တခြားတိုင်းပြည်တခုမှာနေတဲ့ မိတ်ဆွေတဦးက ပို့ပါတယ်။
(စ) "ပိုက်ဆံရှာ"ဆို သောစကား၏ဆိုလိုရင်းအဓိပ္ပါယ်ကို ယခုခေတ်မြန်မာအများစုမသိကြတော့ပေ။ အထူးသဖြင့်အမျိုသမီးများက "ကျွန်မတို့ 'ပိုက်ဆံရှာ'ဖို့ နိုင်ငံခြားထွက်လာတာ" ဆိုသောစကားကို ကြားရသော အခါ ကျွန်တော့်မှာ ဖဦးထုပ်ကို ရရစ်မပါသော စသတ်ဖြင့် 'ဖစ်မှဖစ်ရလေ' ဟုသာ ရေရွတ်ရတော့မလို ဖြစ်သွားရပါ၏။ အကြောင်းမှာ "ပိုက်ဆံရှာ"ဆိုသောဘန်းစကား၏အဓိပ္ပါယ်မှာ "ခန္ဓာကိုယ်နှင့်ရင်းကာ ငွေရှာသည်၊ ပြည့်တန်ဆာလုပ်သည်"၊ အရှင်းဆုံးနှင့်ခပ်ကြမ်းကြမ်းပြောရလျှင် "ဖာ" ဟုဆိုလို သောကြောင့်ပင်တည်း။ (ဆုံး)
ထောက်ပြချက်က မှန်တယ်။
"ပိုက်ဆံရှာ"ဆိုတဲ့ အသုံးစကားဟာ ရိုင်းတယ်။ ကိုယ်နဲ့ရင်းပြီး ပိုက်ဆံရှာတာ။
အခုခေတ်မှာ စကားလုံးအသုံး မူရင်းကို မသိကြတော့ အလွယ်သုံးနေကြတယ်။
၁။ အစဉ်အလာအသုံးနှင့် အနိမ့်အယူအဆ
ရှေးက "ပိုက်ဆံရှာသည်" ဆိုသော စကားကို သုံးနှုန်းရာတွင် မိမိ၏ ကိုယ်ခန္ဓာ သို့မဟုတ် သိက္ခာကို ရင်း၍ ငွေကြေးရယူခြင်း (ဥပမာ - ပြည့်တန်ဆာလုပ်ငန်း သို့မဟုတ် အောက်တန်းကျသော နည်းလမ်းဖြင့် ငွေရှာခြင်း) ကို ရည်ညွှန်းလေ့ရှိပါတယ်။ ထို့ကြောင့် လူကြီးမိဘများက "ပိုက်ဆံရှာတယ်" လို့ မသုံးနှုန်းဘဲ "စီးပွားရှာတယ်"၊ "လုပ်ကိုင်စားသောက်တယ်" လို့သာ ယဉ်ကျေးစွာ သုံးနှုန်းခဲ့ကြတာ ဖြစ်ပါတယ်။
၂။ "စီးပွား" နှင့် "ပိုက်ဆံ" ကွာခြားချက်
စီးပွားရှာခြင်း: ကြီးပွားချမ်းသာဖို့၊ တိုးတက်ဖို့အတွက် သိက္ခာရှိရှိ အားထုတ်ခြင်း (Prosperity/Wealth building)။
ပိုက်ဆံရှာခြင်း: ဝမ်းရေးအတွက် ကြုံရာနည်းလမ်းဖြင့် ငွေကြေးရရှိရန်သာ အဓိကထားခြင်း (Mere money-making)။
၃။ ခေတ်သစ်တွင် မူရင်းပျောက်ကွယ်မှု
အခုခေတ်မှာတော့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်း မသိကြတော့ဘဲ အင်္ဂလိပ်စာလုံး "Making Money" ကို တိုက်ရိုက်ဘာသာပြန်ဆိုသလိုမျိုး အသုံးပြုနေကြတာပါ။ ဒါကြောင့် အဆင့်မြင့်အလုပ်အကိုင် လုပ်ကိုင်သူတွေကပင် "ငါ ပိုက်ဆံရှာနေရလို့ မအားဘူး" ဆိုတဲ့ စကားကို ဘာမှမထူးခြားသလို ပြောဆိုနေကြတာကို တွေ့ရပါတယ်။
ဘာသာစကားတခုမှာ အနက်အဓိပ္ပါယ်တွေ လျောကျလာတာဟာ စာပေနဲ့ ယဉ်ကျေးမှု အခြေခံအားနည်းလာတာကြောင့် ဖြစ်နိုင်ပါတယ်။ "ကိုယ်နဲ့ရင်းပြီး ရှာတာ" ဆိုတဲ့ မူလအဓိပ္ပါယ်ကို သိရင်တော့ ဒီစကားကို သုံးနှုန်းဖို့ ဝန်လေးကြမှာ အမှန်ပါ။
မှတ်ရန်
မြန်မာစာ၊ အရေးအသား၊ အသုံးစကား၊ အသံထွက်တွေဟာ ကျယ်ပြန့်တယ်။ လေးနက်တယ်။ သိမ်မွေ့တယ်။ နက်နဲတယ်။
ပညာရေးနိမ့်ကျ၊ ယဉ်ကျေးမှုပါ နိမ့်ကျလာတယ်။
စဉ်းစားတွေးခေါ်မှုလည်း တိမ်လာတယ်။
အလွယ်၊ အဖြစ်၊ သူများပြောတာလိုက်ပြောတဲ့ အဆင့် မဖြစ်သင့်ပါ။
စစ်မှန်တဲ့၊ အဆင့်မြင့်တဲ့ ပညာရေးကို တက်လှမ်းကြပါရန်။
မြန်မာစာအပါအဝင် ကျောင်းစာတွေသင်ကြားရာမှာလည်း တော်လှန်ရေးတရပ် လိုအပ်နေပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment