Skip to main content

ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာလ စာရေးလို့ ထားချင်လှတယ်

ဒေါင်းယာဉ်ပျံ  ဘုံနံဘေးမှာလ

စာရေးလို့  ထားချင်လှတယ် 

မောင်ချစ်တီးအိုးစည်ရယ် 

အောင်မအောင်

ရိပ်ရောင်သိပါဘိ၊

မောင်ချစ်တီးအိုးစည်။  ။

သာဘက်က သူမြည်တယ်

ကြံစည်နိုင်ပါပေ့၊

တဖက်လှည့် စေတနာကို၊

ဆွေမဟာ တွေ့ကြုံရ၍။  ။

ကံမှေးတဲ့ ခေတ်ဆီမှာ

ချစ်မညီသွေလေ့။

သည်ဖေလို ပွေ့ခေါင်ကြွေ့ကို၊

နောင်တွေ့ရင် ကွင်းမယ်။

ဒေါင်းယာဉ်ပျံ 

ဘုံနံဘေးမှာလ

စာရေးလို့ ထားချင်လှတယ် 

ကပ္ပဋ္ဌိ ငါးသွယ်မှာ၊

တပါးမယ် ဆူလှိုက်လို့

ပူခိုက်ကို သူသုန်မှုန်၊

အေးမှရိပ်လှုံ၊

ဘဝတိုင်း သည်ပုံလို၊

နောင်ကြုံမှာ

ကြောက်လွန်းလို့လေး။  ။ 

အထက်ပါတေးထပ်ကဗျာကို သီကုံးစပ်ဖွဲ့သူမှာ ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီးနှင့် အလယ်နန်းမတော် ဆင်ဖြူမရှင်မိဖုရားကြီးတို့မှ ဖွားမြင်တော်မူသော သမီးတော်အကြီး မိုင်းနောင်မြို့စား

ထိပ်စုဘုရားကြီးပင်ဖြစ်သည်။ ဆင်ဖြူမရှင်မိဖုရားကြီးမှ သမီးတော်သုံးပါးထွန်းကားဖွားမြင်ခဲ့သည်။ ထိပ်စုဘုရားကြီးအောက်တွင် မြတောင်ထိပ်စုဘုရားလတ်နှင့် ရမည်းသင်းမြို့စား ထိပ်စုဘုရားထွေးတို့ဖြစ်ကြသည်။မြတောင်ထိပ်စုဘုရားလတ်မှာ သီပေါမင်း၏မိဖုရားခေါင်ကြီးဖြစ်လာပြီး ရမည်းသင်းစုဖုရားထွေးကိုမူ နောင်တွင် သီပေါမင်းက သိမ်းပိုက်လေသည်။သမီးတော်သုံးပါးစလုံး ဂီတအနုပညာကို ဝါသနာထုံကြသည်။

တေးထပ်ကဗျာများကိုလည်း စပ်ဖွဲ့ခဲ့သည်။

အထက်ဖော်ပြပါ ထိပ်စုဖုရားကြီး၏တေးထပ်သည် ရင်နာစရာသူ၏ ဘဝအတွေ့အကြုံကို ခံစားချက်အပြည့်အဝနှင့်ဖွဲ့စပ်ထားသည့် တေးထပ်ဖြစ်၍ ရသလည်းအလွန်မြောက်သည်။ အနက်အဓိပ္ပါယ်လည်းလေးနက်လှသဖြင့် ချီးမွမ်းနည်းယူသင့်သော တေးထပ်တ ပုဒ်ဖြစ်သည်။ သို့သော် သူခံစားခဲ့ရသောဘဝတ ကွေ့၏ အကြောင်းရင်းကို မသိပါလျှင်ကား ဤတေးထပ်သည် သာမန်တေးထပ်တ ပုဒ်အဖြစ် စာပေနယ်ပယ်တွင် သွတ်သွင်းခြင်း ခံရပေလိမ့်မည်။ သူ၏ခံစားခဲ့ရသောဘဝဇာတ်ကြောင်းကို သိရလျှင်မူကား သူ့ကို သနားမိ၊ ကိုယ်ချင်းစာမိမည်သာ ဖြစ်ချိမ့်မည်။

သူ၏မယ်တော် အလယ်နန်းမတော်မိဖုရား ဆင်ဖြူမရှင်သည် ၁၂၄၀ ခုနှစ်တွင် မင်းတုန်းမင်းကြီးနတ်ရွာစံပြီးသည့်နောက် ထီးနန်းမွေဆက်ခံရန် သူ့သမီးအလတ်နှင့် မေတ္တာမျှနေသော သီပေါမြို့စားမင်းသားကို ရွေးချယ်လိုက်လေသည်။ ဘုရင်ကြီးကွယ်လွန်ပြီး မကြာမတင်ပင် သီပေါမင်းအား နန်းသိမ်းဘိသိက်သွန်းမင်္ဂလာပွဲကို ခံယူစေသည်။လွန်စွာကြီးကျယ်ခမ်းနားသော နန်းသိမ်းပွဲမဟုတ်သော်လည်း

ဘိသိက်နန်းပေါ်တွင် မိဖုရားနှစ်ပါး နှင့်အတူ ပုဏ္ဏားများအား ဘိသိက်သွန်းလောင်းစေခဲ့သည်။ မှူးကြီးမတ်ရာ သေနာပတိ ဗိုလ်ချုပ်ကြီးတို့ကိုလည်း ဖိတ်ကြားထားသည်။

ဤသို့ ရွှေလက်တွဲ နန်းပွဲဘိသိက်ကို မိဖုရားနှစ်ပါးနှင့်ခံယူရာ၌ စုဖုရားကြီးအား တောင်နန်းမတော်အဖြစ် သီပေါမင်း၏ယာဘက်မှာနေစေပြီး စုဖုရားလတ်ကိုမူ သီပေါမင်း၏ဝဲဘက်(မြောက်နန်း)ထိုင်နေစေသည်။

ဒိုင်းဝန်းမင်းကြီး၏သမီး အချောအလှ ဒိုင်းခင်ခင်ကိုလည်း ထိုနေ့ပုဏ္ဏားတော်တို့က ဘိသိက်ပန်းများကို ကိုင်ဆောင်ကမ်းလှမ်းစေဖို့ စီစဉ်ထားဆိုသည်။ 

ပုဏ္ဏားတော်များက သျှန္တီမင်္ဂလာ ဘိသိက်တော်မန္တန်များကိုရွတ်ဆိုလိုက်သည်နှင့် တ ပြိုင်နက် သမီးတော်စုဖုရားလတ်သည် သီပေါမင်း၏ဝဲဘက်နေရာမှ ရုတ်တရက်ထလာပြီး နောက်ပိုင်းမှဝင်၍ သီပေါမင်းနှင့်စုဖုရားကြီးတို့အကြား အလယ်သို့အမတော်ကို ဘေးသို့တွန်းဖယ်၍ တိုးဝင်ထိုင်လိုက်သည်။ ပုဏ္ဏားတော်များက ဘာလုပ်ရမှန်း မသိအောင် ငိုင်နေစဉ် စုဖုရားလတ်က " ဘိသိက်ကို ဆက်မြှောက်" ဟု အမိန့်ပေးလိုက်သဖြင့် ဆက်မြှောက်ကြရသည်။

မင်းမှူးမတ်များ လှုပ်လှုပ်ရွရွ ဖြစ်သွားကြလေသည်။ မယ်တော်ဆင်ဖြူမရှင်လည်း မြင်တော်မူပါသည်။

ရာဇဣန္ဒြေပျက်ယွင်းမည်ကို ထောက်ညှာ၍ မည်သို့မျှမဆို။ သီပေါမင်းကလည်း မည်သိုမျှမမိန့်။

မေတ္တာတော်မျှ၍ မေတ္တာစာတော်များ ဆက်သခဲ့ဖူးသူ အနားသို့ရောက်လာလျှင်ပင် ကိုယ်ကိုအနည်းငယ် ဘေးသို့ချဲ့ပေးလိုက်သေးသည်ဟု ဆိုသည်။

ထိပ်စုဖုရားကြီးဖြစ်သူ အစ်မတော်သည် အလွန်ရှက်လှသဖြင့် ဘိသိက်ပွဲအပြီး ချုံးချ၍ငိုတော်မူလျက် မယ်တော်၏အဆောင်နန်းသို့ စံမြန်းတော်မူလေသည်။ 

စုဖုရားလတ်မှာမူ သီပေါမင်းအဆောင်မှာပင် စံစားနေပြီး အမတော်အဆောင်သို့ မကူးသန်းရန် ပိတ်ပင်ထားခဲ့လေသည်။သီပေါမင်းသည် စုဖုရားကြီး၏အဖြစ်ကို လွန်စွာသနားတော်မူလေသည်။ မေတ္တာစာတေးထပ်များရေး၍ တောင်းပန်သည်ဟု သိရသည်။ 

ထိပ်စုဖုရားကြီးသည် အရှက်တော်မပြေလှ၍ မျက်ရည်နှင့်မျက်ခွက်သာ.ရှိရလေသည်။

ဖြစ်ခဲ့သောအရေးတွင် ဘုရင်လုပ်သူက မည်သို့မျှမိန့်တော်မမူဘဲ တ ဖက်လှည့်စေတနာဖြင့် သူ့ထံမေတ္တာစာပေး၍၊

ဆက်သွယ်သူညီမအပေါ်သာ အရေးပေးခြင်းကို သူမခံနိုင် ရှိရတော့သည်။ သီပေါမင်းထံ စာရေး၍ပြောချင်သော်လည်း မတတ်သာခဲ့။ ထို့ကြောင့် အထက်ဖော်ပြပါတေးထပ်ကို ရေးစပ်ဖွဲ့ဆိုပြီး မယ်တော်ဆင်ဖြူမရှင်ထံ ဆက်သလေသည်။ မယ်တော်မှ တဆင့် ဘက်တော်လိုက်အချစ် မတူညီသော သီပေါမင်းသားကို သူသိစေချင်ပါသည်ဟုဆိုသည်။

သူ၏တေးထပ်တွင် 

မောင်ချစ်တီး၏ အိုးစည်လို 

သာသည့်ဘက်က မြည်သည်ဟု

အပြစ်တင်၍ သူမ၏အချစ်ရေးမညီကြောင်းကို ဖွဲ့စပ်ဆိုခဲ့သည်။

ထိုအခါက အောင်ပင်လယ် ကံကောက်ရွာသားတ ဦးဖြစ်သူ မောင်ချစ်တီး၏အိုးစည်ဝိုင်းအဖွဲ့သည် အလွန်ကျော်ကြားလှသည်။ ယင်းကံကောက်ရွာတွင် မင်းတုန်းမင်း၊ သီပေါမင်းတို့လက်ထက်တိုင် ကျော်ကြားသော မောင်ချစ်တီးသည် ယင်းရွာရှိ ဇေရာပါတီလူမျိုး အီဗျာဟင်နှင့် ဒေါ်လွမ်းပုံတို့မှ မွေးဖွားသော ကုလားကပြားလေး မောင်ချစ်တီးဖြစ်သည်။

သူ၏ရုပ်ရည်မှာ ကုလားကပြားသဖွယ် မျက်နှာပေါက်ရှိ၍ မောင်ချစ်တီး ခေါ်သည်ဆိုသည်။ မောင်ချစ်တီးသည် ငယ်စဉ်အခါကပင် တူရိယာဂီတဘက်၌ ဝါသနာထုံသည်။ ငယ်စဉ်ကပင် ရွာအိုးစည်ဝိုင်း၌ သူမပါလျှင်မပြီးသလောက် နာမည်ကြီးသူဖြစ်သည်။ သူ၏အိုးစည်သံသည် နေ့တီးလျှင် သုံးမိုင်ပတ်လည်ရှိရွာများမှ ကြားရသည်။ ညတီးလျှင် လေးမိုင်ပတ်လည်ရှိရွာများမှ ကြားနိုင်သည်ဟု သိရသည်။ လက်သံအလွန်ပြောင်သည်။ လက်သံအလွန်ဟိန်းသည်။  ထိုအခါ ကျေးရွာများ၌ ကောက်စိုက်ပွဲများရှိသည်။ထိုအခါက လယ်မြေကို ပယ်နှင့်တွက်သည်။

လယ်တ ပယ်ကို လယ်တ ပွဲဟုခေါ်သည်။ လယ်တ ပယ်သည် ယခုခေတ် တ ဧကခွဲခန့်ရှိသည်ဆိုသည်။

တောရွာအချင်းချင်းကောက်စိုက်ပြိုင်ကြရာ၌ လယ်သုံးပွဲ ငါးဧကခန့်ကို ကောက်စိုက်သူကြီးက ကောက်စိုက်သမ ၂၀ စီထား၍ နေအထွက်မှ စ၍ပြိုင်ကြသည်။

 ထိုအခါ မောင်ချစ်တီးတို့လို အိုးစည်ဝိုင်းများက ဘေးကနေ၍ အားပေးကာ တက်ကြွအောင် အိုးစည်သံဖြင့် လှုံ့ဆော်ပေးရသည်။ 

မောင်ချစ်တီး၏အိုးစည်သည် အလွန်လက်သံပြောင်၍ သူ၏အိုးစည်အသံကိုကြားရလျှင် အလွန်အားတက်ရသည်။ လယ်သူမများ ကြွကြွရွရွရှိသည်။ သူပါလျှင် မည်သူမျှမခံနိုင်

သူကသာအနိုင်ရလေတော့သည်။

သူ့အိုးစည်တွင် "အနှိုးတီး၊ အပြင်းတီး၊ အယိုင်တီး" ဟူ၍ ရှိသည်ဆိုသည်။ သူ၏အိုးစည်သံဖြင့် ကောက်စိုက်သမများ မြူးကြသည်။

ဖင်တကြွကြွ ရှိကြသည်။ သူပါလာလျှင် ထိုသူ့ဘက်က နိုင်စမြဲဟု သိရသည်။ 

သို့သော် သူကလည်း အလွန်ပါးနပ်သည်။ ကောက်စိုက်သမများ၏အရည်အချင်းကိုကြည့်ပြီးမှ  အတီးလိုက်သည်။ နိုင်သည်ဟုသေချာမှသာ ထိုသူတို့ဖက်က လိုက်တီးတတ်သည်။

စုဖုရားကြီးသည် နှစ်စဉ်မင်းတရားကြီးလယ်ထွန်မင်္ဂလာထွက်စဉ်အခါက အောင်ပင်လယ်တ ဝိုက်သို့ လိုက်ပါလာဖူး၍ မောင်ချစ်တီး၏သတင်းကို သူကိုယ်တိုင်သိရသည်။ ထို့ကြောင့် သူ၏တေးထပ်တွင်-

အောင်မအောင် ရိပ်ရောင်သိပါဘိ၊ မောင်ချစ်တီးအိုးစည်၊ သာဘက်ကသူမြည်တယ်ဟူသောဥပမာကို သူထွန်းပြထားခြင်းဖြစ်ပေသည်။

နန်းသိမ်းဘိသိက်ပွဲကျင်းပသည့်အခါကအဖြစ်အပျက်သည် သူ့ရင်တွင်း ဗလောင်ဆူနေသည်။သူ၏ရင်ထဲကခံစားချက်ကို ဖော်ပြပါတေးထပ်ညည်းချင်းဖြင့် ဖြေသိမ့်နေဟန်တူပါသည်။

"ဪ... နန်းသိမ်းဘိသိက်ပွဲအခမ်းအနားတုန်းက အဖြစ်အပျက်ကဖြင့် ရင်နာစရာပါပေပဲကလား၊

သူလေ...သူပေါ့၊ မောင်ချစ်တီးအိုးစည်လို သာဘက်ကသာ သူမြည်တတ်သည့်သူပေပဲ၊ အခုလည်း သူချစ်နေသည့်သူက စုလတ်မဟုတ်လား၊ သူဘက်လိုက်ရတော့မှာပေါ့၊

ဪ..စဉ်းစားလိုက်ရလျှင်ဖြင့်...

အတော်ဘက်လိုက်တတ်သည့်သူပဲနော်၊ တ ဖက်လှည့်စေတနာဆိုတာ ဒါမျိုးထင်ပါရဲ့နော်။ တ ဖက်လှည့် တ ပတ်ရိုက်ပြီး စေတနာဟန်ဆောင်နေပုံမျိုးကိုဖြင့် ယခုအခါမယ် ကြုံတွေ့နေခဲ့ရပြီပေါ့နော်။

ဪ...ငါကလည်း မှေးမှိန်နေတဲ့အခါပေပဲကလား။

ညီမအချင်းချင်းဖြစ်ကြတာ သူသိသားပဲဟာ၊ အချစ်မညီနိုင်တာဖြင့်

ငါကလည်း သွေဖီနေလို့သာပေါ့။

သူကဘုရင်ပဲမဟုတ်လား၊ သူပြောသင့်တယ်၊ ဟိုနေ့က ပြောနိုင်ရက်သားနဲ့ ဘာမှမမြွက်ကြားဘူး။

ဒီလိုပွေပွေလီလီအခေါင်အဖျားက

ချစ်မညီ သဘောထားတဲ့သူကို 

နောင်တွေ့ရင် ကွင်းရှောင်နေတာက ကောင်းမယ်။ သည်လိုလူမျိုးအကြောင်းကို ဒေါင်းယာဉ်ပျံနံဘေးမှာ သူ့ရုပ်ပုံနဲ့ စာရေးသားထားချင်လှပါတော့တယ်။

ရှေးအခါက ကမ္ဘာအဆုံးတည်သော ကပ္ပတိအရာလေးပါးတွင် ဘုရားလောင်း၏ ကျူမင်းတော၊ 

မီးကွင်းသော ငုံးမင်းတော၊ 

ရေမဆွတ်သော ဃဋိကာရအိမ်နှင့်

လတွင်သိကြားမင်းရေးသားထားခဲ့သော ယုန်ရုပ်လေးပါးတွင် နောက်ထပ်တိုး၍ ငါးခုမြောက် 

ကပ္ပတိအဖြစ် ရေးထားလိုက်ချင်ပါတော့သည်။ယခုအခါမယ်တ ပါးမှာဖြင့် ဘဝင်လှိုက်ဆူပြီး အရှက်နှင့်အကြောက်ကတော့ အသည်းနာလုအောင် ခံစားနေရပါပြီကွယ်။ကိုယ့်ဘဝအကြောင်းကို အသည်းနာပူဆွေးနေခိုက်မှာပင် သူ့တို့ကိုကြည့်ရတာလည်း သုန်သုန်မှုန်မှုန်ချည်း ရှိနေကြ လေတော့ သည်အကြောင်းတွေ အေးဆေးသွားသည့်အခါကျမှ

သူတို့ကို ခိုလှုံကြရတော့မှာပါပေကလား။  ရှင်ဘုရင်နဲ့ ညီမက မိဖုရားခေါင်ကြီးလေ။

ဪ..ဘဝအဆက်ဆက်တိုင်း သည်လိုပုံမျိုးကိုဖြင့် နောင်မကြုံရစေသားဟု ဆုတောင်းပါတယ်။

ဒါမျိုးတွေ နောင်ဘဝတိုင်းမှာ ကြုံတွေ့ရမှာ ကြောက်လွန်းလှပါတော့တယ်ဘုရား...။

သူ၏ ညည်းချင်းတေးထပ်သည်

သီပေါဘုရင်မင်း၏လက်ဝယ်သို့ ရောက်သည်မရောက်သည်ကိုမသိရ။ သီပေါမင်းကဖြင့် ဘိသိက်တုန်းက ဖြစ်ပျက်ရသည့်အချက်ကို သူအလွန်စိတ်မကောင်းလှပါ။ သနားတော်မူလှပါဘိ။ ရုတ်တရက်ဖြစ်

သည့်ကိစ္စဖြစ်၍ ဘယ်လိုမျှပင်

မတားဆီးနိုင်ခဲ့သဖြင့် အလွန်ဝမ်းနည်းရပါ စိတ်မကောင်းဖြစ်ရပါကြောင်းကို တေးထပ်ရေးသား.ဆက်သခဲ့သည်ဟုဆိုပါသည်။

နန်းမူနန်းရာ မြကေတုစာပေါင်းချုပ်

ဒီတေးထပ်မှာ ပါတဲ့  ဒေါင်းယာဉ်ပျံဘုံဆိုတာ ဘာပါလဲ။ ဘာကို တင်စားထားတာပါလဲ။ စာပေလာ သိသမျှနဲ့ ပြောကြည့်ပါမယ်။ 

စာဆို စလေဦးပုညပဲ ရေးပါတယ်ဆိုတဲ့ တေးထပ်တ ပုဒ်မှာ-

"ဒေါင်းရဝိန်သိဟ်နန်းမှာ၊ ထိန်လျှမ်းလို့ပျော်စံ" လို့ရှိပါတယ်။ ရဝိန်ဒေါင်းယာဉ်ပျံ ဆိုတဲ့ အသုံးလဲရှိပါတယ်။ ဒီလိုဆိုတော့ ဒေါင်းနဲ့တွဲထားတဲ့ 

"ရဝိန်" အဓိပ္ပါယ်ကိုသိရင် ဒေါင်းယာဉ်ပျံ ဘုံဆိုတာ ဘာကိုရည်ညွှန်းတာလဲ သိကြပြီပေါ့။

"ရဝိန်" ဆိုတာ " ရဝိ" ဆိုတဲ့ ပါဠိကသက်လာတဲ့ စကားပါတဲ့။ နေကိုပြောတာပါတဲ့။ ဒီလိုဆိုတော့ 

"ဒေါင်းယာဉ်ပျံဘုံ" ဆိုတာ "နေ" ကို ဆိုလိုတယ်ဆိုတာ ထင်ရှားပါပြီ။

ဒါဆိုရင် နေကို ဒေါင်းယာဉ်ပျံဘုံလို့ဘာလို့ပြောတာလဲ။ အခြားသတ္တဝါအမည် မတပ်ဘဲ ဘာဖြစ်လို့ ဒီငှက်အမည်တပ်ရတာလဲ။ ဒေါင်းက အမြီးဖြန့်လိုက်ရင် နေလင်းသလို ဖြစ်သွားလို့လား၊ ဒေါင်းကလှလို့လား။ ဒီလိုဟုတ်ပုံမရပါ။

မန်လည်ဆရာတော်ဘုရားကြီးက 

မဃဒေဝလင်္ကါ ပိုဒ်ရေ (၃၅၈)မှာ-

"အာဒိကပ္ပ အမည်ရသား ကမ္ဘ့ာကျမ်းလာ နေလမှာလျှင် ကမ္ဘာဦးက အစဉ်စ၍ အန္တရတိုင်း အပိုင်းမလွန်

တမနွန်တမျိုး ပေါ်ရိုးထပ်ထပ် 

ရုပ်မစပ်ဘဲ တကယ်တပုံ ထင်တုံရေဘွဲ့ ခြောက်ဆယ့်လေးရုပ် 

သင်္ချာချုပ်၏ ခုပစ္စုပ္ပန် ဝတ္တမာန်၌

ဤအန်တရ ဧကာဒကား

လမှာယုန်ရုပ်

နေဒေါင်းရုပ်တည့်၊ နေရုပ်,လရုပ်

ကမ္ဘာရုပ်လည်း ဖြစ်ချုပ်လက္ခဏာ

မမြဲစွာဘူး" လို့ဖွဲ့ပါတယ်။နားလည်လွယ်အောင် ပြောရင် အန္တရကပ် ၁၁ ကပ်မြောက်မှာ လ မှာ ယုန်ရုပ်၊

နေမှာ ဒေါင်းရုပ် ပေါ်မယ်လို့ အာဒိကပ္ပကျမ်းမှာ လာတယ်လို့မိန့်တာပါ။

အာဒိကပ္ပကျမ်းမှာက-

"ဧကဒသ အန္တရကပ်တွင် လဝန်း၌ ယုံရုပ်ကဲ့သို့ထင်၏။ ပဉ္စဝိသတိမ

အန္တရကပ်တွင် လဝန်း၌ ဥဒေါင်းရုပ်ကဲ့သို့ ထင်၏။နေကိုလည်း လကဲ့သို့

အစမှအဆုံးတိုင်အောင် ယူလေအပ်၏" လို့ ဆိုထားတယ်လို့ သိရပါတယ်။ဒီနေရာမှာ ပြောလိုရင်းလည်းမဟုတ်။ စာလည်းသိပ်ရှည်နေမှာစိုးလို့ ဇာတ်အဋ္ဌကထာမှာလာတယ်ဆိုတဲ့ -

ထုံးမတိမ်၊ ငုံး,အိမ်,ကျူ.,လ နှယ် တူမျှစံနှိုင်း။ ထပ်တညီ ကပ္ပဋ္ဌီတင်ထိုက်တဲ့ ခင်သိုက်ညာမေနှင့် ငါးဆင့်သမိုင်းဘာညာတွေကိုတော့ မတင်ပြတော့ပါဘူး။ ဒီတော့နိဂုံးချုပ်ရရင် " ဒေါင်းယာဉ်ပျံဘုံ" ဆိုတာ " နေ" ကိုပြောတာဖြစ်ကြောင်း၊ အာဒိကပ္ပကျမ်းအလိုအရ ပြောခြင်းဖြစ်ကြောင်း မှတ်သားမိပါတယ် ။ (Zeyar Myat)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ