၁- ပေါ်ဆန်းမွှေးဆန်
၂- ထောပတ်
၃- ဆား
၄- သကြား
၅- သီဟိုစေ့
၆- စပျစ်စေ့တို့
၇- မုန်လာဥနီ
၈- ပဲစိမ်း တို့လိုအပ်ပါတယ်။
မိမိ အိမ်မှာပဲ အလွယ်တကူချက်စားလို့ရစေဖို့ ထမင်းပေါင်းအိုးနဲ့ ချက်တဲ့နည်းလေးကို ပြောပြပေးပါမယ်။ ပထမဆုံး ထမင်းပေါင်းအိုးထဲကို ဆန်ဆေးထည့်ပါ။ ထမင်းပေါ် ရေ လက်တစ်ဆစ်(လက်တဆစ်) မြုပ်အောင်ထည့်ပါ။ ဆားအနဲငယ်, သကြား ထည့်ပြီး ထမင်းချက်ထားပါ။ အိုးထဲကို ထောပတ်ထည့်ပြီး ထောပတ်ပျော်အောင် အပူပေးပီး မီးပိတ်လိုက်ပါ။ ထမင်းရေခန်းပြီး ခလုတ်တက်ခါနီးမှာ ထောပတ်ဆီ အနည်းငယ်, သီဟိုစေ့, စပျစ်စေ့, ပဲစိမ်း, မုန်လာဥနီ ထည့်မွှေလိုက်ပါ။ ထမင်းပေါင်းအိုး ခလုတ်တက်ပြီး နွှေးနှပ်ပြီးရင်တော့ မွှေးပျံ့နေတဲ့ ထောပတ်ထမင်းလေးရပါပြီ။ ကရဝေးရွက် ကြိုက်သူများကတော့ ထမင်းချက်ရင် ကရဝေးရွက် ထည့်ချက်နိုင်ပါတယ်။ ကျမကတော့ ထောပတ်ထမင်းမှာ ထောပတ်ရနံ့ သင်းသင်းလေးကို အဓိက ထားချက်တာမို့ ကရဝေးရွက် ထည့် မချက်ပါဘူး။ ဒံပေါက်ချက်တဲ့အခါပဲ ကရဝေးရွက် ထည့်ပါတယ်။ အရသာအတွက် အချို, အငံကတော့ မိမိ စိတ်ကြိုက် အရသာ သင့်ရုံလေးပဲ မှန်းထည့်ပါ။ ထောပတ်ဆီလဲ မွှေးပျံ့ရုံပဲ ထည့်ပေးပါ။ ထောပတ်များရင် တစ်အား(တအား) အီသွားတတ်ပါတယ်။ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ သီဟိုစေ့ နဲ့ စပျစ်စေ့ပဲ ထည့်ပြီး ချက်လဲ ရပါတယ်။ မုန်လာဥနီ အတုံးလေးတွေ နဲ့ ပဲစိမ်းစေ့လေးတွေ ထည့်ချက်လဲ အရမ်းစားကောင်းပါတယ်။မထည့်လဲ ရပါတယ်။ ဒါကတော့ မိမိအိမ်မှာပဲ အလွယ်တကူ ထမင်းပေါင်းအိုးနဲ့ ချက်စားလို့ ရစေမယ့် နည်းလေးကို ပြောပြပေးတာပါ။ ပုံထဲမှာလို ထမင်းဆန်သားလေးကို ကော့ညွှတ် လှပနေစေရင်တော့ ထမင်းကို ရေငှဲ့ပြီး အပေါ်မီး အောက်မီးနဲ့ နှပ်ပြီး ချက်မှ ရပါတယ်။ ထောပတ်ထမင်းတွေ အော်ဒါချက်ရင်တော့ ထမင်းဆန်သား လှပနေစေဖို့က အရမ်း အရေးကြီးပါတယ်။ ပေါင်းအိုးနဲ့ အလွယ်ချက်လို့တော့ မရပါဘူး။ ထမင်းဆန်သားလေး ကော့ညွှတ်လှပနေစေဖို့ အတွက် အော်ဒါချက်တဲ့ ဝန်ထမ်းတွေကို စပြီး လေ့ကျင့် သင်ကြားပေး ကတည်းက အိုးသေးချက်နည်းရော, အိုးကြီးချက်နည်းပါ ထမင်း ရေငှဲ့ချက်ပြီး အပေါ်မီး အောက်မီးနဲ့ နှပ်တဲနည်းကိုပဲ ကျမကိုယ်တိုင် သင်ကြားပေးပါတယ် (Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ)
တင်ထားတဲ့စာသာ ဖြစ်ပါတယ်။ မပြောမဆို သတ်ပုံနည်းနည်း ပြင်လိုက်တယ်။ ဆောရီး။
အစားအသောက်တွေက တရပ်နဲ့တရပ် အတော်မတူ။ တယောက်နည်းနဲ့တယောက် အတော်မတူ။ အကြိုက်တွေကလည်း တယောက်တမျိုး။ အားနာနာနဲ့တော့ ရေးပါမည်။ ပုံထဲကထောပတ်ထင်းကိုတော့ ကျွန်တော့က မကြိုက်ပါ။ ဒမ်ပေါက်ထဲထည့်တဲ့ ဟင်းခပ်အမွှေးအကြိုင်တွေနဲ့ ထောပတ်ထမင်းနဲ့ လိုက်ဖက်တယ်လို့ မထင်ပါ။ ထမင်းကြော်၊ စမူဆာ၊ ကော်ပြန့်လိပ်တွေထဲမှာ ထည့်ကြတဲ့ မုန်မလာဥဝါနဲ့ ပဲလုံးစိမ်းလည်း လိုက်ဖက်တယ်လို့ နည်းနည်းလေမှ မထင်ပါ။ ထောပတ်ထမင်း၊ အုန်းထမင်း၊ ဒမ်ပေါက်တွေက သူ့လိုက်ဖက်မှုနဲ့သူသာ သင့်မှန်တယ်။ ဟင်းခပ်အမွှေးအကြိုင်တွေကလည်း သူ့လိုက်ဖက်မှုနဲ့သူသာ သင့်မှန်တယ်။ နေရာတကာ သကြားထည့်နေကြတာလည်း အခုမှ။ ဘာလာလာ ဒါ ကတော့ မကြိုက်။ ဆောရီး။ ဓါတ်စာပေးတဲ့သူတွေနဲ့ တူနေတယ်။ ကိုဗစ်လည်း ငှက်သိုက်၊ လောက်သေနဲ့ အောက်မဲညို၊ ကင်ဆာလည်း ငှက်သိုက်၊ လောက်သေနဲ့ အောက်မဲညို။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment