ပျောင်းပြ ပျောင်းပြ၊ တတ,တလျှင်
တည ချုပ်လေ
တနေ ဝင်ပျောက်၊ တမိုးသောက်လည်း
တတောက် ပတ်ပတ်၊ တတွတ်တွတ်ဖြင့်
တဆွတ် တမ်းတမ်း၊ တသမ်းသမ်းနှင့်
တနွမ်း ရိရိ၊ တဖိဖိလျှင်
မချိနိုင်စွာ၊ ရှေးသံသာက
လှူဒါရေစက်၊ စွန့်ဘက် တူစုံ
မကြုံဘူး၍၊ ညှိုးမြေ့မြေ့ကို
တွေ့ရရုံသာ၊ ဝေးလှစွာဟု
ကြမ္မာရိုးတိုင်း၊ ချစ်ကြိုးဆိုင်းလျက်
နောင်ကျိုင်း ရွယ်ပျို၊ ဝိဇ္ဇာဓိုရ်သို့
ကိုယ်ကို ပစ်လွှတ်၊ ပျံဘိတတ်၍
ရံပတ် မြားမြောင်၊ သောင်းခြောက်ထောင်တွင်
ညာတောင် စိုးနေ၊ လှမြုတေနှင့်
မကွေ သက်မျှ၊ ပျော်ပါရမူ
ချစ်စ စုရုံး၊ ညာလက်ရုံးဖြင့်
စက်အုံး ခံခံ
ရှင်ပျံ နွဲ့ချော၊ လွမ်းချင်မောဟု
သဘော ဆုယူ၊ ရွှေနန်းသူကြောင့်
တရူ တရူ
ဆာပူမှိုင်လျက်၊ တသက်သက်နှင့်
ကျိန်းစက် မပျော်၊ မယ့်ဆီမြှော်၍
မူးမော် မူးမော်၊ တကြော်ကြော်ဖြင့်
ခေါ်လည်း မကြား
သွားလည်း မရောက်၊ လွမ်းပင်ပေါက်လျက်
လွမ်းညှောက်လည်း မြင့်၊ လွမ်းဖူးဆင့်၍
လွမ်းပွင့် ကြွေ့ကြွေ့၊ တဖွေ့ဖွေ့သည်
ခြွေ၍ မကြွေ နိုင်တကား။ ။ (ပိုဒ်-၄၇) (ဦးထွန်းညို)
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment