သူက ၁၉၇၃ ဆင်း။ ကျွန်တော်က ၁၉၇၂ ဆင်း။ သူက ၁ နှစ်ပဲ ငယ်တာပေါ့။ ဒါဆို သူက အသဲ ဒေါက်တာခင်မောင်ဝင်းတို့နဲ့ အတန်းတူမယ် ထင်တယ်ဗျာ။
ဟုတ်။
ကျွန်တော်က ၁၉၆၅ မှာ ဆေးကျောင်းရောက်ပြီး နောက်တနှစ်ကျမှ အဆောင်နေတယ်။ မန္တလေး ဖါးသာလဖုန်းမှာ အရင်နေရသေးတယ်။ ကျွန်တော်နဲ့ ကုတင်ချင်းကပ်မှာက ကျောင်းသားသစ်၊ စိုင်းလိတ် ခေါ် စိုင်းခမ်းလိတ်။ သူက ရှမ်းဘောင်းဘီကို အမြဲဝတ်တယ်။ ပုလွေတိုတချောင်းနဲ့။ တခါတခါ ဂီတာတလက်နဲ့ အမြဲတွေ့တယ်။ ညမအိပ်ခင်ဆိုရင် သူ့အိပ်ရာပေါ်က ဗလာစာရွက်လေးတွေမှာ သီချင်းစာသားတွေ။ အေဘီစီဒီ နုတ်နဲ့ ရေးထားတာ။ ကျွန်တော်က ဘယ်သိမလဲ။
နောက်တယောက်က ဂျွန်တင့်ဆွေ။ ခုံနံပတ်ရှေ့ဆင့်နောက်ဆင့်။
နောက်တယောက်က ၂ တန်းကြီးတဲ့ ကိုခင်အောင်ချိုက ကျွန်တော်နဲ့ ရုပ်ချင်းဆင်တယ်။ မတူတာက သူက စောင်းတီး ကောင်းတယ်။ သူကလည်းရှမ်း။ ကျွန်တော်က တေးဂီတမှာ ညံ့တယ်။ ရှမ်းသူငယ်ချင်းတွေဆီက ဆီတို့ဟူးနဲ့ မုန်ညင်းချဉ် စားရတယ်။ ကျေးဇူး။
ဖေါင်ကြီးသင်တန်း၊ ဇေယျ ၁၉ တုန်းက ပြဇာတ်ကတော့ ကျွန်တော်က ရှမ်းအတု လုပ်ရတယ်။ အခုထိ ရှမ်းပြည်ကို မရောက်ဖူးသေးပါ။ ၂၀၁၈ ခုနှစ်ကအလည်ပြန်တော့ မန္တလေးရှေ့ဖက်က ရှမ်းကုန်ပြင်မြင့်ကြီးကို မျှော်ကြည့်ခဲ့တယ်။ သူငယ်ချင်းတွေ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
၃၁-၁၀-၂၀၁၉
Comments
Post a Comment