လဲ နှင့် လည်း
၁။ ဆရာ - လဲ နဲ့ လည်း ဘယ်ဟာသုံးတာ မှန်မလဲ? တခါပြလဲ (သို့) တခါပြလည်း နားမလည်
၂။ မြူအဝေ့ကိုလဲမှာ လဲ နဲ့ လည်း စားလုံးပေါင်းကို နည်းနည်း ရှင်းပြပေးပါ အဲဒါလေးက နည်းနည်း ထွေပြားနေလို့ပါဆရာ
၃။ ဒရယ်လည်းပါသလား ဟူသောဝါကျကို ဒရယ်လဲပါသလား ဟုရေးရင်မှန်ပါလားခင်ဗျ နှစ်ခုစလုံးက သင်ရိုးသစ် ပထမတန်း မြန်မာဖတ်စာအုပ်ထဲကပါ
၄။ မင်္ဂလာပါဒေါက်တာ လဲနဲ့လည်း အကြောင်းရှင်းပြပေးပါလားဒေါက်တာ။ ဘာလုပ်နေလဲ ဘာလုပ်နေလည်း ဘယ်ဟာအမှန်လည်းဒေါက်တာ။
၅။ စားပြီးရင်လည်း (လဲ) ထပ်စားချင်တုန်းပဲ မင်းမလာလည်း (လဲ) ငါသွားမှာပဲ ဘယ်ဟာမှန်ပါလဲဆရာ။
၆။ သင်ရိုးသစ် ဒုတိယတန်းဖတ်စာပါ။ စာပိုဒ်မှာ သားတို့လဲဆိုပြီး သုံးထားပါတယ်။ အောက်က အရေးကြီးသော အချက်များမှာ အပြောစကားနှင့် အရေးစကားမတူညီပုံကို သတိပြုစေပါမည်လို့ ပါပါတယ်ဆရာ။ လဲ ဆိုတာကို စကားပြောဟန်မှာ သုံးလို့ရပါသလား ဆရာ။
ကာတွန်း၊ ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ်၊ သတင်းခေါင်းစဉ် တချို့တွေမှာ အသံ၊ ကာရန်၊ အား၊ ရယ်စရာအတွက် စံကိုက်သတ်ပုံ မဟုတ်တာတွေ သုံးတတ်ကြတယ်။ အဲတာတွေကိုလည်း သတ်ပုံကျမ်းအဖြစ် မှတ်ယူလို့ မရပါကြောင်း တင်ပြပါတယ်။ အရင်ကလည်း အမှား မကင်းခဲ့ပါ။ အခု အမှားပိုများတယ်။ စံကိုက်သတ်ပုံမှာ လည်း နဲ့ လဲ မတူပါ။
လဲ = အမေးသဘောသက်ရောက်သော ဝါကျအဆုံးစကားလုံး။ တိမ်းစောင်းကျသည်။
လည်း = အတူတူဖြစ်ကြောင်း၊ ပါဝင်ကြောင်း။
လဲ
ကောက်ကျစ်စဉ်းလဲ
ချော်လဲသည်
ပင်းတလဲမြို့
ပုလဲမြို့
ပုလဲရတနာ
ဖက်လဲတကင်း
ဘာကိုလွမ်းနေသလဲ
ဘာဖြစ်နေတာလဲ
လျှောက်လဲချက်
လှဲ၍လဲသွားသည်
လဲကျသည်
လဲချားမြို့
လဲခေါင်းအုံး
လဲမွေ့ရာ
လဲမှို့
လဲလျောင်းသည်
လဲလှယ်သည်
လဲလူရွက်
လဲဝါ
လဲအုံပင်
သစ်ပင်လဲပြိုသည်
အဖန်တလဲလဲ
အလူးအလဲခံနေရသည်
အဝတ်အစားလဲပါ
အဟောင်း အသစ် လဲလှယ်သည်း
လည်း
ခြေသည်းလက်သည်း
ငလျင်တော်လည်း စသည်
ငါတုံသော်လည်း စသည်
စကားသော်လည်း (လင်္ကာ)
စားလည်းစား ပြောလည်းပြော
စီးသည်တလည်ဒတလည်းပင်
စုလည်းကြက်တောင်
ဆည်းလည်းသံ
ဆိုသော်လည်း စသည်
တိမ်းလည်းသည်
တုံးလုံးလည်းသည်
ထိုနည်းတူ ဤနည်းလည်းကောင်း
ထုံးသည်စုလည်း
နားလည်းနား
နေရသည်ကိုလည်း စသည်
ပြောရာတွင်လည်း
ပလလည်းဆင်
ပလလည်းဆင်
ပလလည်းတော
ပေါင်းလည်း
ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်။
ဘယ်သူလည်း စသည်
ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း။
မိုးသည်းသည်
ရိုက်လည်းရိုက်
လည်းကောင်း (၎င်း ထို ယင်း အနှီ ဤ နည်းတူ)
လည်းလျောင်း (ယခင်သုံး)
လိပ်ခဲတည်းလည်း
လိပ်လည်းသည်
လူးလည်း၍ငိုသည်
လူမျိုးကသည်း
လူလည်းသည်
ဝဏ္ဏဗောဓနသတ်အင်း
ဝှန်သည်းသည်
သွားလည်းသွား
သိပ်သည်းသည်း
သူလဲလေ လောကီသားပေမို့ ကြွားချင်ရှာပေလိမ့်မည်။
သော်လည်း
သော်လည်းကောင်း
အနာသည်းသည်
အပြုအမူသည်းသည်
အဦသည်းသည်
ဒါပေမဲ့ စကား၊ စကားပြောသလိုစာရေးနည်း၊ ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ် စတာတွေမှာ အရင်ခေတ်ကတည်းက အဆင်သင့်သလို ရေးကြတယ်။ ကဗျာ ၂ ပုဒ်ကို တင်ပြပါမယ်။ လဲ သုံးထားတယ်။
(၁) ပိတောက်ပန်း (ဇော်ဂျီ)
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။
တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေး အခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။ (ဇော်ဂျီ)
(၂) သူလဲလေ လောကီသားပေမို့ (မင်းညိုဦး)
အပြင်ဘက်ဝယ်
မအက်မစွန်း ဘော်ဖြူဝန်းမူ
ရွှန်းရွှန်းတောက်ပ လှလျှက်လှသည်
ညသည် နုပျိုကြော့နေဆဲ။
မတောက်တတောက်
ကြယ်ပြောက်ပြောက်လည်း
တည်ဆောက်မရပ် မျက်တောင်ခတ်ပြီး။း
လူ့ရပ်ပြည်ရွာ ငုံ့ကြည်ရာတွင်
ပြုံးမှာလိုလို မဲ့သတည့်။
ထိုရောကာလ
အရိပ်ကျသည့် ပညောင်ပင်ထက်
အိုညငှက်တည့်
ချစ်ဘက်တုံ့လှယ် နော့ကျီစယ်ဆဲ
ငှက်မယ်တခု ဖြတ်သန်းပြုကို
ပျိုနုထွားထွား ငှက်ယောက်ျားက
စူးဝါးစိုက်စိုက် လိုက်၍ကြည့်လျှင်
သူ့ရင်ထဲမှ ငှက်မယ်လွလည်း
ဒေါပွခံခက် ရုတ်တရက်နှင့်
စိတ်စက်ကောက်မူ ဟင့် ဟင့် ကျူသော်
ချစ်သူမယ့်ကြိုက် အလိုလိုက်ပြီး
ပွေ့ပိုက်ချော့တော့ မယ်လည်းပျော့သည်
မော့ကာ မွှေးမွှေးကြူပြီတကား။
ဒေါက်တာတင့်ဆွေ

.jpg)
Comments
Post a Comment