထု အဖြစ်လည်း ပထမဦးဆုံး ဖြစ်သည်။ ၁၉၃၂ ခုနှစ်က သူရိယပုံနှိပ်တိုက်က ‘စုံထောက်မောင်စံရှား’ အမည်ဖြင့် လုံးချင်းစာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေသည်။ ဤဝတ္ထုကိုပင် ၁၉၇၂ ခုနှစ်က စာရေးဆရာ စိုးမြိုင်က ‘စုံထောက်ကြီး ရှားလော့ဟုမ်းနှင့် သွေးစက်ခြေရာ စာမျက်နှာ’ အမည်ဖြင့် တိုက်ရိုက် မြန်မာပြန်ဆို ထုတ်ဝေခဲ့ဖူးသည်။
၂။ ဘောင်ဒရီလမ်း လူသတ်မှု
‘ပုလိပ်၊ ပုလိပ်၊ ပုလိပ်’ လို့ အော်ပြောနေသလိုဘဲဗျ။ ပြီးတော့ သူ့ကိုယ်ဟန် အနေအထားရယ်၊ ကြိတ်တုတ် ကလေးဝင့်ပုံရယ် ထောက်လိုက်ပြန်တော့ ပုလိပ်ထဲမှာ တော်တော်ကလေး ဩဇာအာဏာပေးခဲ့ရတဲ့ အထဲကလို့ ဆိုရလိမ့်မယ်။ သို့သော် သူ့ကိုယ်မှာ ဝတ်ထားတဲ့ အဝတ်အစားက ခပ်နွမ်းနွမ်း၊ ခပ်ချာချာ ဖြစ်လေတော့ ဧကန္တ ရာထူးလက်ကိုင်ရှိတဲ့ ရာဇဝတ်အုပ်တယောက် မဟုတ်ဘူးလို့ ဆိုရမယ်။ အဲဒါကြောင့် ကျုပ်က ရာဇဝတ်အုပ် လူထွက်လို့ အကဲခတ်လိုက်တာ ဟုတ်နေတာ တွေ့ရတယ် မဟုတ်လား။ သို့သော် ဒီဟာတွေဟာ ခင်ဗျားကို ရှင်းပြနေရတော့ ကြာတယ်ဗျ။ ကျုပ်စိတ်ထဲမှာတော့ ဖြတ်ကနဲဆို မြင်လိုက်ရင် ဖျပ်ကနဲဆို တွေးပြီးသား ဖြစ်နေတာဘဲဗျ။ ဒါ ဘာကြောင့်လဲဆိုတော့ အကျင့်ဗျ”
ကျွန်တော်။ ။ “အံ့လောက်ပါပေဗျာ”
ရှား။ ။ “ဘာမှ အံ့ရာမရှိဘူး။ ကတ္တိုးခပ်နွမ်းနွမ်းကလေး တခု ရှိသေးတယ်။ အော် - ဒါထက်၊ ကျုပ်တို့ ဆီမှာ အမှု ဆန်းဆန်းပြားပြား မရှိဘူးလို့ ကျုပ် ခုနင်က ပြောမိတာ မှားဟန်ရှိသဗျ။ ရော့၊ ဖတ်ကြည့်စမ်း ဟောဒီစာ”
ကျွန်တော်သည် ဦးစံရှား၏ လက်မှစာကို လှမ်းယူဖတ်ကြည့်ရာ အောက်ပါအဓိပ္ပာယ်အတိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည်ကို တွေ့ရလေ၏။
မိတ်ဆွေကြီး ဦးစံရှား
ဦးပြားတောရအနီး ဘေကာဒီရလမ်း ‘ကိုးဇီးဗီလာ’ ခေါ် အိမ်တွင် ယမန်ညဉ့်က အမှုတခု ဖြစ်ပွားကြောင်း။ ညဉ့်နှစ်နာရီအချိန်ခန့်တွင် ထိုအကွက်ဆိုင်ရာ ပုလိပ် ဘတန်းဆင်သည် လူမနေသော ‘ကိုးဇီးဗီလာ’ အိမ်တွင်းမှ မီးရောင်မြင်သဖြင့် မသင်္ကာသည်နှင့် သွားကြည့်ကြောင်း။ ပွင့်လျက်ရှိသောတံခါးမှ ဝင်သွားသောအခါ အိမ်ထောင်ပစ္စည်း တခုမျှမရှိသော ရှေ့ခန်း၌ ကြမ်းပေါ်တွင် ဝတ်ကောင်းစားကောင်းနှင့် အလောင်းတခု တွေ့ရကြောင်း။ အလောင်းမှာ ဗိုလ်လိုဝတ်ထားသော ကုလားလူမျိုးတယောက် ဖြစ်ရာ အင်္ကျီအိတ်တွင်း၌ ‘ဝေသာကာပါတလိပ်ပုတ္တရ၊ ရာဇပုတ္တန္တ’ ဟူသော စာလုံးများကို အင်္ဂလိပ်လို ရိုက်နှိပ်ထားသည့် ကားဒ်ကလေးများ တွေ့ရကြောင်း။ အလောင်း၏ လက်ဝဲဘက် လက်သန်းတွင် စိန်လက်စွပ်တကွင်း၊ လက်တွင် စိန်ကြီးတပ်ထားသည့် ရွှေလက်ပတ်နာရီ၊ အိတ်ထဲတွင် ငွေစက္ကူ တဆယ်တန် ငါးချပ်တို့ကို တွေ့ရသောကြောင့် လုယက်ရန် အကြံမရှိကြောင်း ထင်ရှားသည့်ပြင် မည်သည့်နည်းနှင့် သေဆုံးသည်ဟု ခန့်မှန်းနိုင်ရန် ဖက်သုလည်း တစုံတခုမျှ မတွေ့ရကြောင်း။ သို့ပါလျက် ကြမ်းပြင်ပေါ်တွင် သွေးစက်များ တွေ့ရကြောင်း။ ဤသူသည် မည်သို့သော အကြံအစည်နှင့် လူမနေသော ဤအိမ်တွင်းသို့ ဝင်ရောက်နေခြင်းကိုလည်းကောင်း၊ မည်သည့်အတွက် သေဆုံးကြောင်းကိုလည်းကောင်း မတွေးတောနိုင်အောင် ဖြစ်နေကြောင်း။ ၁၂ နာရီမထိုးမီ မည်သည့်အချိန်မဆို ‘ကိုးဇီးဗီလာ’ အိမ်သို့ လာရောက်နိုင်ပါလျှင် ကျွန်တော်နှင့် တွေ့မည်ဖြစ်ကြောင်း။ ဆရာ့ထံမှ သတင်းမကြားရမီ အစစ အရာရာကို နဂိုအတိုင်းထားဘို့ အမိန့်ပေးထားပါကြောင်း။ အကယ်၍ ဆရာကိုယ်တိုင် မလာနိုင်ခဲ့ပါလျှင်လည်း အကြောင်းခြင်းရာကို စုံလင်စွာ ကျွန်တော်ပြောပြပြု၍ ဆရာ့၏ ထင်မြင်ချက် ကြားသိရလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
ဆာ အာသာ ကောနန် ဒွိုင်းလ် (Sir Arthur Conan Doyle) ၏ A Study in Scarlet ကို ဆရာကြီး ရွှေဥဒေါင်း က မြန်မာမှုပြု ဘာသာပြန်ဆိုထားသည့် "စုံထောက်ဦးစံရှား" ဝတ္ထုမှ ပထမဆုံးအခန်း ဖြစ်ပါသည်။
ပုဂံတိုက်ထုတ်တဲ့ မူရင်းစာအုပ် လက်ထဲမှာ ရှိပါတယ်။ စာမျက်နှာပေါင်း ၉၈၈ ပါတယ်။ ပထမအကြိမ် ၁၉၇၄ ခုနှစ်က ထုတ်တယ်။
တအုပ်လုံးမှာ ရေးသားထားတဲ့ စာလုံးပေါင်းသတ်ပုံတွေက အမှန်ဖြစ်ကြောင်း သက်သေပြလိုက်ပါတယ်။
ပြန်ထုတ်တွေ၊ ကိုးကားတွေ၊ ပြန်တင်တွေက စာလုံးပေါင်းသတ်ပုံတွေကို ထင်သလို ပြင်ထားကြတယ်။ မလုပ်ကောင်းပါ။ မလုပ်ရပါ။
ကိုယ်ရေးတတ်ရင် ကိုယ့်သတ်ပုံနဲ့ ထင်သလိုသာ ရေးပါလေ။
AI ကလည်း
လူတစ်ယောက်ကို
ရာဇဝတ်အုပ်တစ်ယောက်
တစ်ခု ရှိသေးတယ်
အမှုတစ်ခု ဖြစ်ပွားကြောင်း
ဤပုံမှာ ဆရာကြီး ရွှေဥဒေါင်း ၏ စုံထောက်ဝတ္ထုမှ စာမျက်နှာ"တစ်ခု" ဖြစ်ပါသည် တဲ့။
AI လည်း နှာခေါင်းစည်းမပါ၊ လက်မဆေးတော့ မြန်မာစာနဲ့ ရေးသားသူ ၉၅% ဆီကနေ "တစ်ရောဂါ"ကူးစက်ခံထားရတယ်။ ကာကွယ်ဆေး မတိုး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment