တရုပ်စကားပန်း
ဆရာ အဲဒါ အကြော်ပွင့် အပင်ရော အပွင့်ပါ တရုပ်စကားနဲ့ဆင်တယ် သေချာကြည့်မှ ပွင့်ဖတ်က ပျော့ပြီး ကားတယ်
အနီက တရုပ်စကားနီ အိမ်မှာ အနီထဲ အဝါစပ် တရုပ်စကားရှိသေးတယ် အပွင့်မရှိသေး လို့
ကျေးဇူး။
- တရုတ်စကားပွင့် ဘယ်လိုစားမလဲ
- တရုတ်စကားပွင့် ကိုဖြောပြီး ငပိရည် /ငပိချက်တိုနဲ့ အတို့အမြုတ် (အတို့အမြှုပ်)အဖြစ် စားရင်လည်းကောင်းတယ်။
- တစ်ပွင့်ချင်း (တပွင့်ချင်း)ကို မုန်နှစ်နဲ့ကြော်စားလည်းကောင်းတယ် တရုတ်စံကားပွင့်ကိုဖြောပြီး မြေပဲဆံတို့ပဲမှုန့်တို့နဲ့သုတ်စားလည်းကောင်းတယ်
တရုပ်စကားပွင့်လို့လည်း ခေါ်တယ်။ အကြော်ပန်းလို့လည်းခေါ်တယ်။ တရုပ်စကားကို အင်္ဂလိပ်လို Chinese Champac လို့ခေါ်ပြီး ရုက္ခဗေဒလို Apocynaceae မျိုးရင်းထဲကတဲ့။ Magnolia champaca ပန်းနဲ့ဆင်တယ်။ အဲတာကတော့ အိန္ဒိယကလာတာ။ တချို့က တရုတ်စံကားလို့ ရေးကြတယ်။ အသံထွက်မှာ တရုပ်စကား (တရုပ်ဇဂါး) လို့ထွက်တယ်။
စစ်ကိုင်းတောင်ရိုးမှာ အလွန်ပေါတာ အမှတ်ရတယ်။ မန္တလေးတောင်မှာလည်းရှိတယ်။ အိမ်တွေမှာ တွေ့ရခဲပြီး ဘုန်းကြီးကျောင်းတွေ ဘုရားတွေမှာ ပေါတယ်။ နယူးဒေလီ ရှစ်လေးလုံးဘုန်းကြီးကျောင်းမှာလည်းရှိတယ်။ အပွင့် အဖူးလေးတွေကို သုပ်စား၊ အရွက်နုနုကို ရေနွေးနဲ့ဖျောပြီး တို့စားတယ်။ ငံပြာရည်ချက်နဲ့ လိုက်တယ်။
ကျွန်တော့ဇာတိ မင်းရွာဘုန်းကြီးကျောင်းမှာ ငယ်ငယ်ကတည်းကရှိတဲ့ တရုပ်စကားပင်ကြီးကို ၂၀၁၈ ခုနှစ်က အလည်ရောက်တော့ နှုတ်ဆက်ခဲ့သေးတယ်။ ကျွန်တော့်ထက်အသက်ကြီးပြီ။ ပွင့်နေတုန်း။ မွှေးနေဆဲ။
စကားပန်း စံကားပန်း စပယ်ပန်း စံပယ်ပန်း
မြန်မာအဘိဓာန် အကျဉ်းချူပ် (၁၉၇၈)
စံကား
အနံ့မွှေးသောပန်းများ ပွင့်သည် သစ်ပင်ကြီး။ (အဝါရောင်ပန်း ပွင့်သောအပင်၊ အဖြူရောင်ပန်း ပွင့်သောအပင်၊ အနီရောင်ပန်း ပွင့်သောအပင်ဟူ၍ အမျိုးမျိုးရှိသည်။ ကတ်ုန်လ၏ ရာသီပန်းဟု အမှတ်ပြုသည်။)
စပယ်ပွင့်ဖြူ၊ ရွှေတူစံကား၊ ချရားပွင့်ဝန်း။
စံကားစိမ်း
အရောင်စိမ်းဝါ၍ ရနံ့မွှေးသော ပန်းများအတွက် ဥယှာ်ဉ်ခြံမြေတို့တွင် စိုက်ကြသည့် သစ်ပင်ကြီး။ ကတတ်ငန်းပင်။ (စကားစိမ်းဟုလည်း တွေ့ရသည်။)
စံကားရွက်
လှေဦးတုံး၏ ပြားချပ်သောအပိုင်း။ (စကားရွက်ဟုလည်း တွေ့ရသည်။)
စံပယ်ပျံ့ပျူး၊ စံပယ်ဖူး၊ လှေဦးစံကားရွက်။
ထို့ကြောင့် စပယ်ပန်းနဲ့ စံပယ်ပန်း မူကွဲ။ စကားပန်းနဲ့ စံကားပန်း မူကွဲ။
သတိပြုရန်မှာ -
- စံပါယ် မှားတယ်။ အပါယ် = ချမ်းသာမရှိသော၊ ဒုက္ခအတိဖြစ်သောဘုံ၊ (အပါယ်) ဟာ (အပါယ) ပါဠိကနေဆင်းသက်တယ်လို့ ထင်နေတယ်။ အပါယ = ထွက်သွားခြင်း၊ ခွဲခွါခြင်း၊ ပျက်စီးခြင်းလို့ အဓိပ္ပါယ်ရတယ်။
- သင်ပုန်းကြီးလင်္ကာမှာ စပယ်လို့သ ရေးရမယ်။ သေးသေးတင် မပါရ။
- တရုပ်လို့သာ အရင်က ရေးကြတယ်။ တရုတ်က နောက်ပေါက်။ တဝမ်းပူတွေကို မလိုအပ်ဘဲ စသတ်ခိုင်းရာကနေ အထင်တော်တလွဲကောက်သူတွေက အလုပ်ခေါ်စာတခုမှာ တစ်ရုတ်စကား တတ်ရမည်တဲ့။ မြန်မာစာ ပျက်ရော။
တရုပ်စကားပန်းကို အကြော်ပန်း(အကျော်ပန်း)လို့လည်း ခေါ်တယ်။ ပန်းပွင့်အရောင်က အဖြူ + အဝါနဲ့ အဖြူ + ပန်းနီရောင်လို့ ရှိတယ်။ အရောင်ကွဲလေးတွေလည်း ရှိတယ်။
မြန်မာ့စွယ်စုံကျမ်းက တရုပ်လို့သာ ရေးတယ်။ ကျွန်တော်တို့ငယ်စဉ် တရုပ်စကားပန်းနဲ့ အကြော်ပန်းလို့ ရေးကြတယ်။ အပွင့်၊ အဖူးကို ရေနွေးဖျောပြီး သုပ်စား၊ တို့စားလို့ရတယ်။ အရွက်နုနုကိုလည်း တို့စားလို့ရတယ်။ ငံပြာရည်ချက်နဲ့ လိုက်ဖက်တယ်။ စစ်ကိုင်းတောင်နဲ့ မန္တလေးတောင်မှာ ပေါတယ်။ စစ်ကိုင်းတောင်ရဲ့ သင်္ကေတတခုလို့ မှတ်ယူလို့ရတယ်။ နယူးဒေလီ ရှစ်လေးလုံးဘုန်းကြီးကျောင်းမှာလည်း ရှိတယ်။
သင်ပုန်းကြီး
စပယ် တကုံး
ဘယ်လို သုံးမလဲ
ပြုံး၍ မေးသည်
မယ်အုံက ဆံထုံးမှာ ပန်မည်
ခုခေတ်ထုတ် စတုတ္ထတန်းမြန်မာဖတ်စာမှာ စံပယ်တဲ့ လေးရုံ၊ ပျိုတို့မောင် မပန်ထိုက် ပန်ပြတ်ခိုက်ကြုံ၊ အပွင့်ရယ်ကုန် တစ်ငုံဖြင့် ကျန်ပါသေးတယ်လို့ ရိုက်ထားတယ်။ ကဗျာခေါင်းစဉ်ကို စံပယ်ရုံလို့ ပေးထားတယ်။ အမှန်က ဘုရားငါးဆူ ပဟေဠိလေးဆစ်ကဗျာဖြစ်ပါတယ်။ တငုံကျန်ပါသေးသာဖြစ်ပါတယ်။
စပယ်တဲ့ လေးရုံ
မလေးကွယ် မပန်ထိုက်
ပန်းပြတ်ခိုက် ကြုံ
အပွင့်ရယ် ကုန်
တငုံ ကျန်ပါသေး
ပန်ချင်သူ ညိုနွဲ့နှောင်းရယ်
ခေါင်း ဖြီးခဲ့လေး။
စပယ်တင်မှဲ့၊ = အထက်နှုတ်ခမ်းစွန်းအနီး ပါးပြင်ပေါ်တွင် ပေါက်သောမှဲ့။
စပယ်ထပ် = နှစ်ထပ်မိုးထားသော ခေါင်မိုး။
စပယ်ကောင်းလျှင် တပွင့်၊ အရွယ်ကောင်းလျှင် အသင့်။
စပယ်ပင် ဇာတ်စခန်း၊ ဘတ်စမ်းပ ဆုံးအောင်၊ လတ်တန်း၍ ထုံးနှောင်သည်၊ ကုန်းဘောင်မြို့အကြောင်း၊ ဘတ်မိလို့ အဆုံးတိုင်လျှင်၊ မမုန်းနိုင်ရှုလိမ့်ထပ်လောင်း။ (ဦးလတ် ရေးသားတဲ့ စပယ်ပင်ဝတ္ထု အမှာ)
ပယ်
စံပယ်သည် (နေထိုင်သည်)
စပယ်ပန်း (အရင်က သင်ပုန်းကြီးဖတ်စာမှာ စ စပယ်ဖြူ မွှေးကြူကြူလို့ရေးတယ်။ စံပယ်ပန်းလို့လည်း အရင်ထုတ်သတ်ပုံစာအုပ်မှာ ရေးတယ်။)
ပန်းစပယ် နန်းအလယ်မပေါ်ခိုက်ဟာမို့ အလိုက်တော် တန်သင့်အောင်လို့ ခံပွင့်ကိုကုံး။ ပန်းစပယ် နန်းအလယ် တကယ်လှိုင်တော့ ခံပန်းခိုင် ယာယီရွေ့တယ် တောလေ့ရွာသုံး။ (ခင်နှင်းယု)
ပြေးကြိုတော့ထွေးညို
ပန်းစပယ် နန်းအလယ်မပေါ်ခိုက်ဟာမို့ အလိုက်တော်တန်သင့်ရုံပ ခံပွင့်ကို ကုံးရတယ်။ တချိန်တုန်းက ထွေးညိုလေးရယ် ဝေးပေမဲ့ မောင်ကြီးဖြေနိုင်တယ်။ ခုတော့ခက်တယ်လေကွယ် မျက်နှာငယ်မလေး ထွေးရယ်။ ထွေးညိုတယောက်တော့ မြေရှင်ယာရှင် စနစ်ဆိုးတွေရဲ့အောက်မှာ ဘဝကိုလက်မြှောက်အရှုံးပေးသွားပြီလို့ တတွတ်တတွတ်ပြောနေတယ်။
ပြေးကြိုတော့ထွေးညို (ရေး / ဆို တွံတေးသိန်းတန်) https://www.youtube.com/watch?v=GxI7Qq3cJVM
ဒေါက်တာတင့်ဆွေ


Comments
Post a Comment