ဖေ့စ်ဘွတ်ကနေ ကျွန်တော့်အကောင့် အမည်တလုံးနဲ့ ဂိမ်း ပို့စ်တွေလာတတ်တယ်။ တချက်ကလေးမှ လက်နဲ့ မထိရဲပါ။ ဖုန်း၊ တက်ဘလက်၊ လက်ပတော့မှာ ကြောငြာတွေက အလျှံပယ်။ ဂိမ်းနဲ့ လောင်းကစား။
ကျွန်တော် ငယ်စဉ်က ကျောင်းသွား ကျောင်းပြန် လမ်းမှာ ကျားချနေတာတွေ တွေ့ရင် ခဏလောက်သာ ရပ်ကြည့်ပါတယ်။ ကြာကြာမနေအား အိမ်အတွက် သောက်ရေထမ်းရဦးမှာ။
ဆေးကျောင်းရောက်တော့လည်း ဖဲကစားဘူးရုံသာ။ စစ်တုရင် ကစားဘူးရုံသာ။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ကက်စီနိုလည်း ရောက်ဘူးရုံသာ။ အားကစားတော့ နည်းနည်းပါးပါး ငယ်ကတည်းက။ အမြင့်ခုန်၊ ကြက်တောင်၊ တင်းနစ်၊ အခုတော့ အခန်းတွင်း စက်ဘီးနင်းတယ်။
ဝါသနာဆိုတာထက် အချိန်မရတာက ပိုတယ်။ ဆေးကျောင်း၊ ဆရာဝန်၊ နိုင်ငံရေး၊ ဘဝတိုင်းမှာ လုပ်စရာတွေကိုသာ ခေါင်းထဲထည့်အားတယ်။ ဒါတောင် ဘာတခုမှ မထူးချွန်။
အခုလည်း ဆရာဝန်မလုပ်ရ၊ နိုင်ငံရေးလည်း ထဲထဲဝင်ဝင်မဟုတ်တော့။ ဒါပေမဲ့ စာဖတ်ချိန်နဲ့ စာရေးချိန်၊ အချိန်က မလောက်သလိုလို။ ညဆို သန်ကောင်ကျော် တနာရီ၊ တနာရီခွဲမှသာ အိပ်ရာဝင်တယ်။
ဒါတောင် ဘာတခုမှ မထူးချွန်။ တတိယအရွယ်တောင်လွန်ပြီ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment