(ကိုဟဝါ တရွာသား၊ မင်းကြိုက်လို့လား)
(နောက်တရေ မေဆန်ခိုက်မှာ၊ မင်းလိုက်လာစမ်း)
လတာမှာ ကြာ
ဗေဒါ အပြာဖူးနဲ့၊ ဒီဦးကို လင့်။
တသသရယ်နဲ့
ရေထမှာ သူဆန်လို့
သူ့ဖူးတံ ပန်ချိန်သင့်၊ ချောင်းဖျားမှာ ပွင့်။
အပွင့်နဲ့ မဗေဒါ။
ချောင်းဝမှာ မပြစား၊ ချောင်းဖျားမှာသာ။
မိုးဦးကျ မျိုးချလာ၊ ကိုဟဝါကြောင့် လေလား။
ကိုဟဝါ တရွာသား၊ မင်းကြိုက်လို့လား။
အပွင့်နဲ့ မဗေဒါ။
ချောင်းဝမှာ မပြစား၊ ချောင်းဖျားမှာသာ။
ဆောင်းဦးပေါက် ကောက်ရွှေဝါ၊ မိုးစာကြောင့် လေလား။
မိုးနီလာ မိုးစာတေးမှာ၊ ငေးချင်လို့လား။
အိုအချင်း ကျူရိုးဖေ။
မကြင်နာ ထင်ရာမေး၊ တွေးပါနဲ့လေ။
ဒီချောင်းက တက်သက်ရေ၊ ဗေဒါလဲ မယ့်လမ်း။
နောက်တရေ မေဆန်ခိုက်မှာ၊ မင်းလိုက်လာစမ်း။
(ဇော်ဂျီ - ငွေတာရီမဂ္ဂဇင်း - ၁၉၆၂ ဇွန်လ)
'တစ်သသ' ကဗျာဆရာတွေ ပေါ်ပေါက်လာပါတော့မည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment