ရှေးခေတ် ပေစာရေးသော ကျောင်းစာရေးများမှာ များသောအားဖြင့် မြန်မာစာ ဗဟုသုတ ကြွယ်ဝသူများ မဟုတ်ကြ၍ သတ်ပုံ အမှားများကိုလည်း တွေ့ရတတ်သည်။ ယင်းသို့ သတ်ပုံအမှားပင် ဖြစ်စေကာမူ ပေတွင်ရှိသည့်အတိုင်း ရေးကူးသင့်ပေသည်။
အကယ်၍ ပေစာကို ပုံနှိပ်မည် ဆိုလျှင် သို့မဟုတ် တနည်းနည်းဖြင့် အသုံးပြုမည်ဆိုလျှင် တည်းဖြတ်သူ ပညာရှင်က ဆင်ခြင်ညှိနှိုင်းပြီး တည်းဖြတ်ရုံသာ ရှိသည်။
ယင်းသို့ ပြုလုပ်ရန်မှာ တည်းဖြတ်သူ၏ တာဝန်သာ ဖြစ်သည်။ ပေစာရေးကူးသူ၏ တာဝန်မဟုတ်ချေ။ ရေးကူးသူမှာ ပေတွင် ရှိသည့်အတိုင်း ရေးကူးရန်သာ ဖြစ်သည်။
အကယ်၍ ရေးကူးသူက ပေတွင်ရှိသော စာလုံးပေါင်းသတ်ပုံ မှားသည်ဆိုကာ ပြင်၍ရေးလိုက်လျှင် ပေမူအမှားတွင် ရေးကူးသူကပါ အမှားရေးမိသဖြင့် ထပ်ပြီးမှားသော အမှားမျိုး ဖြစ်တတ်သည်။
ဝေါဟာရတ္ထပကာသနီ ဧရာဝတီရိုက်မူ၌ `သိုက်တူ၊ မြင်တူ' ဟုရှိသည်ကို ပညာရှင် ဦးဖိုးစိန်က `သိတူ၊ မြင်တူ' ဟု ပြင်၍ ရိုက်ထားသည်။
ပေ၌ `သိုက်တူ၊ မြင်တူ' ရှိသည်။ သိုက်ဝါးနှင့်လည်းတူ၊ ပြင်ဝါးနှင့်လည်းတူ ဟု ဆိုလိုသည်။
စာကြောင်းအဆုံးတွင် စာတစ်လုံးစာသာ နေရာကျန်၍ ရေးရမည့် စာလုံးက `ဖြင့်' ဖြစ်လျှင် `ဖြ' ကိုသာ ရေးပြီး ငသတ် အောက်မြစ်(င့်)ကို နောက်စာကြောင်း အစတွင် ဆက်ရေးလေသည်။……
ဝေါဟာရတ္ထပကာသနီ- (အောက် photo)
``နောက်ဆိုလတ္တံ့၊ အက္ခရာတို့၌လည်း''
``နောက်ဆိုလတ္တံ့သော င အက္ခရာတို့၌လည်း…''
မူလရှိရင်းမှာ
``နောက်ဆိုလတ္တံ့ #ငြ အက္ခရာတို့၌လည်း…'' ဖြစ်သည်။
`သော' ကို အကျဉ်းချုံး၍ သဝေတစ်လုံးတည်း ရေးရမည့် အစား `ခြောက်ကိုသဝေ' ဟူသော သေလအက္ခရာ ရေးနည်းအတိုင်း `ငြ' ဟု ရေးထားခြင်း ဖြစ်သည်။
အဓိပ္ပာယ်မှာ `နောက်ဆိုလတ္တံ့သော အက္ခရာတို့၌လည်း' ဟု ဆိုလိုသည်။
(၆ = ငြ = သော)
သဝ်- သဝ် သည် သော ဖြစ်သည်။
၆- `ခြောက်ကို သဝေ' ဟူသော သေလအက္ခရာနည်းအရ သော ပင်ဖြစ်သည်။
တဝ် - တော ဖြစ်သည်။
(တကိုမူကား တံခွန်လွှားနှင့် ဝသတ်လျှင်မှာ တောဖတ်ပါ။)
သှ် - သည် ဖြစ်သည်။
တှ်း - တည်း ဖြစ်သည်။
မှ် - မည် ဖြစ်သည်။
လှ်း - လည်း ဖြစ်သည်။
နျ်း - နည်း ဖြစ်သည်။
ပစ္စျ်း - ပစ္စည်း ဖြစ်သည်။
အံ - အနက် ဖြစ်သည်။
ကောံ - ကောက် ဖြစ်သည်။
ကြောံ - ကြောက် ဖြစ်သည်။
လွံ - လက်နက် ဖြစ်သည်။
သွောံ - သွေးသောက် ဖြစ်သည်။
နံပျောက် - အနက်ပျောက် ဖြစ်သည်။
သကြဇ် - သက္ကရာဇ် ဖြစ်သည်။
ခြီး - ခရီး ဖြစ်သည်။
ဆြာ - ဆရာ ဖြစ်သည်။
ဖျား - ဖယား ဖြစ်သည်။
ဖြား - ဖုရား ဖြစ်သည်။
သြီ - သိရီ ဖြစ်သည်။
ငေ်း - ကောင်း ကြောင်း စကားစပ်၍ ယူရသည်။
ငေ့် - ကြောင့် ဖြစ်သည်။
က္ဆုန် - ကဆုန် ဖြစ်သည်။
ဂ္ထါ - ဂါထာ ဖြစ်သည်။
ယ္ခု - ယခု ဖြစ်သည်။
လက် - လက်နက် ဖြစ်သည်။
လကွဲ - လက်ဝဲ ဖြစ်သည်။
လကျာ် - လက်ယာ ဖြစ်သည်။
လ္ဆန်း လ္ဆုတ် - လဆန်း လဆုတ် ဖြစ်သည်။
သ္ခင် - သခင် ဖြစ်သည်။
သ္မား - သမား ဖြစ်သည်။
သ္မီး - သမီး ဖြစ်သည်။
သ္မီား - သားသမီး
စသည်တို့ ဖြစ်သည်။
ဦးမြတ်ကျော် -(စာတည်းမှူး၊ မြန်မာစာအဖွဲ့)
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment