လကမ္ဘာပေါ်မှ မြင်တွေ့ရသော ကမ္ဘာမြေ၏ ပုံရိပ်နှင့် ကမ္ဘာမြေမှ မြင်တွေ့ရသော လမင်း၏ ပုံရိပ်တို့အကြား ထူးခြားသော ကွာခြားချက်များ
လကမ္ဘာပေါ်မှ ကြည့်လျှင် ကမ္ဘာမြေသည် ဟင်းလင်းပြင် အနက်ရောင်ထဲတွင် မလှုပ်မယှက် တည်ရှိနေသော အပြာနှင့် အဖြူရောင် ရောယှက်နေသည့် အလွန်ကြီးမား တောက်ပသော လုံးဝန်းသည့် အရာတခုအဖြစ် မြင်တွေ့ရပါသည်။ ၎င်းသည် ကမ္ဘာမှ မြင်ရသော လ၏ အရွယ်အစားထက် ၁၃ ဆခန့် ပို၍ ကြီးမားပါသည်။
ကမ္ဘာမြေသည် မိမိဝင်ရိုးပေါ်တွင် လည်ပတ်နေပြီး လကမ္ဘာမှ ကြည့်လျှင် ၂၇ ရက်လျှင် တကြိမ်နှုန်းဖြင့် လပြည့်၊ လကွယ်ကဲ့သို့သော အဆင့်ဆင့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေပါသည်။ ကမ္ဘာမြေသည် လ၏ မျက်နှာစာတဖက်တွင်သာ အမြဲတမ်း တည်ရှိနေပြီး ထွက်ခြင်း၊ ဝင်ခြင်း မရှိဘဲ တနေရာတည်းတွင်သာ ကပ်ငြိမ်နေသကဲ့သို့ မြင်ရပါသည်။
လကမ္ဘာပေါ်မှ မြင်ရသော ကမ္ဘာမြေ၏ ထူးခြားချက်များ
လသည် ကမ္ဘာကို မျက်နှာစာ တဖက်တည်းဖြင့်သာ အမြဲတမ်း မျက်နှာမူ၍ လှည့်ပတ်နေခြင်း (Tidally locked) ကြောင့် လပေါ်မှ ကြည့်လျှင် ကမ္ဘာမြေသည် ထွက်ပေါ်လာခြင်း သို့မဟုတ် ဝင်သွားခြင်း မရှိဘဲ ကောင်းကင်တွင် တနေရာတည်း၌သာ ငြိမ်သက်စွာ ရှိနေပါသည်။ (လ၏ တုံ့ခါမှုကြောင့် အနည်းငယ်မျှသာ လှုပ်ရှားသကဲ့သို့ မြင်ရနိုင်ပါသည်။)
ကျွန်ုပ်တို့ ကမ္ဘာမှ လ၏ အဆင့်ဆင့် ပြောင်းလဲမှုကို မြင်ရသကဲ့သို့ လပေါ်မှလည်း ကမ္ဘာ၏ အဆင့်ဆင့် ပြောင်းလဲမှုကို မြင်ရပါသည်။ ကမ္ဘာမှ "လပြည့်" ကို မြင်ရချိန်တွင် လပေါ်မှ "ကမ္ဘာကွယ်" (အမှောင်ကျနေသောကမ္ဘာ) ကို မြင်ရမည် ဖြစ်ပြီး၊ ကမ္ဘာမှ "လကွယ်" ချိန်တွင် လပေါ်မှ "ကမ္ဘာပြည့်" (တောက်ပသောကမ္ဘာ) ကို မြင်ရမည် ဖြစ်ပါသည်။
ကမ္ဘာမြေသည် ကမ္ဘာမှ မြင်ရသော လထက် များစွာ ပို၍ တောက်ပပါသည်။ အဖြူရောင် တိမ်တိုက်များ၊ အဖြူရောင် ရေခဲပြင်များနှင့် နက်ပြာရောင် သမုဒ္ဒရာများကို ထင်ရှားစွာ မြင်တွေ့နိုင်ပါသည်။
လပေါ်မှ ကြည့်သူတဦးသည် အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာပေါ်ရှိ တိုက်ကြီးများနှင့် ရာသီဥတု ဖြစ်စဉ်များ တရွေ့ရွေ့ လည်ပတ်နေသည်ကို မြင်တွေ့ရပါလိမ့်မည်။
"ကမ္ဘာမြေထွက်ခြင်း" (Earthrise) သည် ဖြစ်တောင့်ဖြစ်ခဲဖြစ်ခြင်း
လ၏ မျက်နှာပြင်ပေါ်တွင် ရပ်နေသူတဦးအတွက် ကမ္ဘာသည် တနေရာတည်းတွင်သာ ရှိနေပါမည်။ အာပိုလို (Apollo) ဓာတ်ပုံများတွင် ပါဝင်သော ကျော်ကြားသည့် "ကမ္ဘာမြေထွက်ခြင်း" ပုံရိပ်မှာ လကို ပတ်၍ ပျံသန်းနေသော အာကာသယာဉ်ပေါ်မှသာ မြင်တွေ့နိုင်ခြင်း ဖြစ်ပါသည်။
ကမ္ဘာမြေမှ မြင်ရသော လမင်း၏ ပုံရိပ်
လသည် ကမ္ဘာကို ပတ်၍ သွားနေစဉ် ၂၉.၅ ရက်လျှင် တကြိမ်နှုန်းဖြင့် လကွယ်၊ လဆန်း၊ လပြည့် စသည့် အဆင့်ဆင့် ပြောင်းလဲမှုများကို မြင်တွေ့ရပါသည်။
လသည် မိမိဝင်ရိုးပေါ်တွင် လည်ပတ်သည့် အချိန်နှင့် ကမ္ဘာကို ပတ်သည့် အချိန်မှာ တူညီနေသဖြင့် ကျွန်ုပ်တို့သည် လ၏ မျက်နှာစာ တဖက်တည်းကိုသာ အမြဲတမ်း မြင်တွေ့ရပါသည်။
လပေါ်ရှိ ချိုင့်ခွက်ကြီးများ၊ ပင်လယ်ဟု ခေါ်သော အမှောင်ပြင်များနှင့် ကုန်းမြင့်ဒေသများကို မြင်တွေ့နိုင်ပါသည်။
ကောင်းကင်ယံတွင် လ၏ အရွယ်အစားမှာ ၀.၅ ဒီဂရီခန့် ရှိပြီး နေမင်း၏ အရွယ်အစားနှင့် အနီးစပ်ဆုံး တူညီပါသည်။
ကျွန်ုပ်တို့ဟာ မိမိကို တခြားသူတွေက ဘယ်လိုမြင်သလဲ သိကြရပါမယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment