Skip to main content

ပိတောက်ပန်းသို့ဂုဏ်ပြုခြင်း

-မြသန်းတင့်-

ခေတ်သစ်ရုရှစာပေနဲ့ ပတ်သက်လို့ ပြောရာမှာ ဂေါ်ကီက 'ကျွန်တော်တို့သည် ကုတ်အင်္ကျီမှ ဆင်းသက်လာခဲ့ကြသည်' လို့ ပြောခဲ့ဖူးပါတယ်။ သဘောကတော့ ခေတ်သစ် ရုရှစာပေဟာ ဂိုဂိုးလ်ရဲ့ 'ကုတ်အင်္ကျီ' ဆိုတဲ့ ၀တ္ထုတိုကလေးက အစပြုခဲ့တယ်လို့ ပြောတဲ့သဘောပါ။ ဒီအတိုင်းပါဘဲ။ ကျွန်တော်တို့ရဲ့ မြန်မာခေတ်သစ်ကဗျာဟာလည်း ဇော်ဂျီရဲ့ 'ပိတောက်ပန်း' က ဆင်းသက်လာတယ်လို့ ပြောနိုင်ပါတယ်။

'ပိတောက်ပန်း' မတိုင်မီတုန်းက မြန်မာကဗျာဟာ သဘာ၀အကြောင်း၊ ပန်းအကြောင်း၊ ရာသီအကြောင်း၊ နက္ခတ်အကြောင်း၊ တောတောင်ရေမြေအကြောင်းကို ခပ်ရိုးရိုး ခပ်စင်းစင်း ဖွဲ့သွားတဲ့ သရုပ်ပြအဖွဲ့လောက်ပဲ ရှိပါတယ်။ ဦးကြော့ရဲ့ ပိတောက်ပန်းအဖွဲ့ကိုကြည့်ရင် ဒီအချက်ကို သိနိုင်ပါတယ်။ နားထောင်ကြည့်ပါ။

လတန်ခူးပေမို့

အလှထူးပါဘိ

မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ...

တကယ်တန်းသာဖြင့်

ဘယ်ပန်းသော်စံမတူဘု

နန္ဒမူဖန်ဂူထိပ်မှာလ

ပစ္စေကာ ချွေးတော်သိပ်ရတယ်

အေးရိပ်ဆာရာ...

တနှစ်တွင် ဒီတလပေပ

တလတွင် တရက်တည်း

ခက်ခဲတဲ့ရက်ဗုဒ္ဓါ

ပွင့်ရှာကြစုံမြိုင်တွင်း...

မြူမင်းလွင်ထန်

ကြူသင်းတာချိန်ယံမတော့

ရွှေ၀တ်ဆံ ငုံတံညှောက်ကယ်နဲ့

ခါသင်္ကြန် ဂိမာန်ရောက်ပြန်တော့

သိရ်သရေ ထိန်ဝေလို့တောက်တဲ့ပြင်

လမ်းတလျှောက်သင်းပါဘိ ဆန်းသလောက်မလင်းနိုင်ဘု

ပန်းပိတောက်မင်း...။

ဦးကြော့ရဲ့ပိတောက်ပန်း ဖြစ်ပါတယ်။ လှပပြီး၊ ပန်းပွင့်ရဲ့ သင်္ခါရ၊ လောကရဲ့ သင်္ခါရသဘောကို ဖော်ပြတဲ့ သရုပ်ပြ ကဗျာလေးတပုဒ်ပါပဲ။

ဇော်ဂျီရဲ့ ပိတောက်ပန်းကတော့ ရသသဘောတင် မကတော့ဘူး။ ဒဿန ပါလာပါတယ်။ ကျေးဇူးပြုပြီး နားထောင်ကြည့်စေချင်ပါတယ်။

မခူးချင်စမ်းပါနဲ့

နှစ်ဆန်းခါတော်မီမို့

ဇမ္ဘော်ရည် ပြေပြေလိမ်းကာပ

ခပ်သိမ်းနယ်စုံစုံသို့

ပွင့်ငုံကို လင့်ကုန်ကြတော့လို့

ခေါင်းကြွကာ ဆာဝေ၀နဲ့

သူလည်းလေ လောကီသားလိုပေါ့

ကြွားချင်လှပေလိမ့်မယ်။

ပထမပိုဒ်ပါ။ ဒီအပိုဒ်မှာပဲ ဇော်ဂျီရဲ့ စိတ်ရင်းစိတ်ဓါတ်ကို ကျွန်တော် မြင်လိုက်ရပါပြီ။ အဲဒီစိတ်ရင်း၊ အဲဒီစိတ်ဓါတ်ကတော့ နားလည်ခွင့်လွှတ်ခြင်းပါပဲ။ ခွင့်လွှတ်ခြင်းဟာ ဇော်ဂျီ့စိတ်ဓါတ် ဖြစ်ပါတယ်။ ပိတောက်တွေ ပွင့်တော့မယ်တဲ့။ တလောကလုံး ရွှေရည်တွေ ဖုံးတော့မယ်။ ကြည့်လေရာရာမှာ ပိတောက်ငုံ၊ ပိတောက်ဖူးတွေက သူတို့လာတေ့မယ်၊ စောင့်ကြ၊ မျှော်ကြလို့ ကြေညာနေတဲ့ပုံမျိုး။ ခေါင်းမော့ပြီး ဝေ၀ဆာဆာနဲ့ ကြွားဝါနေကြလေရဲ့။ ေဩာ် ကြွားချင်လည်း ကြွားပါစေ။ သူလည်း လောကီသားလို ကြွားချင်မှာပေါ့လို့ ဇော်ဂျီက ခွင့်လွှတ်ထားပါတယ်။ ဒီတော့ ပိတောက်ပန်းကဗျာရဲ့ ပထမအပိုဒ်ဟာ နားလည်ခွင်လွှတ်ခြင်းကိုပြတဲ့ အပိုဒ် ဖြစ်ပါတယ်။

တသိန်တင့်ပါဘိ

တိမ်မြင့်ရီပြာပြာက

ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်

တီတာတာ ပွင့်ရွှေဖူးငယ်တို့

လည်ယှက်ကာ ဘယ်ညာလူးလေတော့

သူတို့လို ဘယ်သူမြူးနိုင်ပ့ါ

ထူးပါဘိတယ်။

ကြည့်စမ်းတဲ့။ ဘယ်လောက်ကျက်သရေ ရှိသလဲ။ ပြာရီတိမ်တိုက်တွေကြားထဲက လေပြေ ကလေး သုတ်လိုက်တဲ့အခါမှာ ပိတောက်ဖူး၊ ပိတောက်ခိုင်တွေဟာ ဟိုဘက်ယိမ်းလိုက်၊ သည်ဘက်ယိမ်းလိုက်နဲ့ ငှက်တွေ လည်ချင်းယှက် နေကြသလိုပဲတဲ့။ မြူးနေလိုက်ကြတာ။ ဘယ် လောက်များ မြူးနေလိုက်ကြသလဲ။ ဘယ်လောက်များ ပျော်နေလိုက်ကြသလဲ။ ဘယ်လောက်များ ရွှင်နေလိုက်ကြသလဲ။ သူတို့လို ဘယ်သူတွေ မြူးနိုင်သလဲ။ သူတို့လို ဘယ်သူတွေ ပျော်နိုင်သလဲ။

ဇော်ဂျီဟာ မြူးနေတဲ့ ပိတောက်ပန်းတွေကို မြင်တယ်။ ပျော်နေတဲ့ ပိတောက်ပန်းတွေကို မြင်တယ်။ ဒီ ပိတောက်ပန်းတွေနဲ့အတူ သူ့စိတ်ဟာ မြူးနေတယ်။ ပျော်နေတယ်။ ပိတောက်တွေ မြူးနေတာကို ကြည့်ပြီး မုဒိတာ ပွါးနေတယ်။ သူတပါးပျော်တာ၊ သူတပါးမြူးတာ၊ သူတပါး ချမ်းသာတာကို ကြည့်ပြီး မျှဝေခံစားတာဟာ မုဒိတာ ဖြစ်ပါတယ်။ ဒါကြောင့် ပိတောက်ပန်း ကဗျာရဲ့ ဒုတိယအပိုဒ်ဟာ ဇော်ဂျီရဲ့ မုဒိတာစိတ်ကို ပြနေပါတယ်။ ဒီမုဒိတာ စိတ်ဟာလည်း ဇော်ဂျီ့စိတ်ရင်း၊ ဇော်ဂျီ့စိတ်ဓါတ် ဖြစ်ပါတယ်။

တတိယပိုဒ်ကတော့ ဇော်ဂျီရဲ့ အကောင်းမြင်ဝါဒကို ဖော်ပြနေတဲ့အပိုဒ်လို့ ဆိုချင်ပါတယ်။ ဘယ်လိုများ အကောင်းမြင်သလဲ။

တဝါ၀ါ ဆင်သင်္ဃန်းရယ်နဲ့

ကမ္ဘာမှာ ဘ၀င်ချမ်းစေဖို့

သာသနာ ရွှင်ရွှင်လန်းအောင်လို့

တမင်မှန်းကာပ သတိဆွယ်

ရည်ရွယ်ရော့သလား။

ပိတောက်ပန်းတွေ ဒိလောက် ဝါ၀င်းထိန်နေတာဟာ ဘာကိုရည်ရွယ်တာလဲ။ ဘာကြောင့်လဲ ဆိုတော့ ဇော်ဂျီဟာ သူ့ကိုယ်ကို ပြန်မေးပါတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းအောင်၊ ဗုဒ္ဓသာသနာ ရွှင်လန်း အောင်၊ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒစတဲ့ သာသနာသုံးရပ်ကို ကိုးကွယ်ဆည်းကပ်နိုင်အောင် လူတွေကို သတိပေး လှုံ့ဆော်ချင်တဲ့အတွက် ပိတောက်ပန်းတွေဟာ ဒီလောက် ဝါ၀င်း နေကြတာလား။ လူတွေကို ကပ်သုံးပါး ကျော်နိုင်အောင် အားထုတ်ကြလို့ သတိပေးတဲ့အနေနဲ့ ဒီလို ရွှေရောင် တောက်တာများ ဖြစ်နေရော့ သလားလို့ ဇော်ဂျီက သူ့ကိုယ်သူ ပြန်မေးနေပါတယ်။ ပိတောက်ရဲ့ အဝါရောင်ထဲမှာ သင်္ဃန်းကို မြင်လိုက်တဲ့ ဇော်ဂျီ့အမြင်ဟာ ငြိမ်းချမ်းမှုကို လိုလားတဲ့ ဇော်ဂျီ့အမြင်၊ ဘာသာတရားကို ကိုင်းညွတ်တဲ့ ဇော်ဂျီ့အမြင်၊ အကောင်းအမွန်ကိုသာ ကြည့်တတ်တဲ့ ဇော်ဂျီရဲ့ အကောင်းမြင်ဝါဒကို ဖော်ပြနေပါတယ်။

ခူးပါနဲ့ကွယ်

ပွင့်ဖူးမှာ အဝါခြယ်၍

မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်

နှစ်ဆုံးကုန် အတာ၀င်လို့

မာန်အင်ကို ဥာဏ်ဆင် မွေးကာပ

အရေးအခါသာမှ

ခမျာမှာ တဂုဏ်ဆန်းရတယ်

ပန်းပိတောက်များ။

ဇော်ဂျီရဲ့ စာနာစိတ်၊ ကရဏာစိတ်၊ သမ္ပဇဉ်စိတ်တို့ကို ပြလိုက်တဲ့ အပိုဒ်ပါပဲ။ ရွှေရောင်တွေ ခြယ်ထားတဲ့ ပိတောက်ပန်းဟာ နှစ်ဦးမှာ ပွင့်တဲ့ အခြားပန်းတွေလိုပဲ ပန်းပွဲတော်ကြီးထဲမှာ ပါချင်မှာ ပေါ့တဲ့။ သွားပြီး မခူးလိုက်ပါနဲ့တဲ့။ သူ့ခမျာ နှစ်ကုန်ပြီး အတာကူးချိန်မှာ ပျော်ဖို့အတွက် တနှစ်လုံး စောင့်ခဲ့ရတာပါတဲ့။ ခုလို အခွင့်အရေးကြုံမှ သူ့ဂုဏ်ပုဒ်ကလေးကို သူထုတ်ပြရတာမို့ မြူးခွင့်၊ ပျော်ခွင့်၊ ဖူးခွင့်၊ ပွင့်ခွင်၊ ၀င့်ခွင့်၊ ဝါခွင့် ပေးလိုက်ပါလို့ ဇော်ဂျီက ကရုဏာစိတ်၊ စာနာစိတ်၊ သမ္ပဇဉ်စိတ်နဲ့ ပိတောက်ပန်းဘက်က ရှေ့နေ လိုက်ပေးပါတယ်။ ဒါဟာ ဇော်ဂျီ့စိတ်ရင်း၊ ဇော်ဂျီ့စိတ်ဓါတ်ပါပဲ။

ပိတောက်ပန်းကဗျာဟာ (၁၉၂၈) ခုနှစ်က ရေးခဲ့တဲ့ ကဗျာဖြစ်တဲ့အတွက်၊ ခုဆိုရင် နှစ်ပေါင်း (၇၀) ကျော် ရှိသွားပါပြီ။ အနှစ် (၇၀) ကြာသည့်တိုင် ပိတောက်ပန်းဟာ လန်းဆန်းနေတုန်းပါပဲ။ မွှေးပျံ့နေတုန်း ပါပဲ။ ရွှေရောင်တောက်ပနေတုန်းပါပဲ။ ဒီကဗျာဟာ မြန်မာကဗျာသစ်မှာ ပထမဆုံး ပေါ်ထွက်လာတဲ့ ကဗျာဖြစ်ပါတယ်။ အတွေးသစ် ကဗျာသစ်ကို ဖော်ပြလိုက်တဲ့ ပထမဆုံး ခေတ်သစ်ကဗျာ ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်သစ်မြန်မာကဗျာဟာ ပိတောက်ပန်းက ဆင်းသက်လာ တယ်လို့ ကျွန်တော် ပြောခြင်းပါ။

-မြသန်းတင့်-

(၁၉၉၇ ခု၊ စက်တင်ဘာ ၅ရက်၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဇော်ဂျီကြေးရုပ်ဖွင့်ပွဲ အခမ်းအနားတွင် ဟောပြောချက်မှ ကောက်နှုတ်ထားတာကို ပိတောက်ပွင့်သစ်မဂ္ဂဇင်း အမှတ်(၃)၊ ဧပြီ ၂၀၀၆ မှ တဆင့်ပြန်လည် ကူးယူဖော်ပြပါတယ်။)

Aungmyint Oo ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ