မြက်ခြောက်များ အပြည့်ထည့်ထားသော မြက်စားခွက်တခုအတွင်း၌ ခွေးတကောင်သည် အိပ်ပျော်နေ၏။ ထိုစဉ် လယ်ကွင်းအတွင်း အလုပ်လုပ်ကြသဖြင့် ပင်ပန်းနွမ်းနယ်၍ ဆာလောင်မွတ်သိပ်နေသော နွားအုပ်သည် ပြန်လည်ရောက်ရှိလာပြီး ခွေးအား နှိုးလိုက်မိလေသည်။
သို့သော် ထိုခွေးသည် နွားများအား မြက်စားခွက်အနီးသို့ အကပ်မခံဘဲ၊ ထိုမြက်ခြောက်များသည် မိမိအတွက် အကောင်းဆုံးသော အသားနှင့် အရိုးများသဖွယ် သဘောထားကာ ဟိန်းဟောက်ကိုက်ခဲရန် ကြံစည်နေလေတော့သည်။
နွားများသည် ထိုခွေးအား ရွံရှာစက်ဆုပ်စွာ ကြည့်ရှုကြပြီးလျှင် -
"သူသည် အလွန်အတ္တကြီးပါပေ၏။ သူကိုယ်တိုင်လည်း ဤမြက်ခြောက်များကို မစားနိုင်ပါဘဲလျက်၊ အမှန်တကယ် ဆာလောင်နေသည့် ငါတို့အားလည်း အစားမခံဘဲ နှောင့်ယှက်နေပါတကား" ဟု တကောင်က ပြောဆိုလေသည်။
ထိုခဏ၌ လယ်သမားသည် ရောက်ရှိလာ၏။
ခွေး၏ ပြုမူပုံကို မြင်တွေ့ရသောအခါ လယ်သမားသည် တုတ်ကိုယူ၍ အတ္တကြီးသော ထိုခွေးအား နွားတင်းကုပ်အပြင်သို့ ရိုက်နှက်မောင်းထုတ်လိုက်လေတော့သတည်း။
သင်ခန်းစာ။ ။ မိမိကိုယ်တိုင်လည်း မခံစားနိုင်၊ အသုံးမပြုနိုင်သည့် အရာတခုအပေါ်တွင် သူတပါးအား မရရှိစေရန် ငြူစူခြင်း မပြုသင့်ပေ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment