Skip to main content

တို့မလေး

အိမ်ခေါင်မိုးမှာ၊ သူထိုးလာသည်

ပေလွှာစာချပ်၊ အဝေးရပ်က

ဆံဖြတ်မောင် ရေး၊ အလွမ်းတေးကို

မလေး ဖတ်နိုင်ခဲဖူးပြီ။

ရွှေဝသို့သွား၊ ချစ်သူအားလျှင်

မှာကြားပို့လေ၊ လွမ်းစာခွေဟု

မပြေမလှ၊ နွဲ့လျလျနှင့်

မိန်းမလက်ရေး၊ ငယ်သေးသေးကို

မလေး ခြစ်နိုင်ခဲဖူးပြီ။

သို့ပင်ဖြစ်လည်း

ချစ်သူနှင့်ဝေး၊ တို့မလေးကား

ရေးလည်းမတတ်၊ ဖတ်မတတ်နှင့်

စာငတ် ပေငတ်၊ အသိငတ်သည်

မတ်တတ်ခြောက်သည့် သစ်ပင်လို။

ကံ ထောက်မ၍၊ ဤယနေ့မူ

နွေငွေ့လျှပ်လျှပ်၊ ပူစပ်စပ်တွင်

ထန်းပလပ်ရိပ်၊ တမာရိပ်၌

ချစ်ရိပ်ခိုဝင်၊ စာကိုသင်သော်

မပင်မပန်း၊ အမြင်ဆန်းသည်

မျက်ကန်းမလေး မြင်လေပြီ။ (မင်းသုဝဏ်)

ကဗျာဆရာကြီးများ၏ ကဗျာများစုစည်းမှုမှာ "ရေးလည်းမတက်၊ ဖတ်မတတ်နှင့်" လို့ ရေးထားတာ ကသတ်နဲ့ တသတ် မှားနေတယ်။ ပုံအဆင်ပြေတာ မရသေးပါ။

ဒေါက်တာတင့်ဆွေ

Comments