ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။
ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ၊ အသံမှာကား
ညခါငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။
ဖိုးမောင်သံကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း၊ ဝဲ တက်ချောင်းနှင့်
ခါးစောင်းကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား၊ တစ္ဆေလား။
တစ္ဆေမကြောက်၊ မြွေမကြောက်ပဲ
တယောက်တည်းပင်၊ ညဉ့်မှောင်တွင်၌
သူလျှင်ငါးရှာ၊ မကျွေးပါက
ထိုရွာသူသား၊ လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။
ဆောင်းတည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ကုပ်ကျားဟောင်သည်
ဖိုးမောင် လာချိန်ပါတကား။
သို့ဖြစ်သော်ငြား၊ ခါတပါးသို့
တံခါးဝင်လို၊ သူမဆိုပဲ
မောင်းကိုထုပါ၊ လူစုပါဟေ့
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့
ဒမြငါ့အား၊ ဖမ်း၍ထားဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်းဒိန်းသံ၊ ချောင်းယံ ပဲ့တင်ထပ်သတည်း။
ဖိုးမောင်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်။
ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင်။ ။ (မင်းသုဝဏ်)
မြန်မာကဗျာ လက်ရွေးစင်၊ အလယ်တန်း ကျောင်းသုံး၊ ၁၉၇၅ ခုနှစ်၊ မတ်လထုတ်ထဲက ဖြစ်ပါတယ်။
ဒီ အလွန်ကောင်းတဲ့ကဗျာကို ကူးတင်ကြတယ်။ ဝီကီပီးဒီယားမှာလည်း တင်ထားတယ်။ တယောက်တမျိုး မှားနေကြတယ်။
• တယောက်ဝင်သာကို စသတ်ထားတယ်။
• မြွေမကြောက်ပဲကို ဘဲလုပ်ထားတယ်။
• တယောက်တည်းပင်ကို စသတ်ထားတယ်။
• သူမဆိုပဲကို ဘဲလုပ်ထားတယ်။
• ဆောင်းတည၌ စသတ်ထားတယ်။
• ရွာလုံးညံသည် မပါရပါ။
ကူးချတာကို မှန်အောင်မကူးတတ်တဲ့အဆင့်က အတော်နိမ့်တယ်။ ကန်တော့ + ဆောရီး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment