သူငယ်ချင်းတယောက်ရဲ့ ဇနီးမိခင် ကွယ်လွန်သွားတယ်။ မိခင်ကြီးဟာ အဝေးကြီးမှာနေရတဲ့ သမီးဆီကလာတဲ့စာကို ဖတ်နေတဲ့ပုံ တင်တယ်။
ဆရာတင်မိုးကတော့ အမေ့စာကိုဖတ်တဲ့အကြောင်း ကဗျာရေးတယ်။
ဒီလိုဘဲ မိသားစုတွေမှာ မိဘဆီကစာကို သားသမီးတွေက၊ သားသမီးတွေဆီကစာကို မိဘတွေက ဖတ်ကြရတယ်။
အဲဒီခေတ်မှာ စာရွက်ပေါ်မှာ ဖေါင်တိန် (ဘောပင်) နဲ့ ရေးကြရတယ်။
ဆရာတင်မိုးအမေကတော့ ခဲတံကို တံတွေးဆွတ်ရေးပါသတဲ့။
"အလွမ်းပြေစာတစောင်"
အလွမ်းပြေ အမေရေးတဲ့
ကောက်ကွေးကွေး အက္ခရာ။
ခဲတံကို တံတွေးဆွတ်လို့
ဖျက်ပွတ်ရာအစုံစုံနဲ့
စာသတ်ပုံ မမှန်ကန်လဲ
အမေ့ဉာဏ် ဘယ်လိုကောင်းပါလိမ့်
ပျောင်းညွှတ်သည့်စာ။
ဖိုးသာယာကျောင်းမှာတုန်းဆီက
သင်ပုန်းကုန် ကျွတ်အောင်မတတ်သော်လဲ
အမေ့မှာ စေတနာဓာတ်တွေက
ဖြတ်ကနဲ ယိုလို့လာ
လွမ်းစာတဲ့ ဆောင်းပါး။
အမေမရှိသော်လဲ
ဖြေမိ ဖြေစရာပေါ့
သည်လွမ်းစာ သည်လက်ရေးရယ်က
ပဲတီချဉ် သွယ်သွယ်ကွေးလိုပ
စီရေးပုံ မပြေပါလဲ
စေတနာ အလွန်သန့်တာမို့
အမေ့စာ တကယ်ခန့်တယ်
အံ့မိပါတကား။ (တင်မိုး၊ အလယ်တန်းပြကဗျာ) (ပန်းချီ ကိုလင်း)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment