Skip to main content

သူတောင်းစား

စောစောက သူတောင်းစားစာလုံးပေါင်း မှားရေးတာတခုကို ကွန်မင့်ရေးလိုကပ်ပါတယ်။

သူတောင်းစား = တောင်းရမ်းခြင်းဖြင့် အသက်မွေးသူ။ သူဖုန်းစား၊ ဖုန်းတောင်းယာစကာ၊ ဒွန်းစဏ္ဍား။

စဏ္ဍာလမှာ ပါဠိစကားဖြစ်၍ အလုပ်ကြမ်းကို ပြုလုပ်သောသူဟု အနက်ထင်သည်။ စဏ္ဍာလ၏ ဇာစ်မြစ်ကို ရှာဖွေရာ၊ ဝိနည်းတော်ဘိက္ခုပါစိတ်၊ မုသာဝါဒဝဂ္ဂ၊ ဩမသဝါဒ သိက္ခာပုဒ်တွင် အမျိုးမြတ်အမျိုးညံ့ကို ခွဲခြားရာ၌ အမျိုးညံ့တွင် စဏ္ဍာလကို ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရ၏။ ထို့ကြောင့် စဏ္ဍာလသည် မြတ်စွာဘုရား လက်ထက်တော်၌ပင် ရှိနေသည်ဟု ယူဆရသည်။ ကျောက်စာဝန်တော်စိန်ခို၏ မှတ်တမ်းနှင့် ယုဒသန်အဘိဓာန်တွင် စဏ္ဍာလကို -

(၁) ပြည်တန်ဆာ တစို့၊

(၂) သွေးမစွမ်း တစို့၊

(၃) သူတောင်းစားများ တစို့၊

(၄) သူကောင်ထမ်းမြေမြှုပ် သုဘရာဇာ တစို့ ဟူ၍ (၄)စို့ခွဲကာ ပြသထားသည်။ သို့သော် မန်လည်ဆရာတော် ဘုရားကြီးက မဃဒေဝလင်္ကာကျမ်းတွင် 'စဏ္ဍာလငါး၊ အစို့များက' ဟူ၍ စဏ္ဍာလငါးစို့ ရှိကြောင်းကို၎င်း၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းတွင်လည်း စဏ္ဍာလ ငါးစို့ ရှိကြောင်းကို၎င်း ဖော်ပြထားသည်ကို တွေ့ရ၏။

ထို စဏ္ဍာလ ငါးစို့မှာ (၁) စပ်၊ (၂) အမွှမ်း၊ (၃) သူကောင်ထမ်း၊ (၄) တွင်းတူး၊ (၅) သင်္ဂြိုဟ်ကိုင်တို့ဖြစ်ကြသည်။ ယင်းငါးစို့၌ စပ်ဆိုသည်မှာ လူသေအလောင်း ထည့်သော ခေါင်းပျဉ်၊ ကျင်ပု၊ ခုံ၊ ဇာတာအိမ်၊ တလား၊ စမြင်းတိုင် အလောင်းစင်၊ ဗိတာန် ကြာကလပ်၊ လောင်တိုက်၊ ငှက်ကြီးကာ စသော အထည်ကိုယ် ဝါးသစ်သားများကို လုပ်ရသော သူကိုခေါ်၏။ အမွှမ်းဆိုသည်မှာ လူသေအလောင်းစင်စသည်တို့ လုပ်ထားသော သစ်သား၊ ဝါး၊ အထည်ကိုယ်များတွင် ဆင်ယင်ရန် ပိုးဖဲ၊ ဗုဇွန်ဆီ၊ ကတ္တီပါ၊ ဇာရှံ၊ ရွှေညောင်ရွက်၊ ကျောက်စီ၊ သတောင်းလည်ကြာဆံ ကြာရပ် စသည်များကို အဆင့်အတန်း စာတမ်းထွက်နှင့်အညီ လှပအောင် လုပ်ဆာင်ရသောသူဖြစ်သည်။ သူကောင်ထမ်း ဆိုသည်မှာ လူသေကောင် မသာလောင်း ရွှေ့ပြောင်းခြင်းနှင့် စပ်သမျှ လုပ်ဆောင်ရသောသူဖြစ်သည်။ တွင်းတူးဆိုသည်မှာ လူသေကောင်ကိုသော်လည်းကောင်း၊ အရိုးကိုသော်လည်းကောင်း၊ မြှုပ်ရန်တွင်းတူးသည့်အလုပ်နှင့် စပ်သမျှကို လုပ်ဆောင်ရသော သူဖြစ်သည်။ သင်္ဂြိုဟ်ကိုင်ဆိုသည်မှာ လူသေအလောင်းကို မြေမြှုပ်သောအခါ၊ မီးရှို့သောအခါ၊ တံစူးဝါး (တနည်း) တံရှူးဝါးများနှင့် ကိုင် တွယ်မြေမြှုပ်မီးဖုတ်သော အလုပ်၊ အရိုးကောက် အရိုးမြှုပ် အရိုးမျှော အလုပ်ကို လုပ်ရသောသူဖြစ်သည်။

သမိုင်း

ထိုငါးမျိုးသော စဏ္ဍာလတို့သည် မြန်မာမင်းအဆက်ဆက် မှစ၍ တည်လျက်ရှိသည်။ မြန်မာမင်းများ လက်ထက်က စဏ္ဍာလများကို အရွတ်ဝန်က အုပ်ချုပ်ရ၏။ စဏ္ဍာလများထံမှရရှိသော အခွန်အကောက်များ ကိုမူ အရွတ်ဝန်ထံတွင် သိမ်းဆည်း အပ်နှံထားကြရ၏။ ထိုစဏ္ဍာလတို့မှရသော အခွန်အကောက်များဖြင့် နိုင်ငံခြားဒေသများတို့မှ ရောက်လာကြသော သံတမန်များကို ကျွေးမွေးပြုစုရသည်။ ဤကိုရည်၍ မန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာသစ်၊ ပုတ္တောဝါဒခန်းတွင် 'စဏ္ဍာလငါး၊ အစို့များက၊ ရငြားတမည်၊ အခွန်သည်ကား၊ တပြည် တစံ၊ တနိုင်ငံက၊ သံကိုကျွေးမွေး၊ ပေးကမ်းဘို့ရန်၊ အရွတ်ဝန်သို့၊ မကျန်စေငှာ၊ အပ်ထားရာ၏'ဟူ၍ ဖော်ပြရေးစပ် မိန့်ဆိုထားလေသည်။

စဏ္ဍာလမှာ ရှေးမြန်မာမင်းများ၏ စီရင်မှုအရ ကျွန်သီးတော်စာရင်းဝင်များဖြစ်၏။ ကျွန်သီးတော် ခေါ်သော ဘုရားကျွန်၊ ပဋကတ်ကျွန်၊ ကျောင်းကျွန်တို့ကိုအမြတ်စား၊အလတ်စား၊ အနိမ့်စား၊ အညံ့စားဟု ၄ ပါးပြားထားရာ၊ စဏ္ဍာလမှာ အညံ့စားအမျိုးတွင်ပါဝင်သည်။ အညံ့စားမျိုးတွင်ပါဝင်သော သူတို့မှာ (၁) ဝေဏု၊ ဝါးခုတ် ဝါးခွဲ နှီးထိုး ဖျာရက်စသည် တို့ကိုပြုလုပ်သောသူ၊ (၂) ရဋ္ဌသာရ၊ သစ်ရွေသမား ရထားလှည်းစသည် အလုပ်သမား၊ (၃) နေသာဒ၊ တံငါမုဆိုးမျိုး၊ (၄) ပက္ကုသ၊ ပန်းမှိုက်သွန် အညစ်အကြေး သုတ်သင်သောသူများနှင့် (၅) စဏ္ဍာလ၊ ဒွန်းစဏ္ဍားမျိုးများတို့ဖြစ်ကြ၏။

သို့သော် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိသည့်အချိန် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် နိုင်ငံတော်ယာယီ သမတကြီးက အောက်ပါအမိန့်ကို နိုင်ငံတဝန်းလုံးသို့ ထုတ်ပြန်ကြေညာခဲ့၏။

'ပြည်ထောင်စု မြန်မာပြည်သည် ယနေ့တွင် လွတ်လပ်သော မြန်မာနိုင်ငံတော်ဖြစ်သည်နှင့်အညီ၊ တဦးကို တဦး ကြောက်ရွံ့ခြင်း၊ တဦးကို တဦး နှိပ်စက်ခြင်းမှစ၍ မကောင်းသော အလေ့ဆိုးများကို လုံးဝပယ်ဖျောက်ပစ်ရန် ကျွန်ုပ်အစိုးရက ရည်ရွယ်သည်။ ရာဇဝင်တွင် ရှေးရှေးသောအခါကစ၍ ရှေးမင်းများ၏ အာဏာ စက်ကြောင့်၊ ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ ကယ်ပါ၊ သင်္ချေစသည်တို့ကို ယနေ့မှစ၍ ရှေးအမင်းမင်းတို့၏ အာဏာစက်ကို ကျွန်ုပ်ပယ်ဖျက်၍၊ ထိုလူမျိုးတို့၏ သဘောအတိုင်း လုပ်လိုသော အလုပ်မျိုးစုံတို့ကို လွတ်လပ်စွာလုပ်ကိုင်နိုင်ကြစေဟု ကျွန်ုပ်အမိန့်ချမှတ်သည်။ ဤ ပြည်ထောင်စု မြန်မာနိုင်ငံတွင်ရှိသော နိုင်ငံသားများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း တဦးနှင့်တဦး အခွင့်အရေးချင်း တူညီကြစေ'။ ယင်းသို့ကြေညာခဲ့သည့်အတိုင်း မြန်မာနိုင်ငံအစိုးရသည် စဏ္ဍာလပပျောက်ရေး၊ သူတောင်းစားရိုးရာ ပပျောက်ရေးကို ဆောင်ရွက်လျက်ရှိသည်။

အပယ်ရတနာ (၂) https://dr-tint-swe.blogspot.com/2021/10/blog-post_108.html

The Abandoned အပယ်ရတနာ https://dr-tint-swe.blogspot.com/2021/09/the-abandoned.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ