မြို့က နယ်သို့၊အပို့ ခံရ
ဆရာမလေး၊ ဖြူသေးသေးက
အလှပျက်မတတ် ညည်းရှာတယ်။
“ကျမမှာ...
မြို့စာသင်ခန်း၊ လှမ်းဝင်တဲ့ခါ
သင်းလိုက်တာ၊ ပေါင်ဒါရနံ-ရေမွှေးနံ့
မက်စဖက်တာနံ့ ၊ ဂိုယာနံ့”တဲ့။
“ကျမမှာ…
တောစာသင်ခန်း၊ လှမ်းဝင်လိုက်ရာ
ညှီလိုက်တာ၊ နေရာအနှံ့ ချွေးသံနံ့
ချေးနံ့ ညှော်နံ့ ၊ ကျွဲနွားနံ့”တဲ့။
ဟုတ်တာပ-
ဟုတ်တော့ဟုတ်တာပ၊ ဆရာမရဲ့
မြို့ကကျောင်းသား၊ ကျောင်းသူအများဟာ
ဇိမ်ကားကိုယ်ပိုင်၊ စီးနိုင်ကြတော့
ဘယ်က ချွေးလာကျမလဲ။
မှောင်ခိုဈေးက၊ ရတဲ့ဂိုယာ
မက်စဖက်တာနဲ့၊ မြို့မှာကျောင်းသူ
သင်းကြိုင်ကြူ မပေါ့။
တကယ်တော့ကာ၊ ဆရာမရာ
မက်စဖက်တာ၊ ဂိုယာနံ့ ဟာ
သစ္စာဖျက်နံ့၊ မှောင်ခိုနံ့ပေါ့
ကျေးနံ့ ကျွန်နံ့ ၊ သူခိုးနံ့ပေါ့။
ကျုပ်တို့တောမှာ၊ ထွန်ရာ ယက်ရာ
ချက်ပြုတ်ရာက၊ ကပျာကရာ
ပြေးလွှားလာရ၊ ချွေးတွေကျတော့
ဘယ်ကမွှေးမလဲ၊ ချွေးနံ့ မြေနံ့နံမှာပေါ့။
တောင်သူလယ်သမား၊ သားသမီးက
ရတဲ့အနံ့ ၊ ချွေးနံ့မြေနံ့ ၊ ချေးညှော်နံ့ပေါ့
နွားနံ့ ကျွဲနံ့ ၊ ကြက်ဝက်နံ့ပေါ့
လယ်နံ့ ယာနံ့ ၊ ဆီဆန်နံ့ပေါ့
ကျေးဇူးရှင်နံ့၊ သခင်နံ့ပေါ့
ချွေးနံ့ထဲမှာ၊ အလှရှာလေ
ဆရာမလေး ဖြူသေးသေး။
မောင်စွမ်းရည် ငွေတာရီမဂ္ဂဇင်း (၁၉၆၈ ဩဂုတ်လ)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment